သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီရွေးကောက်ပွဲမှာ မဲမပေးတော့ဘူး


ရွေးကောက်ပွဲဆိုတာ မဲဆန္ဒရှင်တွေက ကိုယ့်ကိုယ်စား တိုင်းပြည်အတွက် ဘယ်သူတွေကိုလုပ်ဖို့ တာဝန်ပေးချင်သလည်းဆိုတာကို ဆန္ဒပြုပြီးတော့မှ မဲပေးတာဖြစ်ပါတယ်။ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ တိုင်းပြည်ကို စီမံခန့်ခွဲဖို့ ဘယ်သူ့ကိုတာဝန် ပေးသင့်သလဲ၊ ကျွန်တော်က မဲဆန္ဒရှင်တစ်ယောက်နေနဲ့ စဉ်းစားကြည့်ပါတယ်။ ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ကျော်ဝင်ပြိုင်တဲ့ ကြံ့ခိုင်ရေး ပါတီကို ကျွန်တော် ကြိုက်ပါဘူး၊ ကိုယ်စားလှယ်ပေါင်း ၁၀၀၀ လောက်ဝင်ပြိုင်မဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကိုလည်း ကျနော်မရွေးချင်ဘူး ၊ ကျန်တဲ့ ပါတီတွေကြည့်လိုက်တော့လည်း ကျနော် လက်ခံနိုင်တဲ့ ကိုယ်စားလှယ်လောင်း မတွေ့ရပါဘူး။

နောက်တစ်ခါ ပြိုင်ပွဲကလည်း ကိုယ်စားလှယ်လောင်း အရေအတွက်တွေ ကြည့်လိုက်တဲ့အခါမှာ တကယ့်ကို ဆင်နဲ့ဆိတ်နဲ့လောက်ကွာနေတာ၊ ဆင်နဲ့ဆိတ်တောင် မဟုတ်ဘူး။ ဆင်နဲ့ပုရွက်ဆိတ်လောက်ကို ကွာနေပါတယ်၊ ၁၀၀၀ ကျော် ပြိုင်တဲ့သူနဲ့ တချို့ပါတီဆို ကိုးယောက်တို့ ခုနှစ်ယောက်တို့ ခြောက်ယောက်တို့ အဲလို ပြိုင်တာမျိုးတွေနဲ့ဆိုတော့ မတရားကိုကွာလွန်းနေပါတယ်၊ အဲဒီတော့ ဒီပွဲက မမျှတတဲ့ပွဲဖြစ်နေတော့ ကျွန်တော်ကတော့ အားမပေးချင်ဘူး။ နောက်တခါ ကျွန်တော့်ကိုယ်စား လွဲအပ်ပေးနိုင်လောက်တဲ့ ကိုယ်စားလှယ် မရှိတဲ့အတွက်ကြောင့် ကျွန်တော်ကြိုက်တဲ့ ကိုယ်စားလှယ် မပါတဲ့အတွက်ကြောင့်မို့ ကျွန်တော်ကတော့ ဒီရွေးကောက်ပွဲမှာ မဲမပေးတော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။

ကျွန်တော်တို့မှာ မဲမပေးချင်ရင် မပေးပဲနေနိုင်ခွင့် ရှိပါတယ်၊ ဒါကို လူတိုင်းလည်း သိဖို့လိုပါတယ် ၊ ဒါဟာ ကျွန်တော်တို့ရဲ့ အခွင့်အရေးပါပဲ။ ပေးချင်ရင်လည်း ကျွန်တော်တို့ ပေးသင့်တဲ့ ကိုယ်စားလှယ်လောင်းရှိရင် မဲပေးရမယ် ဒါ ကျွန်တော်တို့ အခွင့်အရေး၊ မရှိဘူး မပေးချင်ဘူးဆိုရင်လည်း ကျွန်တော်တို့ဟာ မပေးပဲနေနိုင်တဲ့ အခွင့်အရေးရှိပါတယ်။ အိမ်ထောင်မှုဘုရားတည် ဆေးမှင်ရည်စုပ်ထိုး ဆိုတာထက် ဒီတိုင်းပြည်ကို လွဲအပ်ပေးရမဲ့ကိစ္စက ပိုပြီးတော့အရေးကြီးပါတယ်၊ ခုနက အိမ်ထောင်မှု ဘုရားတည်တာက တစ်ဦးတစ်ယောက်ချင်းရဲ့ ကိစ္စဖြစ်ပါတယ်။ ပြင်ရခက်တယ်ဆိုပေမယ့်။ အစိုးရအဖွဲ့တစ်ဖွဲ့ ရွေးပေးဖို့ မဲပေးတာက တစ်နိုင်ငံလုံး ကိစ္စဖြစ်တော့ လွဲသွားတယ်၊ မှားသွားတယ်၊ အဲဒီထဲမှာ ကိုယ်ဟာ တလွဲတမှားကိုဝင်ပြီး လုပ်မိတယ်ဆိုရင် ပိုပြီးပြင်ရခက်မယ့်ကိစ္စကြီး ဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ ကျွန်တော့်အမြင်ကတော့ အားနာလို့ပဲဖြစ်ဖြစ် ကြောက်လို့ပဲဖြစ်ဖြစ် တော့ မဲမပေးသင့်ဘူး ထင်ပါတယ်၊ ကိုယ်တကယ် နှစ်သက်သဘောကျတဲ့ ကိုယ်စားလှယ်လောင်း ကိုယ့်အကျိုး ကိုယ့်နိုင်ငံအကျိုးကို တကယ်ဆောင်ရွက် ပေးလိမ့်မယ်လို့ ယုံကြည်စိတ်ချရတဲ့ ကိုယ်စားလှယ်လောင်း ရှိမှသာ ကျွန်တော်တို့ ဆန္ဒမဲကို မဲပေးသင့်တယ်ထင်ပါတယ်။ ကိုယ့်ရဲ့ဆန္ဒ ကိုယ့်ရဲ့မဲတစ်ပြားကိုတော့ တန်ဖိုးထားသင့်တယ် ထင်ပါတယ်၊ အလွယ်တကူ ဆုံးဖြတ်ပြီးတော့ မဲမပေးသင့်ဘူးလို့ လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မြင်ပါတယ်။

XS
SM
MD
LG