သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရက် ၃၀ အတွင်း ပို့ကုန်ငွေစာရင်း ရှင်းဖို့ ကုမ္ပဏီ ၆၀၀ ကျော်ကို သတိပေး


တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှု (ယခင်ပုံဟောင်း)
တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှု (ယခင်ပုံဟောင်း)

{{Zawgyi/Unicode}}

ပြည်ပကို ကုန်တင်ပို့ပြီးရလာတဲ့ နိုင်ငံခြားငွေပမာဏကို သက်ဆိုင်ရာဘဏ်တွေမှာ စာရင်းမရှင်းဘဲ ဆက်ပြီးကိုင်ဆောင်ထားတဲ့ ပြည်တွင်းကုမ္ပဏီပေါင်း ၆၀၀ ကျော်ရဲ့ စာရင်းကို ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ နောက်ထပ် ရက်ပေါင်း ၃၀ အတွင်း စာရင်းရှင်းလင်းမှု မရှိဘူးဆိုရင် ပို့ကုန်/ သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအတိုင်း ဆက်ပြီးဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ်ဘက်က သတိပေးထားပါတယ်။ ရန်ကုန် ကပေးပို့တဲ့ ဒီသတင်းကို ကိုသားညွန့်ဦးကတင်ပြပေးထားပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ရလာတဲ့နိုင်ငံခြားငွေကို တလထက်ပိုပြီး မကိုင်ဆောင်ထားရဘူးလို့ ဗဟိုဘဏ်က အောက် တိုဘာ ၃ ရက်က သတိပေး ကြေညာထားတာပါ။ နိုဝင်ဘာ ၂ ရက်မှာတော့ ဒီအသိပေးချက်ကို လိုက်နာမှုမရှိသေးတဲ့ ပြည်တွင်းကုမ္ပဏီပေါင်း ၆၆၃ ခုရဲ့ စာရင်းကို ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ ၂၀၁၉ ထဲမှာရခဲ့တဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားပို့ကုန်ဝင်ငွေစာရင်းဖြစ်ပြီး နောက်ထပ်ရက်ပေါင်း ၃၀ အတွင်းမှာ စာရင်းရှင်းလင်းရမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တချို့ကုမ္ပဏီတွေဟာ ပို့ကုန်ကနေ နိုင်ငံခြားငွေ အပြည့်အဝပြန်မရသေးတာကြောင့် တလအတွင်း အပြီးသတ်စာရင်းရှင်းဖို့ အခက်အခဲဖြစ်နိုင်ကြောင်း ဆန်ပို့ကုန်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“အခုတောင် ပြဿနာတွေ တက်နေပြီလေ။ စင်္ကာပူငွေလွှဲတွေမရလို့၊ ရွာတွေပတ်နေကြပြီ။ စင်္ကာပူဘဏ်ထဲကို ကိုယ် ရမယ့်ကုန်ဖိုးတွေ ဝင်မှန်းမသိ၊ မဝင်မှန်းမသိ အဲလိုတွေဖြစ်နေကြတာ။ အခုလက်ရှိကုမ္ပဏီတွေ အခက်အခဲတွေ ဖြစ်နေကြပြီ။ စပြီ-ဇာတ်လမ်းတွေက။ စာရင်းလက်ကျန်က ၆၆၃ ဦးပေါ့။ ( အမေရိကန်ဒေါ်လာ) ၅၇၆ သန်း။ ဒီ ၆၆၃ ဦးက စာရင်းဝင်သွားပြီပေါ့။ ပထမသူတို့ ( အာဏာပိုင်တွေဘက်က) ထုတ်ပြန်ထားပြီးတော့ warning တွေပေးပြီးတော့ လုပ်တော့အခါကျ စာရင်းမထွက်သေးဘူးလေ၊ စာရင်းက အခုမှdetail ထွက်လာတာ။”

ပို့ကုန်ဝင်ငွေရစာရင်းကို အတိအကျပြန်ရနိုင်ဖို့ ယခင် မြန်မာအရပ်သားအစိုးရလက်ထက်ကတည်းက ကြိုးစားနေခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။ ဒါပေမယ့် အခုလောက် တင်းတင်းကြပ်ကြပ်ကြီးမဟုတ်ပါဘူး။ တချို့ ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ရ နိုင်ငံခြားငွေကို ပြည်ပမှာပဲပြန်ရောင်းချတာရှိသလို ပြည်ပဘဏ်တွေမှာပဲ သိမ်းဆည်းထားတာလည်း ရှိပါတယ်။ ဒီစာရင်းတွေကို ကုမ္ပဏီတွေက အတိအကျစာရင်းရှင်းဖို့ စစ်ကောင်စီဘက်က လိုလားနေတာပါ။

