သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်စီးပွားရေး ကမ္ဘာမှာ အလွတ်လပ်ဆုံး


ဟောင်ကောင်စီးပွားရေး ကမ္ဘာမှာ အလွတ်လပ်ဆုံး

ဟောင်ကောင်ကျွန်းဟာ ကမ္ဘာမှာ စီးပွားရေးအရ အလွတ်လပ်ဆုံးဒေသ ဖြစ်တယ်လို့ အမေရိကန် အခြေစိုက် သုတေသီအဖွဲ့က ပြောပါတယ်။

ဗြိတိသျှ လက်အောက်ကနေ ၁၉၉၇ ခုနှစ်မှာ တရုတ်အုပ်ချုပ်မှုအောက်ကို လွှဲပြောင်းခံခဲ့ရတဲ့ ဟောင်ကောင်ကျွန်းဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကစလို့ ကမ္ဘာမှာ စီးပွားရေး လုပ်ကိုင်ဖို့ အလွတ်လပ်ဆုံးဒေသ ဖြစ်တယ်လို့ CATO သုတေသနအဖွဲ့က နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေး လွတ်လပ်မှုဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လွတ်လပ် ပွင့်လင်းတဲ့ ဈေးကွက်၊ စည်းကမ်းတိကျတဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု၊ အခွန်နှုန်း သက်သာမှု၊ သန့်ရှင်းတဲ့ အစိုးရနဲ့ စီးပွားရေး လုပ်လိုသူတွေ တန်းတူအခွင့်အရေး ရရှိမှု စတာတွေကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်တယ်လို့ ဟောင်ကောင်ကျွန်း အုပ်ချုပ်ရေးမှူး ဒိုနယ်လ်ဒ် ဆန်း (Donald Tsang) က ပြောပါတယ်။ စင်ကာပူ၊ နယူးဇီလန်၊ ဆွစ်ဇာလန်၊ သြစတြေးလျတို့လည်း စီးပွားရေး လွတ်လပ်တဲ့ ထိပ်တန်း ၅ နိုင်ငံထဲမှာ ပါကြပါတယ်။

အဲဒီ ထိပ်တန်း ၅ နိုင်ငံနောက်မှာ ကနေဒါ၊ ချီလီ၊ ဗြိတိန်၊ မောရစ်ရှပ်စ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ လိုက်ကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ အဆင့်ကျသွားတာကတော့ အစိုးရက အသုံးစရိတ်နဲ့ ငွေချေးငှားတဲ့နှုန်း များလွန်းနေတာကြောင့် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုင်းပြည်တခုရဲ့ စီးပွားရေးအရ လွတ်လပ်မှုကို ကြည့်တဲ့နေရာမှာ အစိုးရ အရွယ်အစား၊ ပုဂ္ဂလိက ပိုင်ဆိုင်မှု လုံခြုံစိတ်ချရအောင် ဥပဒေက ဘယ်လို အကာအကွယ် ပေးထားသလဲ၊ ငွေချေးငှားလို့ ဘယ်လောက် လွယ်ကူနိုင်သလဲ၊ နိုင်ငံတကာ ကုန်သွယ်မှုနဲ့ ငွေချေးငှားမှုဆိုင်ရာ စည်းမျဉ်း စည်းကမ်း၊ လုပ်အားနဲ့ စီးပွားရေး ပမာဏ စတဲ့ အချက် ၅ ချက်နဲ့ သတ်မှတ်တာ ဖြစ်ပါတယ်။

XS
SM
MD
LG