သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတုပူပြင်းမှုကြောင့် ငါးမွေးမြူရေးလုပ်ငန်း ထိခိုက်


မြစ်ဝကျွန်းပေါ် ငါးမွေးမြူရေး လုပ်ငန်းတခု
မြစ်ဝကျွန်းပေါ် ငါးမွေးမြူရေး လုပ်ငန်းတခု

မြန်မာနိုင်ငံမှာ ရာသီဥတု ပူပြင်းမှုကြောင့် ကျန်းမာရေး၊ လူမှုရေး ပြဿနာတွေသာမက အခုအခါ စီးပွားရေး လုပ်ငန်းတွေမှာ ထိခိုက် ဆုံးရှုံးမှုတွေနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။ လတ်တလော ပူပြင်းတဲ့ ရာသီဥတုကြောင့် စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ငန်းတွေကို အဓိက လုပ်ကိုင်တဲ့ မြစ်ဝကျွန်းပေါ် ဒေသက ငါးဖမ်းလုပ်ငန်းလို စီးပွားရေးကဏ္ဍတွေမှာပါ ထိခိုက်မှုတွေ ရှိနေကြတာပါ။ ပြင်းထန်တဲ့ ရာသီဥတုကြောင့် စီးပွားရေးလုပ်ငန်းတွေကိုပါ ရိုက်ခတ်လာနေတဲ့ အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရာသီဥတု ပြင်းထန်လှတာမို့ စီးပွားရေး လုပ်ငန်းတွေကိုပါ ထိခိုက်တဲ့အထိ ဖြစ်နေရပါတယ်။ အထူးသဖြင့်ကတော့ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းထဲက ငါးမွေးမြူရေး လုပ်ငန်းမှာ ကျပ်ငွေ သိန်းပေါင်းများစွာ ဆုံးရှုံးတဲ့အထိ ကြုံနေရတာပါ။ မြန်မာနိုင်ငံက ငါးမွေးမြူရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ရာ ရန်ကုန်တိုင်း တွံတေးမြို့မှာဆိုရင်လည်းပဲ ရာသီဥတု ပူပြင်းတာနဲ့အမျှ ဒီရက်ပိုင်းတွေအတွင်း ငါးသေဆုံးမှုတွေ အများအပြား ရှိခဲ့တဲ့အကြောင်း ဒေသခံတွေက ပြောပြပါတယ်။ မွေးမြူရေး ငါး အမျိုးမျိုး ကို စီးပွားဖြစ် မွေးမြူရောင်းချနေတဲ့ တွံတေးမြို့က လုပ်ငန်းရှင် တဦးကတော့ နေ့စဉ်နဲ့အမျှ ဆုံးရှုံးမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။ “ငါးမြစ်ချင်း၊ ငါးခေါင်းပွ၊ ငါးကြင်း၊ နောက် ငါးရွှေဝါ အဲဒါတွေမွေးတယ်။ အမျိုးအစားတွေ ထိတာကတော့ ငါးမြစ်ချင်းနဲ့ ငါးကြင်း က ထိတယ်။ ငါးကြင်း အဖြူလေ၊ အဲဒီငါးကြင်း အဖြူက အဓိက အောက်ဆီဂျင် ပြဿနာပဲပေါ့။ အောက်ဆီဂျင် နည်းလို့ရှိရင် အပေါ်တွေတက်၊ တက်ပြီးတော့ အဲဒီမှာသေတယ်။ အခုဆို ကျနော်ဆိုရင် အတူတူလောက်ရှိမယ်၊ ငါးမြစ်ချင်းနဲ့ ငါးကြင်းနဲ့ပေါ့။ ကန်တကန်မှာဆို ၈၀ ရာခိုင်နှုန်းလောက် ငါးမြစ်ချင်းကို အဓိကထားပြီးတော့ မွေးတယ်လေ။ အခုဟာက ပြည်ပပို့တာကလည်း ဒီငါးမြစ်ချင်းပဲပေါ့။ ငါးကြင်းကတော့ ကျနော်တို့ ၂ နှစ်ငါးပေါ့။ အခုကတော့ ၂ နှစ်ငါး၊ ၂ နှစ်ရောက်ကာနီး ရောက်မှ အခုမှ သေလိုက်တာ တအားပဲ ဖြစ်နေတာ။ နေတွေကပူတော့ တအားသေတယ်။ ရာသီဥတုကပြင်းတော့ အခုဆို ၃ လလောက်ရှိပြီ ဆက်တိုက်ပဲ သေတာ အဲဒီကစပြီး တွံတေးတမြို့နယ်လုံး၊ ခရမ်း၊ သုံးခွလည်းပါတယ်။ သူငယ်ချင်း ကန်တွေလည်း အကုန်လုံး အဲလို ဖြစ်ကြတာပဲ။ အနည်းနဲ့ အများပဲ။ ကျနော်တို့ကတော့ အခု ဆေးကုပြီးတော့ ထိန်းနေရတာပေါ့။ ကျန်တဲ့လူတွေဆို အခုဆိုရင် ဖော်လိုက်ရပြီ။ ရာချီသေတာပေါ့၊ ကန်တကန်မှာဆို ၃ ရာ ၄ ရာ ဖော်လိုက်ရပြီ။”

