သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၉၉.၉% အနိုင်ရရှိ


နိုဝင်ဘာ (၇) ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ပါတီတွေဟာ သက်ဆိုင်ရာနယ်မြေအသီးသီးမှာ မဲဆွယ်စည်းရုံးမှုတွေ စတင်နေကြပါပြီ။ အဲ့ဒီပါတီတွေထဲမှာ ကိုယ်စားလှယ်လောင်းအများဆုံးနဲ့ လွှတ်တော်သုံးရပ်လုံးမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပါဝင်အရွေးခံမယ့် ပါတီကတော့ အားလုံးသိကြတဲ့အတိုင်း ကြံ့ခိုင်ရေးပါတီပဲဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီဆိုတာ ၁၉၉၃ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လူမှုရေးအသင်းအမည်ခံ ကြံ့ခိုင်ရေးနဲဖွံ့ဖြိုးရေးအသင်းကို ပါတီအသွင်ပြောင်းခဲ့တဲ့ ပါတီဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအသင်းရဲ့ အမွေအားလုံးကို ဆက်ခံတယ်ဆိုတဲ့အတိုင်း အသင်းပိုင်ငွေကြေး ရန်ပုံငွေ၊ မြေယာအဆောက်အအုံ၊ မော်တော်ယာဉ် စသည့် ပိုင်ဆိုင်သမျှ အားလုံးကို လွဲှပြောင်းရယူခဲ့တဲ့ပါတီလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် နိင်ငံတော်ပိုင်ပစ္စည်း၊ ပြည်သူပိုင်ပစ္စည်းတွေကို လွဲှပြောင်းရယူ အသုံးချနေတယ်လို့ ဆိုနိုင်ပါတယ်။

ဘာ့ကြောင့်လဲ။ အဖြေကရှင်းပါတယ်။ စတင်တည်ထောင်စဉ်က လူမှုရေးအသင်းလို့ အမည်ခံခဲ့ပါတယ်။ နိင်ငံတော် အကြီးအကဲနဲ့ အစိုးရအာဏာပိုင် အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ဦးဆောင်ခဲ့ပါတယ်။ နိုင်ငံတော်ပိုင်ငွေ၊ ပြည်သူပိုင်ငွေကျပ် သိန်းပေါင်း ၆ဝဝဝ မတည်ထည့်ဝင်ခဲ့တာပါ။ အဖွဲ့ဝင်တွေအဖြစ် ကျောင်းသား၊ ကျောင်သူ၊ တပ်မတော်သားများပါမကျန်၊ နိုင်ငံဝန်ထမ်းအားလုံးကို မဝင်မနေရ အသင်းဝင်စေခဲ့တာလည်းဖြစ်ပါတယ်။ အသင်းဝင်ကြေးနဲ့ နစ်စဉ်ကြေးတွေ ပေးခဲ့ကြရတယ်။

ဟော ... အခုတော့ အဲ့ဒီငွေကြေး ရန်ပုံငွေတွေနဲ့ ပိုင်ဆိုင်သမျှအားလုံးကို ကြံ့ခိုင်ရေးပါတီက မောင်ပိုင်စီးသွားခဲ့ပါပြီ။ အဲ့ဒီလို မောင်ပိုင်စီးသွားတာ၊ လွဲှပြောင်းရယူသွားတာဟာ တရားဝင်ပါရဲ့လား။ မျှတမှုရောရှိပါသလား။ တစ်ခါရွေးကောက်ပွဲ ဥပဒေပါ အချက်တွေနဲ့ရော ညီညွတ်ပါရဲ့လား စတဲ့ မေးခွန်းတွေ တသီကြီးပေါ်လာပါတော့တယ်။

