အမေရိကန်က တရုတ်ပို့ကုန်တွေပေါ် အခွန်ပိုကောက်ဖို့ လုပ်နေပြီး တရုတ်ကလည်း လက်တုန့်ပြန်ပြီးတော့ အမေရိကန်ကုန်တွေအပေါ် အခွန်ပိုကောက်မယ်လို့ ကြေညာထား ပါတယ်။ အဲဒီနောက်မှာတော့ ကုန်သွယ်ရေးစစ်ပွဲတခုဆီ ဦးတည်နေပြီလားလို့ ကမ္ဘာ တဝန်း စိုးရိမ်နေကြပြီး အစုရှယ်ယာဈေးတွေ ထိုးကျနေသလို အမေရိကန် လယ်ယာနဲ့ ကုန်ထုတ်လုပ်ငန်းပိုင်းတွေ အထိနာမယ့်အရေးကိုလည်း ပူပန်နေကြပါပြီ။ ဒီအခြေအနေတွေကို စုစည်းပြီး ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်တွေ စပြီးဖြစ်လာတဲ့နေ့ကတော့ မတ်လ ၂၂ ရက်၊ ကြာသပတေးနေ့ဖြစ်ပါတယ်။
“ဒါဟာ အများကြီးထဲက ပထမဆုံးတခုပါ။” လို့ တရုတ်ကနေ အမေရိကန်ပို့နေတဲ့ ကုန် ပစ္စည်းအမျိုးအမည်ပေါင်း ၁,၃၀၀ နီးပါးအပေါ် အခွန်ပိုပြီးချမှတ်ရေး စပြီးလုပ်ဖို့ ညွှန်ကြားတဲ့အမိန့်ကို မတ်လ ၂၂ ရက်နေ့ လက်မှတ်ထိုးချိန်မှာ သမ္မတထရမ့်ပ်က ပြောပါ တယ်။ အခုလုပ်တာက ပထမဆုံးပဲရှိသေးတယ်၊ နောက်ထပ် အများကြီးလာဦးမယ်ဆိုတဲ့ သဘော ရည်ညွှန်းပြောဆိုသွားတာဖြစ်ပါတယ်။
အခု အခွန်တိုးကောက်မယ့် တရုတ်ပို့ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံလောက်အထိရှိပါတယ်။ ဒီလုပ်ဆောင်ချက်အပေါ် သမ္မတထရမ့်ပ်အစိုးရရဲ့ အဓိကအကြောင်းပြချက်တွေကတော့ တရုတ်နဲ့ကုန်သွယ်တာမှာ အမေရိကန်ရဲ့ နှစ်စဉ် လိုငွေပြမှုဟာ ဒေါ်လာ သန်း ၄၀၀ နီးပါး ရှိနေတဲ့ကိစ္စနဲ့ အမေရိကန်ရဲ့ ဉာဏမူပိုင်ခွင့် နည်းပညာတွေကို တရုတ်က ခိုးယူနေတယ် ဆိုတာတွေပဲဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဒီလုပ်ရပ်အပေါ် တရုတ်ဘက်က အခုချိန်ထိ တုန့်ပြန်ထားတာကတော့ သိပ်ကြီး အပြင်းအထန် မဟုတ်သေးဘူး လို့ဆိုရမှာပါ။ ဒါမှမဟုတ်လည်း တဆင့်ချင်း သတိထားပြီးတော့ ချဉ်းကပ် ကိုင်တွယ်နေတဲ့သဘောမျိုး ရှိပါတယ်။ လက်တုန့်ပြန် မယ်လို့ ပထမဆုံးပြောထားတာကတော့ လိုအပ်ရင် အမေရိကန်က တရုတ်ကို တင်သွင်းနေတဲ့ ကုန်ပစ္စည်းအမျိုးပေါင်း ၁၂၈ မျိုး အပေါ် လိုအပ်ရင် အခွန်ပိုချမယ်လို့ ပြောထားတာပါပဲ။