ဒီအခြေအနေတွေ ကြုံနေရပေမဲ့လည်း ဖြေရှင်းဖို့ အခက်အခဲတွေကတော့ ရှိနေတာပါ။ ရာသီဥတု ပူပြင်းရာက အခြေခံတဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် လတ်တလော မလွယ်လှသေးဘူးလို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအသင်းရဲ့ ဒုဥက္ကဋ္ဌ တဦးဖြစ်တဲ့ ဦးသန်းလွင် က ပြောပါတယ်။
“သေတာတော့ ရာသီဥတုပူတော့ နေ့တိုင်းလိုသေတယ်၊ ရောဂါတော့ မဟုတ်ဘူး။ ရာသီဥတု ပူပြင်းတဲ့ဒဏ် ခံရတာပေါ့။ ဒီအခြေအနေကို တားဆီးဖို့ကတော့ ကျနော်တို့ မြစ်ရေရှိတဲ့ ဧရာဝတီ မြစ်ကြောကလူတွေတော့ ရေပက်တင်လို့ရတယ်။ တချို့ကြတော့ ဧရာဝတီမြစ်နဲ့ နည်းနည်းဝေးတဲ့ နေရာတွေကြတော့ ရေပက်တင်ဖို့ အခက်အခဲဖြစ်တယ်။ အဲဒီကန်တွေကြတော့ စိုးရိမ်စရာပေါ့။ အခုအပိုင်းမှာတော့ ဧရာဝတီမြစ်နဲ့ နည်းနည်းဝေးတဲ့ နေရာတွေပေါ့၊ ဧရာဝတီမြစ်ကနေ မဝင်နိုင်တဲ့ နေရာတွေ၊ ရေငံတက်တဲ့ နေရာတွေ ရန်ကုန်တိုင်းနဲ့၊ အနီးစပ်ဆုံး နေရာတွေမှာ ဖြစ်တယ်ပေါ့။ အဆိုးဆုံးကတော့ အများဆုံးမွေးတဲ့ တွံတေးပဲပေါ့။ သူက သူ့မြို့နယ်ထဲမှာ ဧက ၄ သောင်းလောက် မွေးထားတာ တမြို့နယ်ချင်းမှာ အများဆုံးလို့လည်း ပြောရမှာပေါ့။”

ဒီလို ပြဿနာတွေ ကြုံနေရပေမဲ့ မဖြေရှင်းနိုင်ပဲ ဖြစ်နေရတဲ့ ငါးမွေးမြူရေး လုပ်ငန်းရှင်တွေအဖို့ကတော့ နေ့စဉ်နဲ့အမျှ ငွေကြေး ဆုံးရှုံးမှုတွေနဲ့ ကြုံနေရတာဖြစ်ပါတယ်။ ဆောင်းအကုန် နွေရာသီကာလက စလို့ ရောဂါပိုးမွှားဒဏ်၊ ရာသီဥတုဒဏ်တွေ ခံခဲ့ရလို့ တနေ့တနေ့ ကျပ်ငွေ သိန်းနဲ့ချီ ဆုံးရှုံးနေရတယ်လို့ တွံတေးမြို့က ငါးလုပ်ငန်းရှင်က ပြောပါတယ်။
“ငါးဈေးကွက်ကတော့ အရွယ်မတိုင်ခင် ဖော်လိုက်ကြတာပေါ့။ ငါးသမားတွေလည်း တော်တော်ထိတယ်၊ တွံတေးရဲ့ စီးပွားရေးကလည်း ဒါက အဓိကပဲလေ။ ငါးအစာဈေးတွေကကြီးတယ်၊ ငါးဈေးတွေက အရွယ်မတိုင်ခင် ဖော်လိုက်တယ် ဆိုတော့ ငါးကန်သမားတွေ အတော်ထိခိုက်တယ်။ ကျန်ခဲ့တဲ့ လကဆို ကွမ်းခြံပိုင်းက သူငယ်ချင်းတယောက် ကန်မှာဆို ကုန်ချိန် တသိန်းလောက်ရှိမယ်၊ အဲဒါ တနေ့တည်းနဲ့ သေသွားတာ။ သေတဲ့ငါးက ၂ ထောင်ဈေးလောက် ရှိတယ်ဆိုတော့ သိန်း ၂ ထောင်လောက်ရှိတာပေါ့ ကုန်ချိန် တသိန်းဆိုတော့။ တရက်တည်း ဖြစ်တာနော်၊ သူက ပြန်ရမယ်ဆိုရင် ၃၀ ရာခိုင်နှုန်းပဲ ပြန်ရမှာ။ ကျန်တာတွေက ငါးပိဈေးနဲ့ပဲ ရောင်းရတာဆိုတော့။ အဲလောက်ပဲရမယ်။ ကျနော်တို့တွေဆိုလည်း တကန်တကန် နှုန်းဆိုရင် တလကို ၁၀ သိန်း ၁၅ သိန်းလောက် ဆုံးရှုံးနေတာပဲ၊ တွက်လိုက်မယ်ဆိုရင်။”