မျှတမှုရှိ မရှိ၊ ဥပဒေနဲ့ ညီမညီတော့ မသိပါ။ ခုတလော ဂျာနယ်တွေထဲမှာ ကြံ့ခိုင်ရေးပါတီက ဒေသခံပြည်သူတွေ၊ တောင်သူလယ်သမားတွေကို ငွေထုတ်ချေး နေတဲ့သတင်းတွေဖတ်နေရ၊ တွေ့နေရပါတယ်။ ပိုပြီးတိတိကျကျပြောရရင်တော့ ၂ဝ၁ဝ စက်တင်ဘာလ (၁ဝ) ရက်နေ့ ထုတ် Weekly Eleven ဂျာနယ်မှာ ရွေးကောက်ပွဲအကြိုကာလတွင် ပြည်ထောင်စု

ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်သမားများကို ကျပ်သိန်းပေါင်း ရှစ်သောင်းကျော်ထုတ်ချေး'' ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ သိန်းပေါင်းရှစ်သောင်းတဲ့။ နည်းနည်းနောနော ပမာဏမဟုတ်ပါ။ ဒါက ရန်ကုန်တိုင်းတစ်ခုတည်းမှာ ထုတ်ချေးသုံးစွဲတဲ့ ပမဏပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ကျပ်သိန်းပေါင်း ဘယ်နှစ်သိန်းများရှိမလဲဆိုတာ စဉ်းစားသာကြကြည့်ပါတော့။

ဒီလောက်များပြားတဲ့ ငွေတွေဘယ်ကရပါသလဲ။ ၁၉၉၃ ခုနှစ်ကတည်းက ကြံ့ခိုင်ရေးအသင်းကို တည်ထောင်ခဲ့တာပါ၊ ဘာ့ကြောင့် အခုမှ ငွေတွေထုတ်ချေးရတာလဲ၊ ၂ဝ၁ဝ ကျမှပဲ လူမှုရေးစိတ်ဓာတ်တွေ နိုးကြားပြီး ပြည်သူ့အကျိုးကို သယ်ပိုးချင်စိတ်တွေ ဖြစ်ပေါ်လာရတာလဲ၊ အဖြေက ဗေဒင်မေးနေစရာ မလိုအောင်ရှင်းပါတယ်။ မဲရချင်လို့ပါ။ ရွေးကောက်ပွဲမှာ နိုင်ချင်လို့ပါ။ အခုလို ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ် စည်းရုံးတဲ့အနေနဲ့ အခုလိုကျပ်သိန်းပေါင်း သောင်းနဲ့ချီ သုံးစွဲခွင့်ရော ရှိပါသလား။ ရွေးကောက်ပွဲ ဥပဒေက ကိုယ်စားလှယ်လောင်း တစ်ယောက်အတွက် ရွေးကောက်ပွဲ အသုံးစရိတ်ကို ကျပ်သိန်းတစ်ရာသာ အသုံးပြုရမယ်လို့ ကန့်သတ်ထားရုံတင်မကပါဘူး။ အဲ့ဒီငွေဟာ ဘယ်ကလာသလဲ။ ဘယ်ကရသလဲဆိုတာ စာရင်းပြကြရမှာပါ။ တနည်းအားဖြင့် ငွေဖြူဖြစ်ကြောင်း ရှင်းလင်းတင်ပြရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ရွေးကောက်ပွဲဝင်မယ့် ပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီဟာ ကိုယ်စားလှယ်လောင်းအများဆုံး၊ ဒါအပြင် စစ်တပ်က ကျောထောက်နောက်ခံပေးထားပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဝန်ကလေးတွေ ဦးဆောင်နေတာမို့ လုပ်ပိုင်ခွင့်ကလည်း အရှိဆုံးဆိုတာ ရှင်းနေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ဟာ နိုဝင်ဘာ (၇) ရက်ဆိုပေမယ့် ရွေးကောက်ပွဲအဖြေက အခုကတည်းက ထွက်နေပြီလို့ ဆိုနိုင်ပါတယ်။ ၉၉.၉% နဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိသွားကြောင်းပါဗျာ။

XS
SM
MD
LG