အဲဒီကုန်ပစ္စည်းတွေထဲမှာ အခွန် ၁၅% ပိုကောက်မယ့် သွင်းကုန်တွေထဲ သစ်သီးအမျိုးမျိုး၊ အခွန်မာအစေ့တွေ၊ ဝိုင်နဲ့ သံမဏိပိုက်တွေပါပြီး ၂၅% ထိ ပိုကောက်မယ့် သွင်းကုန်တွေ ထဲ ဝက်သားနဲ့ သံမဏိ ထုတ်ကုန်တွေပါဝင်ပါတယ်။ ဒီကုန်ပစ္စည်းတွေရဲ့ ကုန်သွယ်မှု ပမာဏက ဒေါ်လာ ၃ ဘီလီယံလောက်ရှိတယ်လို့ တရုတ်ကပြောပြီး ဒီပြဿနာအပေါ် နှစ်နိုင်ငံကြား သဘောတူညီချက်မရဘူးဆိုရင် စပြီး အခွန်ချမယ်လို့ ပြောထားတာပါ။
ပြီးခဲ့တဲ့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲအတွင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ အမျိုးသမီး Hua Chunying ပြောသွားတာက လုပ်မယ်လို့ ကြေညာထားတာထက် ပိုပြင်းထန်တယ်လို့ ဆိုရမှာပါ။
“အမေရိကန်ပြည်ထောင်စုက သက်ဆိုင်ရာပုဂ္ဂိုလ်ရဲ့ ပြောဆိုချက်ဟာ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာ ထင်ရှားပါတယ်။ အခြေအနေကို မှားယွင်းသုံးသပ်ထားသလို တရုတ်အနေနဲ့ ကိုယ့်ရဲ့ တရားဝင်အကျိုးစီးပွားနဲ့ အခွင့်အရေးကို ကာကွယ်ဖို့ သန္နိဋ္ဌာန်နဲ့ လုပ်ဆောင်နိုင်စွမ်းကို လုံးဝ လျှော့တွက်ထားပါတယ်။ ဒါ့အပြင် ဒီလိုရည်ရွယ်ချက်ရှိရှိ အဆင်ခြင်မဲ့လုပ်ရပ် ကြောင့် အမေရိကန်က ပြန်ပေးဆပ်ရမယ့် တန်ဖိုးကိုလည်း လျှော့တွက်ထားပုံရပါတယ်။”
Hua Chunying က သမ္မတထရမ့်ပ်ကို နာမည်တပ်ပြီးတော့တော့ ပြောမသွားပါဘူး။ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲရမယ်ဆိုရင်လည်း အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ တရုတ် ဘက်က ပြောထားပါသေးတယ်။ ဒါပေမဲ့လည်း တဘက်မှာတော့ ဒီအငြင်းပွားမှုကို စေ့စပ် ညှိနှိုင်းပြီး ဖြေရှင်းလိုတဲ့သဘော၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကနေတဆင့် ဖြေရှင်းချင် တဲ့သဘောမျိုး တရုတ် တာဝန်ရှိသူတွေဘက်က ပြောထားတာတွေလည်းရှိပါသေးတယ်။
တနင်္ဂနွေနေ့က ဘေဂျင်းမြို့တော်မှာလုပ်တဲ့ တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၁၈ အတွင်း တရုတ်ဒုတိယဝန်ကြီးချုပ် Han Zheng က ကုန်သွယ်ရေးစစ်ပွဲဟာ ဘက်အားလုံး ကိုထိခိုက်စေတယ်လို့ သတိပေးသွားပါတယ်။ ဒါပေမဲ့လည်း တရုတ်ဘက်က နောက်ထပ် ဘာတွေဆက်လုပ်ဦးမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။
