သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်လက်ထက် မြန်မာ့စီးပွားရေး အပြောင်းအလဲ


အစိုးရသစ်လက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ကတိပြုထားတာ ဖြစ်ပါတယ်။
အစိုးရသစ်လက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ကတိပြုထားတာ ဖြစ်ပါတယ်။

ဇူလိုင် ၂၅၊ ၂၀၁၁-စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပေးထားတဲ့ အစိုးရသစ်က ဘာတွေလုပ်ဆောင်နိုင်ခဲ့ပါပြီလဲ?

မြန်မာနိုင်ငံမှာ စီးပွားရေး တိုးတက်အောင် လုပ်သွားမယ်လို့ ကတိပေးထားတဲ့ အစိုးရသစ်လက်ထက်၊ အပြောင်းအလဲ တချို့ကို တွေ့လာရပါတယ်။ ဒါပေမဲ့လည်း ယိုင်နဲ့နေတဲ့ တိုင်းပြည်စီးပွားရေးကို ပြန်လည် အားကောင်းလာစေမယ့် အစီအမံတွေအဖြစ် လုပ်စရာတွေကတော့ အမြောက်အများ ရှိနေတုန်းပဲလို့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ကျွမ်းကျင်သူတွေကတော့ မြင်နေကြဆဲပါ။ အစိုးရသစ်အဖြစ် ၄ လနီးပါး ရှိလာတဲ့ အချိန်မှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေလုပ်ခဲ့ပြီးပြီလဲ? စိမ်ခေါ်မှုတွေအဖြစ် ဘာတွေကျန်နေသေးသလဲ? ဆိုတာတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦး က သုံးသပ်တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရသစ် လက်ထက် စီးပွားရေး စီမံခန့်ခွဲမှုတွေမှာ အပြောင်းအလဲတွေ လုပ်လာတဲ့အထဲက နောက်ဆုံးအဖြစ်နဲ့ကတော့ ပြည်ပကုန်ပစ္စည်း တင်ပို့မှုတွေအပေါ် အခွန်အတုပ် ကောက်ခံနေတာတွေကို လျှော့ပေါ့ပေးလိုက်တာ တွေ့ရပါတယ်။ လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံခြားငွေနဲ့ ရောင်းချတဲ့အပေါ်မှာ အရင်တုန်းက ၁၀% ပေးဆောင်နေရတာကို အခုအခါ ၇% သာ ပေးဆောင်ဖို့ လျှော့ချပေးလိုက်တာပါ။

ဇူလိုင်လဆန်းမှာ စတင်လိုက်တဲ့ အပြောင်းအလဲဟာဆိုရင် ပြည်ပပို့ကုန် လုပ်ငန်းတွေ ကျဆင်းနေတာကို အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ထားပုံရပေမဲ့လည်း အခုအထိကတော့ မှန်းသလောက် တွက်ချေတော့ မကိုက်လှဘူးလို့ စီးပွားရေးပညာရှင် တဦးဖြစ်သူ ဦးခင်မောင်ညို (ဘောဂဗေဒ) က ပြောပါတယ်။
“နိုင်ငံခြားပို့ကုန်တွေအပေါ် ကောက်ခံတဲ့ အခွန်က ဘယ်တုန်းကမှ ၁၀% ကနေ မဆင်းခဲ့ဘူးပေါ့လေ။ အခုကတော့ ၇% ဖြစ်သွားတယ်ပေါ့။ ဒါကတော့ အမြင်သာဆုံး၊ အထင်ရှားဆုံးပေါ့။ တကယ်တမ်းကတော့ ဒီအခွန်က လုံးဝရှိဖို့တော့ မကောင်းပါဘူး။ လုံးဝမလျှော့တာထက် စာရင်တော့ အတိုင်းအတာတခုအထိတော့ အကျိုးရှိမှာပေါ့။ ဒါပေမဲ့ အခုဒီကြားထဲမှာ တွေ့နေရတာတော့ သိပ်ပြီးတော့ မထူးခြားဘူး။ နည်းနည်းပဲ သက်သာတယ်လို့ ပြောတာတွေပဲ ကြားရပါတယ်။”

