သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပညာရှင် ပါမောက္ခ ဦးခင်မောင်ကြည်ကွယ်လွန်


စီးပွားရေးပညာရှင် ပါမောက္ခဦးခင်မောင်ကြည် စင်ကာပူနိုင်ငံမှာ စက်တင်ဘာလ ၆ ရက်၊ သောကြာနေ့က ကွယ်လွန်သွားပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ၊ စီးပွားရေးတက္ကသိုလ်မှာ ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့ပြီးတော့ စင်ကာပူကိုထွက်သွားခဲ့ပြီးတဲ့နောက်မှာပဲ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ စီးပွားရေး၊ စီမံခန့်ခွဲရေးဆိုင်ရာ စာအုပ်စာတမ်းတွေ၊ ဟောပြောချက်တွေ၊ ဆက်သွယ်မေးမြန်းခန်းတွေ အမြောက်အများကို ပြုလုပ်ခဲ့တဲ့ ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဦးခင်မောင်ကြည်ကွယ်လွန်သွားခြင်းဟာ ကြီးမားတဲ့ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ လူအများက ဆိုကြပါတယ်။ အသေးစိတ်ကိုတော့ ဦးကျော်ဇံသာက တင်ပြပေးထားပါတယ်။

ပါမောက္ခဦးခင်မောင်ကြည်ကို ကျနော်စတင်တွေ့ဖူးတာဟာ ၁၉၇၀ ပြည့် လွန်နှစ်က ဆရာဟာ စီးပွားရေးတက္ကသိုလ်မှာ ပါမောက္ခလုပ်ပြီးတော့ မြန်မာနိုင်ငံ သုတေသနအသင်းမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်က တစ်ခါတွေ့ခဲ့ဖူးတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကျနော် ပြည်ပ အသံလွှင့်ဌာနတွေမှာ တာဝန်ထမ်းဆောင်တဲ့အခါ ဆရာဦးခင်မောင်ကြည်ကို မကြာခဏဆိုသလို အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ အခုလို ပွင့်လင်း လွတ်လပ်မှု သိပ်မရှိသေးတဲ့အချိန် ဖြစ်တဲ့အတွက်ကြောင့် များသောအားဖြင့် ပညာရှင်တွေဟာ အဲဒီအချိန်က ကျနော် တာဝန်ထမ်းဆောင်နေတဲ့ အသံလွှင့်ဌာနရဲ့ ဆက်သွယ်မေးမြန်းတာတွေကို သိပ်ပြီးတော့ မဖြေချင်ကြပါဘူး ခင်ဗျ။ အကြောင်းအမျိုးမျိုးပြပြီးတော့ ငြင်းဆန်ကြပါတယ်။ ဒါပေမဲ့ ဆရာဦးခင်မောင်ကြည်က တစ်ခါမှ မငြင်းပါဘူး၊ ကျနော်တို့က ဆက်သွယ်မေးမြန်းလိုက်တိုင်း သူ့ရဲ့ထင်မြင်ယူဆချက်တွေကို ဒဲ့ဒိုး၊ ပွင့်ပွင့်လင်းလင်း စေတနာအပြည့်နဲ့ပြောတတ်ပါတယ်။

အထူးသဖြင့် သူပြောခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံဟာ စီးပွားရေးအားဖြင့် ဆင်းရဲနွမ်းပါးမှုတွေထက် အုပ်ချုပ်ရေးယိုယွင်းတာ၊ ခြစားပျက်စီးတာ၊ စာရိတ္တ မဏ္ဍိုင်ယိုယွင်းသွားတာဟာ ပြင်ရခက်မယ်ဆိုတဲ့အကြောင်း၊ ပညာရေးအဆင့် နိမ့်သွားတဲ့ ကိစ္စ တွေနဲ့ပတ်သက်ပြီးတော့ ပြောဆို ထောက်ပြတတ်ပါတယ်။ ဆရာကြီးနဲ့အတူ ရန်ကုန်တက္ကသိုလ်မှာ အတူတူလုပ်ခဲ့တဲ့ ပြည်ပကို ဆရာကြီး ထွက်လာပြီးတဲ့နောက်မှာလည်း သုတေသန အတူတွဲပြီးလုပ်ခဲ့တဲ့- ပုဂ္ဂိုလ်ရေး အရလည်း အင်မတန်ရင်းနှီးတဲ့ အမေရိကန်ပြည်ထောင်စု၊ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေးပါမောက္ခ ဒေါက်တာ Finlay က ဆရာကြီး ဦးခင်မောင်ကြည်ကွယ်လွန်သွားတာဟာ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှု တရပ်ဖြစ်တယ်လို့ အခုလို ပြောပါတယ်ခင်ဗျ။