“နိုင်ငံတခုဟာ သွားနေတဲ့လမ်းကြောင်းကို ဆန့်ကျင်ပြီး ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူကို ကိုင်စွဲလိုက်ရုံနဲ့တော့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ပြေလည်သွားမှာမဟုတ်ပါဘူး။ တဘက်သတ်လုပ်တာမျိုးနဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး။ ဆိုးရွားတဲ့ အကျိုးဆက်တွေနဲ့ အနုတ်သဘော သက်ရောက်မှုတွေပဲ ဖြစ်စေမှာပါ။ နိုင်ငံတွေဟာ လှေတစင်းထဲပေါ်မှာ ခရီးအတူသွားနေသူတွေလို တန်းတူညီမျှ ဆွေးနွေးညှိနှိုင်းဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါ တယ်။”
အမေရိကန်က ဒေါ်လာ ၆၀ ဘီလီယံဖိုး ကုန်ပစ္စည်းတွေကို ပစ်မှတ်ထားလုပ်ဆောင်ချိန်မှာ တရုတ်ဘက်က ဒေါ်လာ ၃ ဘီလီယံဖိုးလောက်ကိုပဲ ပစ်မှတ်ထားသေးတာမို့ လက်ရှိ အချိန်ထိတော့ အပြင်းအထန် ထိပ်တိုက်တိုးမယ့်အရေးကို ရှောင်နေပုံပါပဲ။
ဒါပေမဲ့လည်း အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေနဲ့ ကုန်ပစ္စည်း ထုတ်လုပ်သူတွေကြား မှာတော့ အကြီးအကျယ် စိုးရိမ်နေကြပါတယ်။ ဒီထဲမှာ အမေရိကန်၊ တရိစ္ဆာန်အရေခွံနဲ့ သားရေလုပ်ငန်းအသင်းရဲ့ဥက္ကဌ Stephen Sothmann လည်း အပါအဝင်ပါ။
“နိုင်ငံအများပါတဲ့ ချဉ်းကပ်နည်းအစား ကိုယ့်တနိုင်ငံထဲကနေ အခွန်ပိုစည်းကျပ်တာမျိုးဟာ တရုတ်ဘက်က လက်တုန့်ပြန်မှာကို ဖိတ်ခေါ်နေသလိုပါပဲ။ အဲဒီလို လက်တုန့်ပြန်တာမှာ ကျနော်တို့လုပ်ငန်းကို ပစ်မှတ်ထားခံရပြီး ကြားညပ်မှာ ကျနော်တို့တွေ စိုးရိမ်နေပါတယ်။ သိသာအောင် ရှင်းပြရမယ်ဆိုရင် အမေရိကန်မှာ ကျနော်တို့ထုတ်တဲ့ ဒီသားရေ ၉၅% ကို ပြည်ပကိုပို့ပါတယ်။ အဲဒီထဲက ၅၀% က တရုတ်ကိုပို့တာပါ။ တရုတ်ဟာ ကျနော်တို့ အတွက် တနှစ်ကို ဒေါ်လာ သန်း ၁,၀၀၀ ဖိုး ဈေးကွက်ကြီးပါ။ ဆိုတော့ အရေးကြီးတဲ့ ဈေးကွက်တခုသာ မကပါဘူး၊ မရှိမဖြစ်ဈေးကွက်တခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အခု အခွန်စည်းကျပ်တဲ့ကိစ္စကနေ ကုန်သွယ်ရေးတင်းမာမှု ပိုတိုးလာပြီး ကျနော်တို့လည်း ထိခိုက်မယ်ဆိုရင်တော့ ကျနော်တို့လုပ်ငန်းအတွက် သိပ်ကိုကြီးမားတဲ့ပြဿနာဖြစ်ပါ လိမ့်မယ်။”
တရုတ်က ပစ်မှတ်ထားမယ့် အမေရိကန်ကုန်ပစ္စည်းတွေထဲမှာ လယ်ယာလုပ်ငန်းကို အဓိက ဦးတည်လိမ့်မယ်၊ အထူးသဖြင့်တော့ ပဲပိစပ်လုပ်ငန်းဖြစ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်ချက်တွေကလည်း အတော်လေးမြင့်မြင့်မားမား ရှိနေပါတယ်။ အမေရိကန် စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍကလူတွေဟာ သမ္မတထရမ့်ပ်ကို အဓိက ထောက်ခံသူတွေပါ။ ဒီထဲမှာ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲတုန်းက သမ္မတ ထရမ့်မ်ပ်ကို မဲပေးခဲ့တဲ့ အီလီနွိုင်းပြည်နယ် ကျေးလက်က ပဲပိစပ်တောင်သူကြီး Randy Poskin လည်း တဦးအပါအဝင်ပါ။