တကယ်တော့ မြန်မာနိုင်ငံတဝန်း ငါးမွေးမြူရေးကန် ဧကပေါင်း ၂ သိန်းလောက်ကနေ ပြည်တွင်းပြည်ပကို မွေးမြူထုတ်လုပ် ရောင်းချနေတာလို့ ငါးလုပ်ငန်းရှင်များအသင်းရဲ့ ဒုဥက္ကဋ္ဌ တဦးဖြစ်တဲ့ ဦးသန်းလွင် က ပြောပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတု ပူပြင်းမှုကြောင့် ဆုံးရှုံးမှုတွေနဲ့အတူ ထိခိုက်မှုတွေ ရှိမယ့် အခြေအနေတွေ ကြုံနေရတာပါ။
“ကျနော်တို့ကတော့ ပြီးခဲ့တဲ့နှစ်က အစိုးရက သန်း ၁၂၀ ရာထားတာပေါ့၊ မွေးမြူရေး ရေချိုငါး သက်သက်ပေါ့။ အဲဒါကို ၁၀၃ သန်းဘိုးလောက် ရောင်းပေးနိုင်တယ်။ ပြည်ပကို ရောင်းပေးတာပေါ့၊ ပြည်တွင်းမပါဘူး။ ပြည်တွင်း စားသုံးမှုကလည်း ဒီထက် မနည်းပါဘူး။ ပြည်တွင်းစားသုံးမှုက ၆၀ ရာခိုင်နှုန်းလောက် ထားတာကိုး။”

ငါးမွေးမြူရေးလုပ်ငန်းကို အဓိက စီးပွားရေး လုပ်ငန်းတခုအဖြစ် လုပ်ကိုင်နေတဲ့ တွံတေးမြို့မှာတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက ဆွေးနွေးတိုင်ပင်မှုတွေ ရှိပေမဲ့၊ ဒါတွေကို လတ်တလော အကောင်အထည် ဖော်နိုင်တဲ့ အခြေအနေမှာတော့ မရှိသေးဘူးလို့ တွံတေးမြို့က ငါးလုပ်ငန်းရှင် က ပြောပါတယ်။
“ဟိုရက်ကတော့ ကျနော်တို့ ငါးလုပ်ငန်းဦးစီးနဲ့ ကျနော်တို့ တွံတေးမှာ အစည်းအဝေးတွေ ခေါ်တယ်ပေါ့နော်၊ ကျနော်တို့ဆီမှာ စမ်းသပ်မယ့် အဆောက်အဦးလည်း လာဆောက်မယ်။ ရေနမူနာ စမ်းသပ်မယ်ပေါ့။ ရေတွေကလည်း အခု အပူချိန်တွေ အရမ်းများတဲ့ အတွက် ရေမှာရှိတဲ့ pH တွေလည်း ကျသွားတာပေါ့။ ရေပါဝါလည်း ကျသွားတယ်၊ ငါးရောဂါလည်း မြင့်တက် လာတယ်။ ငါးတွေလည်း ခံနိုင်ရည်စွမ်းအားတွေလည်း လျော့နည်းသွားတယ်။ အားလုံးစုပေါင်းပြီး သေနှုန်းတွေက မြင့်လာတယ် ဆိုတော့ သူတို့တွေက တွံတေးမှာ စမ်းသပ်တဲ့ အဆောက်အဦး တခုလုပ်မယ်၊ ငါးလုပ်ငန်း ဦးစီးနဲ့ ပူးပေါင်းပြီးတော့ လုပ်မယ်ဆိုပြီး အစည်းအဝေးမှာတော့ ဆုံးဖြတ်ချက်တော့ ချတယ်။ မလာသေးဘူး၊ စာရွက်ပေါ်က ပုံစံပဲ ရှိသေးတယ်။”

ပြင်းထန်တဲ့ အပူဒဏ်ကိုတော့ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အောက်ပိုင်း ဒေသတွေမှာ ခံစားနေရတာ ဖြစ်ပြီး အမြင့်ဆုံးအဖြစ် စံချိန်ချိုးလောက်အောင် ၄၅ ဒီဂရီ စင်တီဂရိတ် အထိ ရှိနေကြောင်းလည်း နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုကြောင့် ငါးလုပ်ငန်းတွေမှာသာမက ကောက်ပဲသီးနှံ ပျက်စီးဆုံးရှုံးမှုတွေ ရှိတဲ့အတွက် ဆန်စပါးတွေ ပြည်ပတင်ပို့ခွင့်ကိုတောင် ပိတ်ထားတဲ့အထိတောင် ရှိနေပြီလို့လည်း တရုတ်နိုင်ငံပိုင် ရှင်ဟွာ သတင်းတရပ်က ဖော်ပြခဲ့တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။ ကျနော် အောင်လွင်ဦး ပါခင်ဗျာ။

XS
SM
MD
LG