“---အုပ်ချုပ်ရေး၊ အစိုးရစနစ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့နဲ့ပတ်သက်ပြီး သူ့မှာ အယူအဆ စိတ်ကူးစိတ်သန်းတွေ အများကြီး ရှိခဲ့ပေမဲ့ ဘယ်တစ်ခုကိုမှ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ သူ့အနေနဲ့ အဲဒါတွေကို လက်တွေ့ အကောင်အထည်ဖော်ခွင့် တစ်နှစ်လောက်အချိန်ရခဲ့ရင်တောင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ပါလိမ့်မယ်။ သူကွယ်လွန်သွားတာဟာ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ရပ်ဖြစ်ပါတယ်။ သူဟာ ပညာတတ်တစ်ယောက်သာမက လက်တွေ့ကျကျ လုပ်ဆောင်တတ်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ဘဝနောက်ပိုင်းမှာ နိုင်ငံရေးမလုပ်ခဲ့တော့ သူ့အယူအဆတွေကို အကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ သူပြုစုခဲ့တဲ့ စာအုပ်တွေ၊ အတွေးအခေါ်အယူအဆတွေဟာ အခုအချိန်အထိ တိုင်းပြည်အတွက် လိုက်နာကျင့်သုံးနိုင်တဲ့ အကျိုးရှိစေနိုင်တဲ့အမွေအနှစ်အဖြစ် ကျန်ရစ်နေခဲ့ပါတယ်။”

ဆရာ Finlay က ပြောတဲ့အထဲမှာ ဆရာကြီးဦးခင်မောင်ကြည်ဟာ မြန်မာနိုင်ငံ အတွက်အကျိုးရှိမယ့် စာအုပ်စာတန်းတွေ အများကြီးပြုစုခဲ့သလို မြန်မာနိုင်ငံ အတွက် တန်ဖိုးရှိတဲ့ စီးပွားရေးပညာရှင်တွေ၊ ပညာတတ်တွေကိုလည်း အများကြီးမွေးထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီထဲက တစ်ဦးကတော့ စီးပွားရေးတက္ကသိုလ်၊ ဝါဏိဇ္ဇဗေဒကထိက အဖြစ် ထမ်းဆောင်ခဲ့တဲ့ ဒေါ်တင်မေသိန်းဖြစ်ပါတယ်။

“ဆရာကြီးဟာ အင်မတန်မှ ပညာရေးမှာ ထူးချွန်သူဖြစ်သလို မှန်တာကိုလုပ်ပြီး မဟုတ်မခံစိတ်ဓာတ်လည်း ရှိခဲ့ပါတယ်။ ဆရာကြီးက အမှန်တရားဘက်က အမြဲ ရပ်တည်ခဲ့ပါတယ်။ သူ ဂျပန်တော်လှန်ရေးမှာလည်း ပါဝင်ခဲ့ဖူးတယ်လို့ ကျမ သိခဲ့ဖူးပါတယ်။ နောက် စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာနမှာ ကထိက ဌာနမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဦးနေဝင်းအစိုးရ လက်ထက်မှာတုန်းက သူဟာ အစိုးရကို ခေါင်းမငြိမ့်ခဲ့ဘူး၊ ပြောရရင် မဆလပါတီ မဝင်ခဲ့ဘူး၊ ဒါကြောင့်မို့လို့ စီးပွားရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ရာထူးကို ရသင့်ရထိုက်ပါလျက်နဲ့ တိုးမြှင့်ပေးခြင်း မခံခဲ့ရပါဘူးရှင့်။ သူဟာ တိုင်းပြည် တိုးတက်ရာတိုးတက်ကြောင်းလည်း စာတမ်းတွေ ရေးခဲ့ပါတယ်။ စီးပွားရေးသုတေသနတွေလည်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရက ပညာရှင်တွေကို အသုံးမပြုခဲ့တဲ့အတွက် သူအင်မတန်မှအားမလို အားမရဖြစ်ပြီးတော့ စင်ကာပူနိုင်ငံကို ထွက်သွားခဲ့ပါတယ်။ စင်ကာပူနိုင်ငံမှာ သူဟာ စီးပွားရေး ကျောင်းတွေ ထောင်ခဲ့တယ်။ စီးပွားရေးပညာတွေကို ဖြန့်ဝေခဲ့ပါတယ်။”

ပါမောက္ခဦးခင်မောင်ကြည်ဟာ ၁၉၈၈ နောက်ပိုင်း ပြည်ပမှာ အခြေစိုက်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ၊ အဝေးရောက်ညွန့်ပေါင်း အစိုးရက ဦးဆောင်တဲ့ Burma Fund အဖွဲ့မှာလည်း ကျန်စီးပွားရေး ပညာရှင်တွေကို စုစည်းပြီးတော့ ဦးဆောင်ပါဝင်ခဲ့ပါတယ်။ ဆရာကြီးပြုစုခဲ့တဲ့ အထဲမှာ အထင်ရှားဆုံးစာအုပ်ကတော့ ၂၀၀၁ ခုနှစ်မှာ စီးပွားရေးပညာရှင်များနဲ့ စုပေါင်းပြုစုခဲ့တဲ့ Economic Development of Burma: A Vision And A Strategy စာအုပ်ပဲဖြစ်ပါတယ်။

ဆရာကြီးဦးခင်မောင်ကြည်ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပါတယ်ရှင်။
XS
SM
MD
LG