“အခုလို အမေရိကန်ရဲ့ကုန်သွယ်ခွန် စည်းကြပ်မှုပေါ် သူတို့ လက်တုန့်ပြန်လာမှာကို စိုးရိမ်မိပါတယ်။ ကျနော်တို့ထုတ်တဲ့ ပဲပိစပ် ပို့ကုန်တွေအပေါ်မှာရော၊ ကြက်သား၊ အမဲသားနဲ့ ဂျုံ စတဲ့ တရုတ်ကိုသွင်းနေတဲ့ ပို့ကုန်တွေအပေါ်မှာ သူတို့က လက်တုန့်ပြန် လာနိုင်ပါတယ်။”
ပဲပိစပ်လုပ်ငန်းကလူတွေ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်လောက်ပါတယ်။ အကြောင်းကတော့ အမေရိကန် ပဲပိစပ်ထွက်ကုန် စုစုပေါင်းရဲ့ သုံးပုံတပုံကို တရုတ်နိုင်ငံက ဝယ်နေ တာကြောင့်ပါ။ ဒီအကြောင်းရှင်းပြသူက အီလီနွိုင်း လယ်ယာဗျူရိုက Tamara Nelsen ပါ။
“အမေရိကန် ပဲပိစပ် ပို့ကုန်ရဲ့ ၅၁%ဟာ တရုတ်နိုင်ငံကို တင်သွင်းနေတာပါ။ ဆိုတော့ တရုတ်က အမေရိကန် ပဲပိစပ် ထက်ဝက်ကျော်ကို ဝယ်ယူနေတဲ့သဘောပါ။”
တောင်သူတွေကတော့ အမေရိကန်နဲ့ တရုတ်တို့ တဘက်နဲ့တဘက် ခြိမ်းခြောက်ပြော ဆိုပြီး လက်တုန့်ပြန်နေမယ့်အစား သံခင်း တမန်ခင်းနည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြစေချင်ပါတယ်။
လက်ရှိမှာကိုပဲ သိသာတဲ့ သက်ရောက်မှုကတော့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်ရဲ့ အဓိက အစုရှယ်ယာဈေးနှုန်းတွေ ကျသွားတာပါပဲ။ ပြီးခဲ့တဲ့ တပတ်ထဲမှာ တင် ဆုံးရှုံးမှုဟာ နှစ်နှစ်ကျော်အတွင်း အများဆုံးဖြစ်ပြီး တချို့သတင်းတွေအရဆို အမေရိ ကန်က အချမ်းသာဆုံးလူပုဂ္ဂိုလ်တွေရဲ့ ဆုံးရှုံးမှုဟာ ဒေါ်လာ ဘီလီယံ ၆၀၀ လောက်အထိ ရှိခဲ့ပါတယ်။
နှစ်နိုင်ငံကြား စေ့စပ်ဆွေးနွေးဖို့ တောင်သူတွေရော၊ အမေရိကန်လုပ်ငန်းရှင်တွေကပါ လိုလားကြပေမဲ့လည်း အခုချိန်ထိကတော့ အဲဒီလို နှစ်ဘက် စေ့စပ်ညှိနှိုင်းမယ့် အရိပ် အယောင်မျိုး မတွေ့ရသေးပါဘူး။
လာလိုက်စမ်းပါ၊ မကြောက်ပါဘူး၊ ဘယ်သူ ပိုခံနိုင်မလဲ ကြည့်ကြတာပေါ့လို့ နှစ်ဘက်လုံး ကပြောနေတဲ့ ကုန်သွယ်ရေးစစ်ပွဲ တကယ်ပဲ ဖြစ်လာမလားဆိုတာကတော့ ဒီသီတင်းပတ် တွေအတွင်း အဖြေထွက်လာဖွယ်ရှိပါတယ်။