ကုမ္ပဏီတချို့ဟာ ပို့ကုန်ဝင်ငွေအားလုံး ပြန်မရသေးတဲ့တွက် မြန်မာအာဏာပိုင်တွေဘက်က အတင်းအကျပ် စာရင်းရှင်းခိုင်းမယ် ဆိုရင်တော့ နိုင်ငံခြားငွေကို ပြင်ပကနေ အစားထိုးပြီး ဝယ်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာဈေးက ဈေးကွက်မှာ ပြန်ပြီးတက်သွားနိုင်တဲ့ အခြေအနေရှိပါတယ်။

“သူတို့က ဒါကြီးကို တင်းတင်းကျပ်ကျပ်လုပ်မယ်ဆိုရင် ဒေါ်လာဈေးပြန်မာလိမ့်မယ်။ ကျနော့်အမြင်က အဲလိုမြင်တယ်။ တကယ်တမ်း မဖြစ်နေလုပ်ရတယ်ဆိုရင် ကုမ္ပဏီပိတ်သိမ်းတာ အကြောင်းမဟုတ်ဘူး။ လူထိခိုက်မှာစိုးပြီး ရအောင် ဒီဒေါ်လာကိုပြန်ပြီး ဒီဘက်ကို ရအောင်ပြန်ထည့်မှာပဲ။ US ဒေါ်လာထည့်ရမယ်ဆိုရင် US အရွက်ရှားရင် ရှားသွားနိုင်တယ်။ လိုက်ဝယ်နိုင်တာတို့ ဈေးတက်နိုင်တာတို့ ဒါမျိုးတွေ ဖြစ်လာနိုင်တယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကို ဗွီအိုအေကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

ကုမ္ပဏီတွေအနေနဲ့ ပို့ကုန်ကရထားတဲ့ နိုင်ငံခြားငွေကို ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေမှာ သတ်မှတ်ထားတဲ့ ကျပ်ငွေလဲနှုန်းအတိုင်း ပြန်လည်ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒီလိုလဲတာမှာ ပြင်ပကျပ်ငွေပေါက်ဈေးထက် နည်းနေပြီး ပြီးခဲ့တဲ့လပိုင်းက တဒေါ်လာကို ကျပ် ၂၀၀ နီးပါးလောက် နစ်နာကြောင်းလည်း လုပ်ငန်းရှင်တွေ ပြောပါတယ်။

“အဓိကတော့ ပို့ကုန်ပို့ပြီးရင်တော့ မြန်မာပြည်ကို ပြန်သွင်းရမယ့် စည်းမျဉ်းကရှိတယ် နဂိုကတည်းက သတ်မှတ်ပြီးဖြစ်တယ်။ တချို့ကုမ္ပဏီကလည်း ဗမာပြည်မသွင်းဘဲနဲ့ ပြည်ပမှာပဲ စင်္ကာပူတို့ဘာတို့မှာ တဆင့်ခံပြီးသွင်းတဲ့ လူတွေကျတော့ ပြန်ပြီးသွင်းဖို့ ကျန်ခဲ့တဲ့ဟာမျိုးတွေ ဖြစ်နိုင်တာပေါ့။ အခုမှပြန်သွင်းရတော့ ဘယ်လိုပဲပြောပြော လူတွေအတွက်ကတော့ လုပ်ရတာခက်တာပေါ့။ တချို့ စင်္ကာပူတို့ဘာတို့ဆိုလည်း အရင်တုန်းကငွေလွှဲရ လွယ်တယ် အခုဆိုရင် မလွယ်တော့ဘူး။ လုပ်ရတာနည်းနည်းတော့ ပိုခက်တာပေါ့။”

စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းပြောသွားတာပါ။

ပို့ကုန်ဝင်ငွေစာရင် မရှင်းရသေးဘဲကျန်နေတဲ့ ကုမ္ပဏီ ၆၆၃ ခု ကိုင်ဆောင်ထားတဲ့ ဝင်ငွေပမာဏက အမေရိကန်ဒေါ်လာ ၅၇၆,၈၃၁,၇၈၉.၈၂ ( ၅၇၆ သန်းကျော်) ရှိတယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။ပို့ကုန်ရဝင်ငွေကို သတ်မှတ်ကာလတခုအတွင်းမှာ ဘဏ်ကဖြတ်တဲ့ဈေးအတိုင်း မဖြစ်မနေ ရောင်းချရတာ၊ သွင်းကုန်လုပ်ငန်းရှင်ကလည်း ဒေါ်လာငွေကို ဝယ်ပြီးတဲ့အခါမှာ တခြားငွေစာရင်းတခုကို လွှဲပြောင်းရောင်းချခွင့်မရှိတာ ဒီလို ကန့်သတ်ချက်တွေကြောင့် ဈေးကွက်ရဲ့ အခြေအနေနဲ့ ကိုက်ညီမှုမရှိကြောင်း လုပ်ငန်းရှင်တွေက ဝေဖန်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်


=========

{{Unicode}}














#MyanmarExport #MyanmarTrade #MyanmarEconomy #VOABurmese

XS
SM
MD
LG