ဆွေးခုနှစ်ဆက် မျိုးခုနှစ်ဆက် စစ်ကျွန်ဖြစ်ဖို့ ဦးတည်သွားနေတဲ့ ရွေးကောက်ပွဲကတော့ စစ်တပ်က ဦးစီးပြီး နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပတော့မယ်။ လူထုက တကယ်ရော ဒီ ရွေးကောက်ပွဲကို စိတ်ဝင်စားကြရဲ့လား။ ကျနော်အထင်တော့ သိပ်စိတ်မဝင်စားကြဘူးလို့ ထင်တယ်။ ဘာလို့ စိတ်မဝင်စားကြတာလဲ။ နိုင်ငံရေးကို ကိုယ့်ထမင်းလုတ်လောက် အာရုံမထားနိုင်တာလည်းပါတယ်။ ပြီးတော့ နအဖ အစိုးရကလည်း နိုင်ငံရေးနဲ့ လူထုနဲ့ ဝေးသထက်ဝေးအောင် နှစ်ပေါင်းများစွာ လုပ်ထားတာ။ နိုင်ငံရေးကို ကြောက်အောင် ခြောက်လှန့်ထားတာလည်း ပါတယ်။ ပြီးတော့ လူအများစုဟာ နအဖလုပ်နေတဲ့ ကိုယ့်မဲ ကိုယ်မပေးလိုက်ရဘဲ ထောက်ခံမဲတွေ ဖြစ်သွားတာမျိုး ပြီးတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်မှုလည်းမရှိ၊ တရားမျှတမှုလည်း ရှိမှာ မဟုတ်ဘူးလို့ လူအများက သိနေတာရယ်။ နောက်ပိုင်း တေးထားတဲ့ ကိုယ့်ဖဲထုပ်နဲ့ ကိုယ်လာပြီး ကိုယ့်ဘာသာ ကုလားဖန်ထိုး ကိုယ့်ဘာသာ ဖဲချိုး ကိုယ့်ဘာသာဝေ။ ပြီးတော့ တဝိုင်းလုံးသိမ်း အနိုင်ရိုက်ရုံမကဘူး အိမ်ပေါင် ယာပြောင်ဖြစ်မယ့် ကစားဝိုင်းလို့ လူထုက နားလည်နေတာကြောင့် ဒီရွေးကောက်ပွဲကို စိတ်မဝင်စားကြတာပါ။
ဒီတော့ ရွေးကောက်ပွဲကို စိတ်မဝင်စားရင် ဒီအတိုင်း ထိုင်နေကြမှာလား။ ကိုယ်မကြိုက်တဲ့ ရွေးကောက်ပွဲ။ ကိုယ်လက်မခံတဲ့ ရွေးကောက်ပွဲကို ကိုယ်ဘာလုပ်နိုင်သလဲ။ ကျနော်တော့ ပြောလို့ဆိုလို့ ရမယ်လူတွေ။ ကျနော်ကို ဒုက္ခမပေးလောက်ဘူးထင်တဲ့ သူတွေကို ရွေးကောက်ပွဲမှာ မဲသွားမထည့်ဖို့ ပြောတာလောက်ပဲ လုပ်နိုင်တာမို့ မဲမပေးခွင့်လည်း ရှိတယ်။ မဲသွားမပေးကြနဲ့လို့ ပြောရ၊ ဟောရပါတယ်။ လူအများစုက ကြောက်စိတ်ဝင်နေကြတယ်။ မဲမပေးဘဲနေရင် ရတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့ အမတ်လောင်း မဟုတ်ရင် မဲမပေးဘဲ နေလို့ရတယ်ဆိုတာ မသိကြဘူး။ ဒီလိုဆိုရင် သူတို့က ကျုပ်တို့မဲတွေကို သူတို့ဘာသာ ကောက်ထည့်သွားမှာပေါ့လို့ ပြောသူကလည်း ပြောကြသေးတယ်။ ပြောကြတဲ့သူတွေလည်း မလွန်ပါဘူး။ သူတို့က ဒီစကားကို ယုံယုံကြည်ကြည် ပြောနေကြတာလေ။ အထူးသဖြင့် အစိုးရဝန်ထမ်းလောကမှာ ဒီလို အပြောအဆိုမျိုးတွေ ပြောကြလေ့ရှိတယ်။ သူတို့ခင်မျာ ဝန်းထမ်းဘဝမှာ ခေါက်ရိုးကျိုးနေကြရှာတယ်။ ကျိုးနေတဲ့ ခေါက်ရိုးထဲမှာ အကြောက်တရားရယ်၊ ဘယ်အစိုးရတက်တက် ငါတို့ဘဝ ဒီလိုပဲ နေမှာပါ ဆိုတဲ့ မထူးဇာတ်ကို ကိုယ်တိုင်ပါဝင် ကပြနေကြရရှာတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒီ ရွေးကောက်ပွဲကို သပိတ်မှောက်မယ်တဲ့ ကျနော်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တယောက် မဟုတ်ပေမယ့် ရွေးကောက်ပွဲကို အခုလို လမ်းစဉ်ချမှတ်ပြီး သပိတ်မှောက်တာကို ကြိုဆိုထောက်ခံပါတယ်။
ပြည်တွင်း မီဒီယာတွေမှာ နယ်ခြားစောင့်တပ်တွေဖွဲ့တဲ့ သတင်းတွေ၊ တက္ကသိုလ်မြတ်သူ နဲ့ ဒေါက်တာတင်ထွန်းဦး တို့ ပြည်ခိုင်ဖြိုးပါတီ ဝင်ရောက်အားဖြည့်၊ ဦးချစ်ခင်ရဲ့ ဧဒင်အုပ်စု ကုမ္မဏီမှ ဖွင့်မည့် မြန်မာ့ရှေ့ဆောင် ရန်ကုန်ဘဏ်ခွဲနှစ်ခု၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ရွေးကောက်ပွဲ လုပ်ငန်းသရုပ်ပြ ရှင်းလင်းပွဲကျင်းပ။ ရခိုင်ပြည်နယ် အမ်းမြို့နယ် မင်းဘူး၊ အမ်း၊ စစ်တွေ လမ်းပေါ်ရှိ သယု (ပဲပဒုံ) ကြိုးတံတားဖွင့်ပွဲ အခမ်းအနား ကျင်းပဆိုတဲ့ သတင်းတွေ ပါရှိနေချိန်မှာ ဒီ ဆောင်းပါးကို ရေးပါတယ်။
သပိတ်၊ သပိတ် ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ဒီ အသံကျယ်စေချင်တယ်။ တနိုင်တပိုင် လက်တို့ပြောတဲ့ နည်းနည်းဖြစ်ဖြစ် မီဒီယာမျိုးစုံကပဲ အသံပေးရေးသားလို့ဖြစ်ဖြစ် ကြောက်စိတ်တွေ ပျောက်ကုန်အောင် သပိတ်သံ နာနာပေးမှ တော်ခါကြလိမ့်မယ်။
ဆရာဦးဝင်တင် ပြောခဲ့ဖူးတဲ့စကားကို ကိုးကားပြီး ဒီ ဆောင်းပါးကို အဆုံးသတ်ပါမယ်။ “ငရဲ ကူးတို့စီးပြီး ငရဲ မလိုက်ကြပါနဲ့။ တာဝတိ ံသာ သွားခွင့်မရှိရင် ဘယ်မှ မသွားဘူး။ စစ်ငရဲကို သွားမယ် ငရဲကူးတို့ကို မစီးကြပါနဲ့”