အစိုးရသစ်ရဲ့ အကြီးအကဲအဖြစ် သမ္မတ ဦးသိန်းစိန် မတ်လကုန်မှာ ကျမ်းသစ္စာ ကျိန်ဆိုတုန်းက စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ဆောင်သွားမယ့်အကြောင်း အာမခံပြောဆိုခဲ့အပြီး မရှေးမနှောင်းမှာတော့ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ သမ္မတရဲ့ စီးပွားရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပဲ တချိန်က စစ်ဗိုလ်ချုပ်တွေက ဦးဆောင် ထိန်းချုပ်ထားပြီး သြဇာကြီးမားလှတဲ့ ကုန်သွယ်ရေး မူဝါဒကောင်စီကို ဖျက်သိမ်းလိုက်တာလို အပြောင်းအလဲတွေကြောင့် စီးပွားရေးမှာ လွတ်လပ်ခွင့်တွေ ပိုရလာလေမလား လုပ်ငန်းရှင်တွေကြား မျှော်လင့်ချက်တွေလည်း ကြီးထွားလာခဲ့တာပါ။ အခုနောက်ဆုံး ပြည်ပပို့ကုန်တွေအပေါ် သတ်မှတ်ထားတဲ့ အခွန်တွေကို လျှော့ပေါ့ ပေးလိုက်တာအပြင်၊ လက်ရှိ အခွန်စည်းကျပ် ကောက်ခံနေတဲ့ ကုန်စည်တွေထဲက ၈၀% ကိုလည်း ရှေ့နှစ်ထဲ နောက်ဆုံးထား ကင်းလွတ်ခွင့် ပေးသွားဖို့ စီစဉ်နေတယ်လို့လည်း စီးပွားရေး အသိုင်းအဝန်းက ပြောပါတယ်။

ဒါပေမဲ့လည်း ကုန်ထုတ်လုပ်ငန်းတွေအတွက် စားရိတ်စားခ ကြီးမားစေတဲ့ အခွန်အတုပ် ကောက်ခံမှုတွေ လျှော့ပေါ့ရုံသာမက၊ လွတ်လပ်တဲ့ ကုန်သွယ်မှုတွေ လုပ်ကိုင်ခွင့်ရဖို့လည်း လိုမယ်လို့ ရန်ကုန်မြို့က စီးပွားရေး အကဲခတ်တဦးဖြစ်တဲ့ ဆရာစိန် က မြင်ပါတယ်။

“လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကဆိုရင် ကြက်သွန်နီဟာ မြန်မာပြည်မှာ ၁ ပိဿကို ၅၀-၁၀၀ ကျပ်ပဲ ရှိတယ်။ ဒါတွေကို ပို့ခွင့်မရတော့ နစ်နာတာပေါ့။ ကုန်သွယ်မှု ပေါ်လစီမှာ လယ်ယာကိုင်းကျွန်းနဲ့ ဥယျဉ်ခြံမြေထွက် ပစ္စည်းကို အချိန်မရွေး တင်ပို့ခွင့် ရှိကိုရှိနေရမယ်။ အချိန်မရွေး လိုအပ်ရင် တင်သွင်းခွင့်လည်း ရှိရမယ်။ ဒါမျိုးပေါ့ဗျာ။ အခု စားအုန်းဆီတွေ တင်သွင်းခွင့် ပေးလိုက်တယ်ဆိုတော့ စားအုန်းဆီဈေးက ၁,၈၀၀ ကျပ်လောက်ကို ကျသွားတာပေါ့။ ဟိုတုန်းက ၂,၈၀၀ လောက်ကနေဆိုတော့ တော်တော်ပဲ ပြည်သူလူထုကို သက်သာသွားစေတာပေါ့နော်။
သို့သော် ကုန်သွယ်မှုအနေနဲ့ လိုတာတွေကို ပြောပါဆိုရင် ဆိုကြပါစို့ အခုနိုင်ငံခြားမှာ သိန်း ၂၀ လောက်တန်တဲ့ကားက မြန်မာပြည်မှာ သိန်း ၃၀၀-၄၀၀ ဖြစ်နေတယ်။ အဲဒီတော့ ဒါဟာ အခွန်လည်းမရ၊ ပြည်သူလူထုလည်း ဈေးကြီး၊ ဒါဟာလည်း ဘယ်တော့ ပုံမှန်ပြန်ဖြစ်မလဲ၊ ဒါမျိုးပေါ့ဗျာ။ နောက်တခုက ဘဏ်လုပ်ငန်းတွေက ကျနော်တို့ဆီမှာ အင်မတန်မှ နှေးကွေးပြီး၊ နိုင်ငံတကာ စံမကျပါဘူး။ အခုခင်ဗျား မြန်မာဘဏ်ထဲ လာကြည့်လိုက်ရင် ယူရိုငွေနဲ့ ဒေါ်လာပြောင်းတယ်ဆိုရင် ၂% အမြတ်ယူတာ။ နိုင်ငံတကာမှာ ၂% ကွာတာ ဘယ်မှမရှိဘူး။”

ပြည်ပပို့ကုန်အပေါ် အခွန်လျှော့ချပေးလိုက်တာဟာ မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာငွေ တန်ဘိုးကျဆင်းရာက ပို့ကုန်လုပ်ငန်းတွေ ထိခိုက်နစ်နာမှုတွေ ကြုံနေရတဲ့ ပြဿနာကို လျော့ပါးစေအောင် ရည်ရွယ်တဲ့ အစီအစဉ် တခုအဖြစ်နဲ့လည်း အများက မြင်နေကြတာပါ။ မူလက ဈေးကွက်ထဲမှာ အမေရိကန် ၁ ဒေါ်လာကို၊ မြန်မာကျပ်ငွေ ၉၀၀ လောက်နဲ့ လဲလှယ်နေရာက ဇွန်လဆန်းကစလို့ ကျပ် ၇၅၀ လောက်အထိ ထိုးကျလာတာမို့ စိုက်ပျိုးရေးနဲ့ ရေထွက်ပစ္စည်းတွေလို ပြည်ပတင်ပို့နေတဲ့ လုပ်ငန်းတွေမှာ သိသိသာသာ ကျဆင်းသွားတယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းဟာ တရားဝင်အားဖြင့် ၆ ကျပ်ကျော်သာ သတ်မှတ်ထားပေမဲ့ ပြင်ပမှာ လက်တွေ့ ရောင်းဝယ်ရာမှာတော့ ကုန်ပစ္စည်း တန်ဘိုးတွေအပေါ် အဓိကအားဖြင့် အခြေခံထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီသတ်မှတ်ချက်ကို အစိုးရသစ် လက်ထက်မှာ ပြောင်းလဲဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေဟာ အထူးသဖြင့် ဒေါ်လာငွေဈေး ကျဆင်းမှုနဲ့အတူ ကြီးထွားလာခဲ့တာပါ။

