သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗမာ့ဒီမိုကရေစီရဲ့ အလားအလာ


ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်း တည်ဆောက်မယ်ဆိုရင် အခြေခံအကျဆုံး လိုအပ်ချက်က ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတာကို အားလုံးက လက်ခံထားပြီးဖြစ်ပါတယ်။ ရွေးကောက်ပွဲကနေ တဆင့်သာ ဒီမိုကရေစီ စနစ်ဆီကို တက်လှမ်းနိုင်တာပါ။ တခြားနည်းလမ်း မရှိပါဘူး။ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံအသီးသီးမှာလည်း ရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီက အစိုးရ ဖွဲ့ကြရတာပါ။ ဒါကြောင့် ဒီမိုကရေစီ နိုင်ငံ တစ်နိုင်ငံအတွက် ရွေးကောက်ပွဲဟာ အသက်သွေးကြော ဖြစ်တယ်လို့လည်း ဆိုနိုင်ပါတယ်။

တစ်ခုတော့ ရှိပါတယ်။

ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိရဲ့လား၊ ပြည်သူတွေရဲ့ ဆန္ဒကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ခွင့် ရှိပါရဲ့ လား၊ ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အဖွဲ့အစည်း (ကော်မရှင်) ဟာ သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်း ဟုတ်ရဲ့ လား၊ လက်ရှိ အုပ်စိုးသူများရဲ့ ကြိုးကိုင်ခံနေရတဲ့ အဖွဲ့အစည်းလား၊ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီတွေ၊ လူပုဂ္ဂိုလ်တွေဟာ သာတူညီမျှ အခွင့်အရေးတွေ ရရဲ့လား စသည်ဖြင့် မေးစရာ မေးခွန်းတွေ ရှိလာ ပါတယ်။

အခု ကျင်းပတော့မယ့် ရွေးကောက်ပွဲဟာ အထက်မှာ မေးခဲ့တဲ့ မေးခွန်း ဘယ်နှစ်ခုနဲ့များ ငြိစွန်းနေမလဲလို့ ကြည့်လိုက်တဲ့အခါ အားလုံး ငြိစွန်းနေတာကို တွေ့ရပါတယ်။ တရားမျှမှု၊ လွတ်လပ်မှု မရှိဘူး။ ကျင်းပတဲ့ ကော်မရှင်က န၊ အ၊ ဖ ဖွဲ့ပေးတဲ့ ကော်မရှင်၊ ပါဝင်ယှဉ်ပြိုင် ကြမယ့် ပါတီတွေထဲမှာ ကြံ့ဖွံ့ တစ်ပါတီပဲ အခွင့်အရေးတွေ ရနေတယ်။

အခွင့်အရေးဆိုတာ မဲဆွယ်စည်းရုံးတာ၊ ရွေးကောက်ပွဲအတွက် ငွေကြေးသုံးစွဲတာ၊ ကြိုတင်မဲယူတာ စတဲ့ အချက်တွေကို ပြောတာပါ။

ကြံ့ဖွံ့ပါတီရဲ့ ခေါင်းဆောင်တွေဟာ စစ်အုပ်စု ခေါင်းဆောင်တွေပဲ ဖြစ်နေတော့ ဒီအခွင့်အရေးကို သူတို့ပဲ ရနေတာ ဆန်းတော့မဆန်းပါ ဘူး။ ကော်မရှင်ကလည်း ကြံ့ဖွံ့ပါတီ လုပ်နေ ကိုင်နေတာတွေနဲ့ ပတ်သက်လို့ ဒါတော့ ဥပဒေနဲ့ ညီတယ်၊ ဒါတော့ ဥပဒေနဲ့ မညီဘူးလို့ မပြောရဲပါဘူး။ သူတို့တွေ လုပ်ချင် ဖြစ်ချင်တဲ့ ကိစ္စမျိုးဆိုရင် တရားဝင် ပြဋ္ဌာန်းထားတဲ့ ကော်မရှင် ဥပဒေကိုတောင် ချိုးဖောက်ပြီး လုပ်ပေး နေရတာမျိုးတွေ ရှိနေတာကို တွေ့ရပါတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးခွင့် ပေးတာမျိုးပါ။

