သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာအရေးကြီးဆုံးလဲ?


ရွေးကောက်ပွဲကို ဘယ်လိုသဘောထားလဲဆိုရင် ဘယ်လိုမှ သဘောမထားဘူးလို့ပဲဖြေရမှာပဲ။ ဒီရွေးကောက်ပွဲဟာ လူထုအတွက်လုပ်တာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင်ဖြစ်အောင် နိုင်ငံတကာက တရားဝင်အသိအမှတ်ပြုအောင် ရွေးကောက်ပွဲနာမည်ခံပြီး လုပ်တာလို့မြင်တယ်။ တခြားဘယ်ပါတီမှမပါလည်း ကြံ့ဖွံ့ပါတီ၊ တစညပါတီနဲ့ သူတို့လူတွေနဲ့ ဖွဲ့တဲ့ပါတီတွေချည်းပဲ ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင်လုပ်မှာ။

ရွေးကောက်ပွဲဝင်တဲ့ ပါတီတွေနဲ့ ပတ်သက်လို့ ညီညွတ်ရေ့းအမြင် အခြေခံပေါ်က ကြည့်ပြီးတော့ ဘာမှအပြစ်တင်ဝေဖန်တာမျိုးမပြောချင်ပါ။ ဒီအပေါက်ထဲဝင်တိုးပြီး တစ်ခုခုလုပ်လို့ရမယ်ထင်လို့ လုပ်ကြတာလို့ပဲ သဘာထားပါတယ်။ အဲဒီထဲက ခေါင်းဆောင်တချို့ဟာ ရွေးကောက်ပွဲဝင်ပြီး ဖွဲ့စည်းပုံကို လွတ်တော်ထဲမှာ ပြင်လို့ရမယ်ထင်လို့ အတိုက်အခံတစ်စုံတစ်ရာ လုပ်လို့ရမယ်ထင်လို့ ပါတီထောင်ကြတာဟာ ရွေးကောက်ပွဲ အောင်မြင်အောင် ဝိုင်းပြီးကူညီသလိုတော့ဖြစ်နေတယ် အမတ်ဖြစ်သွားလည်း လွတ်တော်ထဲမှာ မယ်မယ်ရရ ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့မြင်တယ်။

နောက်တစ်လိုင်းက ရွေးကောက်ပွဲသပိတ်မှောက်ရေးလိုင်း။ စစ်အာဏာရှင်စနစ် တရားဝင် သက်စိုးရှည်အောင်လုပ်ပြီး ပါလီမန်ထဲမှာလည်း အတိုက်အခံတွေ လှုပ်လို့မရ အောင် လုပ်ထားမှာကို ကြိုတွက်လို့ရနေတဲ့ ရွေးကောက်ပွဲဆိုတာကို ဘာဖြစ်လို့ သဘောတူရမှာလဲ။

၉၀ ရွေးကောက်ပွဲ ရလဒ်တစ်ခုလုံးကို သဲထဲရေသွန်သလို အရာမထင်အောင်လုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ၉၀ ရလဒ်ပိုင်ရှင်တွေက ဘယ်နည်းနဲ့ ဆန့်ကျင်ဆန့်ကျင်၊ မဲဆန္ဒရှင် ပြည်သူတစ်ယောက်အနေနဲ့ သဘောတူတယ်။ ပါတီမှတ်ပုံ ပြန်မတင်တာ သဘောတူတယ်။ နောက်တစ်ဆင့်မှာ ရွေးကောက်ပွဲ သပိတ်မှောက်မယ်ဆိုတာကိုလည်း သဘောတူတယ်။ မဲမထည့်ဘူး၊ မဲရုံမသွားဘူးတဲ့။ သဘောတူတယ်၊ ပြည်သူတွေတကယ်လုပ်ရဲအောင်၊ လုပ်ချင်လာအောင် ဘယ်လိုတွန်းအားပေးမလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ သပိတ်မှောက်ချင်တဲ့ လူထုကို ရဲဆေးတင်ပေးကြမလဲ။ ဒါဟာ တကယ့်ကိုစဉ်းစားရမယ့်ကိစ္စလို့ ထင်တယ်။ ဆန္ဒခံယူပွဲတုန်းက အားနည်းချက်တွေကို သင်ခန်းစာယူပြီး အခုအခြေအနေနဲ့ ပေါင်းစပ်စဉ်းစားသင့်တယ်။

ဒီနေရာမှာ စဉ်းစားမိတာကတော့ သပိတ်မှောက်တဲ့ဘက်က အင်အားများတယ်ဆိုရင်တော့ သပိတ်မှောက်တဲ့ဘက် ရည်ရွယ်ချက်အောင်မြင်တယ်လို့ သတ်မှတ်နိုင်တယ်။ ရွေးကောက်ပွဲကတော့ ပျက်သွားမှာမဟုတ်ဘူး။ ကြံ့ဖွံ့ပါတီဝင် ဆယ်ယောက် လောက်နဲ့ အမတ်လောင်း ပါတီကိုယ်စားလှယ်ဘက်က ၂ ယောက်လောက်ထည့်တယ်ဆိုရင်လည်း သူတို့က ရွေးကောက်ပွဲ အထမြောက်တယ်လို့ ကြေညာမှာသေချာတယ်။ ပြိုင်ဘက်မရှိရင် မဲပုံးတောင် မထောင်တော့ဘဲ အနိုင်ရတယ်လို့ ကြေညာမယ်လို့တောင် ပြောထားပြီးသားပဲ။

ဒါကြောင့် ရွေးကောက်ပွဲကို ဘယ်လို သဘောထားသလဲဆိုတဲ့ မေးခွန်းကိုဖြေမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို (ပြင်ရမယ်၊ ဖျက်ရမယ်) ဆိုတဲ့သဘောထား ခိုင်ခိုင်မာမာရှိနေရင် အဲဒီဖွဲ့စည်းပုံရဲ့ နောက်ဆက်တွဲလုပ်တဲ့ ကိစ္စတွေဟာ သိပ်အရေးမပါတော့ဘူး။ လက်ရှိ ဗမာပြည်ပြသာနာရဲ့ အညှာဟာ ၂၀၀၈ ဖွဲ့စည်းပုံဖြစ်နေလို့ပါပဲ။

လုပ်ဟန်ကွဲပေမယ့် သဘောထားချင်းမဝေးတဲ့ မကွဲတဲ့သူတွေကို ရန်သူလိုသဘောထားပြီး တိုက်နေရင် ကိုယ့်အင်အားတွေပဲ့သွား၊ ပြုန်းတီးသွားတာမျိုးဖြစ်တတ်တယ်။ စစ်အာဏာရှင်ဘက်က အဲဒီအခြေအနေမျိုး မကြာခဏ ဖန်တီးတတ်တာမို့ ဒီမိုကရေစီလိုလားသူအချင်းချင်းကြားမှာ အပြန်အလှန် နားလည်မှုထူထောင်ပြီး ခိုင်မာညီညွတ်တဲ့အင်အားကို တစ်စတစ်စ ကြီးထွားလာအောင် အမြင်ကျယ်၊ စိတ်ရှည်ပြီး ရေရှည်အကျိုးကြည့်တတ်သူတွေ များသထက်များအောင် ပျိုးထောင်ကြဖို့ပဲ အကြံပြုချင်ပါတယ်။

XS
SM
MD
LG