မြန်မာနိုင်ငံသားများအတွက် နအဖ စစ်အစိုးရ ဦးဆောင်ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲကြီး ကျင်းပရန် လပိုင်းသာလိုပေတော့သည်။
ရွေးကောက်ပွဲကျင်းပပေးမည့်ရက် အတိအကျသိရပြီဆိုကာ ကျေနပ်စွာ ကြိုဆိုကြသူများရှိသလို၊ စည်းရုံးရေး ကာလနည်းသဖြင့် မကျေမနပ် ပြောဆိုကြသံများလည်း ညံစီနေသည်။ တရားတယ် မတရားဘူး ပြောမနေဘဲ ရွေးကောက်ပွဲလုပ်ပေးသည့် စေတနာကိုပင် ကြိုဆိုရမည်ဟု နိုင်ငံရေး ဂုရုဆိုသူကြီးများကလည်း ပြောကြပြန်သည်။
၂၀၁၀ ရွေးကောက်ပွဲ စင်မြင့်ကန့်လန့်ကာတော့ ဖွင့်လိုက်ပေပြီ။ မနေ့တနေ့ကမှ စဖွဲ့စည်းကြရသည့် အချို့ပါတီများ ဤရွေးကောက်ပွဲ စင်မြင့်ထက်တွင် မည်သည့်ကကြိုးကကွက်ဖြင့် အသုံးတော်ခံ ကပြကြမည်နည်း။ ပြည်သူပရိသတ်ရှေ့ထွက် ကပြအသုံးတော်ခံကြမည့် နိုင်ငံရေးပါတီများအားလုံးကတော့ (ကြံ့ဖွံ့ပါတီမပါ) ကကြိုးကကွက်တို့ အိုးနင်းခွက်နင်း ကသုတ်ကယက်ဖြင့် ထွက်လာကြရမည်ကို မြင်နေရပေသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်တင်သွင်းရန် ကန့်သတ်ရက် တိုတောင်းမှုနှင့် စည်းရုံးရေးကာလ အချိန်နည်းမှုတို့က နအဖ၏ သကာလောင်း စကားကို ယုံစားကာ ရွေးကောက်ပွဲ ဝင်မိလေသူတို့ မျောက်မီးခဲကိုင်မိသည့်အဖြစ်လို ကြုံနေကြရ၏။
မဲဆန္ဒရှင်များအနေဖြင့်လည်း ကိုယ့်နိုင်ငံနှင့် ပြည်သူ့အရေး ဆောင်ရွက်ပေးနိုင်မည့်သူဟု အဘယ် နိုင်ငံရေးသမားကို ယုံမှတ်ပုံအပ်ကာ ရွေးချယ်ကြရမည်လဲ။ သေချာဂဃစွာ ဆုံးဖြတ်နိုင်ဖို့အချိန် ကာလအားဖြင့် နည်းလှပေသည်။ လွှတ်တော်သုံးရပ်စလုံးအတွက် ရွေးကြရမည်ဖြစ်ရာ ပို၍ပင် အရွေးခက်ကာ အချိန်ရရှိမှုနည်းလှပေ၏။ ဤသို့ အခက်အခဲ အကြပ်အတည်းများကြားက ပင်စစ်ဘက်အစိုးရမှ အရပ်ဘက်အစိုးရပေါ်လာမည်မို့ ကြိုဆိုကြရမည်ဆိုသူက ဆိုသည်။ အပြောင်းအလဲအတွက် အလင်းရောင်တွေ့လာပြီ၊ နေရာတခုရလာပြန်ပြီ ရလာသည့်နေရာ ဝင်ယူရမည်ဆိုသူက ဆိုပြန်၏။
နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်များ ကြိုက်ကြိုက် မကြိုက်ကြိုက် ကြိုဆိုဆို မကြိုဆိုဆို တဇောက်ကန်း စိတ်ဓါတ်နှင့် နအဖကတော့ သူဖြစ်ချင်တာ စွတ်လုပ်တတ်သော သာဓကများနည်းတူ ရွေးကောက်ပွဲကြီး ပြီးမြောက်အောင် လုပ်ပေလိမ့်မည်။ ထိုသို့လုပ်မှလည်း နိုင်ငံတကာကို ပြောထားသော (လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲပုံစံ ဖြစ်ချင်မှဖြစ်မည် မှန်သော်လည်း) ရွေးကောက်ပွဲ ကျင်းပပေးပါမည်ဆိုသည့် စကားကိုတော့ အကောင်အထည်ဖော်လိုက်ရာ ရောက်ပေမည်။
မဲဆန္ဒရှင်ပြည်သူများအတွက် ရွေးကောက်ပွဲဝင်ကြမည့် ပါတီများအကြောင်း၊ မဲဆန္ဒရှင်တို့၏ အခွင့်အရေး၊ လုပ်ပိုင်ခွင့် ရွေးချယ်ခွင့်များအကြောင်း အသိပညာပေးရမည့်၊ ပြည်တွင်းပုဂ္ဂလိက သတင်းမီဒီယာများအနေဖြင့်လည်း အကြပ်အတည်းများနှင့် ကြုံကြရ၏။ ပြည်သူကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနိုင်ဖို့ အချိန်က ဘာမျှမကျန်တော့၍ဖြစ်သည်။
နိုင်ငံတကာ စံနှုန်းများဖြင့်ချိန်ပါကလည်း ယခုရွေးကောက်ပွဲ ကျင်းပရန် ကြေညာသည့်ရက်သည် မဲဆန္ဒရှင်ပြည်သူ၊ ရွေးကောက်ပွဲဝင်မည့် ပါတီများနှင့် ရွေးကောက်ပွဲ ကော်မရှင်တို့အကြား ရလာဒ်မှန် ရရှိမှုမည်သို့ရှိလာမည်လည်း ခန့်မှန်းရခက်လှပေသည်။
ဤသို့ နိုင်ငံရေး အခက်အခဲ အကြပ်အတည်းပေါင်းစုံကြားက ကြုံကြရမည့် ၂၀၁၀ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီများအနေဖြင့် ဆက်တိုးဝင်သင့်မဝင်သင့်၊ မဲဆန္ဒရှင် ပြည်သူများအနေဖြင့်လည်း တပါတီတည်းသာ ပြန်လည်ကြီးဆိုးမည့် အခြေအနေတွင် မဲပေးသင့်မပေးသင့် အလေးအနက်စဉ်းစားကြရန်နှင့် အတုအယောင် ရွေးကောက်ပွဲကို မိမိတတ်နိုင်သည့်နည်းဖြင့် ဆန့်ကျင်တော်လှန်ကြရန် တိုက်တွန်းလိုက်ရပေသည်။