တကယ်တော့ ဒေါ်စုဟာ မဲပေးခွင့် မရှိပါဘူး။ ပြစ်ဒဏ် ကျခံနေရတဲ့လူ တစ်ယောက်ဟာ မဲပေးခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားပြီးသားပါ။ ဒါဖြင့် ဘာကြောင့် မဲပေးခွင့်ကို ကော်မရှင်က ခွင့်ပြုရသလဲ။

ရှင်းပါတယ်။ စစ်အုပ်စု အလိုကျ ခွင့်ပြုပေးလိုက်တာပါပဲ။

ဒေါ်စုကို မဲပေးခွင့် ပြုလိုက်ခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ အတိုင်းအတာ တစ်ခုလောက်တော့ မျက်နှာရကောင်းရဲ့လို့ သူတို့ တွေးထားကြဟန် တူပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်ပါဘူး။ ဒေါ်စုကလည်း မဲပေးမှာ မဟုတ်ပါဘူး။

အဲဒီမှာ နောက်ထပ် ပြောစရာတစ်ခု သူတို့ ရလာကြပါတယ်။

ဒေါ်စုဟာ ရွေးကောက်ပွဲကို မလိုလားဘူး၊ ဖျက်လိုဖျက်ဆီး လုပ်နေတယ်လို့ အစိုးရပိုင် မီဒီယာတွေကနေပြီး ပြောလာပါလိမ့်မယ်။ ဒါကလည်း အသိရှိရှိ၊ သတိရှိရှိ လုပ်တဲ့ ကိစ္စတစ်ခုပါပဲ။

အခုဆိုရင် နိုင်ငံပိုင် သတင်းစာတွေထဲမှာ “ရွေးကောက်ပွဲကြီး ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ဆောင်ရွက်နေသူများအား နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲ၍ ၀ိုင်းဝန်းဆန့်ကျင် တာဆီးသွားရန် လိုအပ်” ဆိုတဲ့ ကြွေးကြော်သံလိုလို ဘာလိုလို စာသားတွေကို စာလုံးမည်းကြီးတွေနဲ့ ဖော်ပြနေတာကို တွေ့နေရပါပြီ။ ဒါဟာ အချိတ်အဆက်ရှိရှိ လုပ်တဲ့ လုပ်ရပ်တစ်ခုသာ ဖြစ်ပါတယ်။

ဒေါ်စုက- မဲပေးတာ ဒီမိုကရေစီ ဖြစ်သလို မဲမပေးတာလည်း ဒီမိုကရေစီပဲ ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီ ပေးပို့ထားသူပါ။ တော်တော် ပျံ့နှံ့နေတဲ့ စကားလည်း ဖြစ်ပါတယ်။ စစ်အုပ်စု အမြင်မှာတော့ ဒါဟာ ရွေး ကောက်ပွဲကို ပျက်စီးအောင် လုပ်တာလို့ မြင်နေမှာ သေချာပါတယ်။ ဒါကို သူတို့ ဘယ်လို တုံ့ပြန်မှာလဲ။ အဖြေက ရှင်းရှင်းလေးပါ။

သတင်းစာမှာ ရေးထားတဲ့ ဥပဒေ လေ့လာသူ တစ်ဦးရဲ့ ဆောင်းပါးမှာ ရွေးကောက်ပွဲမှာ မဲမပေးအောင် စည်းရုံးလှုံ့ဆော်ရင် ထောင်ဒဏ် တစ်နှစ်၊ ဒဏ်ငွေ တစ်သိန်း ပြစ်ဒဏ် ချနိုင်တယ်လို့ ရေးထားပါတယ်။ စောစောက ပြောခဲ့တဲ့ အဖြေက ရှင်းရှင်းလေးပါဆိုတာ အဲဒါပါပဲ။

ဒေါ်စုဟာ ကိုယ်တိုင် မဲပေးမှုကို မလုပ်တဲ့အပြင် အခြားလူတွေ မဲမပေးအောင်လည်း လှုံ့ဆော်စည်းရုံးတဲ့အတွက် ဥပဒေလေ့လာသူ တစ်ဦးရဲ့ စကားရပ်အတိုင်း ထောင်ဒဏ် တစ်နှစ်ပေါ့။

ဒါဟာ ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်အပြီး ကြုံတွေ့ရမယ့် ထင်ရာစိုင်း၊ လိုရာရေး ဥပဒေများအောက်က ဗမာ့ဒီမိုကရေစီရဲ့ အလားအလာပါပဲ။

XS
SM
MD
LG