စီးပွားရေး ပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ အစိုးရသစ်က ဒီလို ငွေကြေးဆိုင်ရာ မူဝါဒတွေသာမက တခြား စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေမယ့် အပြောင်းအလဲတွေ ထွက်ပေါ်လာဖို့ ပြင်စရာတွေ အမြောက်အများ ရှိနေတုန်းပဲလို့ ပြောပါတယ်။
“၆ ကျပ်ခွဲဖြစ်နေတဲ့ဟာက လက်တွေ့မဆန်တာ ကြာပါပြီ။ အဲဒါပြောင်းဖို့ကလည်း ကျနော်နားလည်တာတော့ ဆန္ဒရှိတယ်၊ သဘောလည်းတူတယ်။ ဒါပေမဲ့ ဘယ်နှုန်းကို ပြောင်းမလဲဆိုတာက၊ အခုတော့ လွယ်လွယ်တော့ ပြောနေတာပေါ့၊ ဒါပေမဲ့ ဒီလောက်တော့ မလွယ်ပါဘူး။ တကယ်တမ်း ဘယ်လောက်ဖြစ်ဖို့ ကောင်းသလဲ ဆိုတာကတော့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့တို့လို အဖွဲ့အစည်းတွေရဲ့ နည်းပညာ အကူအညီယူပြီး သေချာတွက်ချက်မှရမယ်။ ငွေဖလှယ်နှုန်းကို တခုတည်းဖြစ်အောင် ပြောင်းသင့်တယ် ဆိုတာက လက်ခံထားတဲ့ အဆင့်ရှိတယ်။ ရေတိုရော ရေရှည်ရော လုပ်စရာတွေက အများကြီးပဲ။ အခုလောလောဆယ်ကတော့ ကျနော်နားလည်သလောက်ဆိုရင် လုပ်ငန်းရှင်တွေရော၊ ပညာရှင်တွေရော တွေ့ပြီးတော့ မေးမြန်းတယ်၊ အကြံဉာဏ်ယူတယ်။ ပို့ကုန်ခွန် ချပေးလိုက်တာကလည်း ဒါရဲ့ ရလဒ်တခုလို့သိရတယ်။ ကျနော်တို့ မျှော်လင့်တာကတော့ နိုင်ငံအဆင့် စီးပွားရေး မူဝါဒတွေ ချမှတ်ပြီး၊ စီမံခန့်ခွဲမှုတွေ လုပ်ဖို့ပေါ့။ အခုတချို့တလေတော့ မြင်နေရပါပြီ။ ဥပမာ ငွေဖောင်းပွမှု ထိန်းမယ်ဆိုတဲ့ ဟာမျိုးတွေတော့ စတွေ့နေရပါပြီ။”

စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကလက် လွှဲပြောင်းမှုတွေလည်း တွေ့မြင်နေရတာဖြစ်ပြီး၊ ဇူလိုင်လလယ်မှာဆိုရင် ရန်ကုန်မြို့မှာ ဈေးချိုချိုနဲ့ ပြေးဆွဲနေတဲ့ မြို့ပတ်ရထားတွေကို ပြည်သူပိုင် အဖြစ်ကနေ ပြောင်းလဲဖို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲတချို့ကို မြင်တွေ့လာနေရပြီလို့ ဆိုနိုင်ပေမဲ့၊ ကမ္ဘာနဲ့အဝန်း ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေရဲ့ ရိုက်ခတ်မှုတွေ၊ ငွေကြေးဖောင်းပွမှု ပြဿနာတွေဟာ မြန်မာနိုင်ငံ စီးပွားရေးအတွက် စိမ်ခေါ်မှုတွေ ဖြစ်မယ်လို့ နိုင်ငံတကာနဲ့ ဒေသတွင်းက စီးပွားရေးခန့်မှန်းချက်တွေက ဖော်ပြနေကြတာပါ။ နာမည်ကျော် the Economist မဂ္ဂဇင်းရဲ့ စီးပွားရေး ဆန်းစစ်အကဲဖြတ်အဖွဲ့ဖြစ်တဲ့ Economist Intelligence Unit ကတော့ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပေမဲ့ စီမံခန့်ခွဲမှုတွေမှာ အားနည်းတယ်လို့ ဝေဖန်ခံရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေသာ အများစု ဖြစ်ကြတာမို့ အရည်အသွေးရှိတဲ့ မူဝါဒရေးရာ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အလားအလာတွေကတော့ သိပ်မရှိလှဘူးလို့ ခန့်မှန်းထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG