သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြည်တပေါက် တိုက်ချင်ပါရဲ့


၂၀၀၇ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ရက်ပေါင်း (၅၀) ကျော်သာ ကျန်ပါတော့တယ်။ အခုအချိန်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီပေါင်းစုံတွေဟာ ကိုယ်စားလှယ်လောင်းစာရင်းတွေ တင်သွင်းရ၊ စည်းရုံးရေးတွေလုပ်ရနဲ့ ရက်တိုတိုနဲ့ မဂ်ဖိုမြန်နေရှာတယ်။ အဲဒီအထဲမှာ ကိုယ်စားလှယ်လောင်း စာရင်းတွေအများဆုံးတင်သွင်းတဲ့ ကြံ့ခိုင်ရေးပါတီ၊ တစညပါတီရယ် အဲဒီပါတီတွေဟာ အရှင်မွေး နေခြင်းကြည့်လိုက်တဲ့ ပါတီတွေပါ။ အဲဒီပါတီတွေဟာ စင်ပေါ်ကပါတီတွေပါ။ ကျန်တဲ့ပါတီတွေဟာ စင်အောက်ကပါ။

ဒီတော့ နိုင်ငံရေးလုပ်ကြခြင်းအတူတူ စင်ပေါ်ကပါတီတွေကို စင်အောက်ကပါတီတွေက မော့ကြည့်နေရပါတယ်။ လောလောဆယ် မြန်မာပြည်နိုင်ငံရေး မြင်ကွင်းကျယ်ထဲက ရွေးကောက်ပွဲရှု့ခင်းကားတချပ်ကို အကြမ်းမျဉ်းလှမ်းကြည့်တာပါ။ တကယ်တော့ နအဖက သူ့ရဲ့ မြင်ကွင်းကျယ်ထဲမှာ အရှေ့အနောက်တောင်မြောက်က မြင်နိုင်တဲ့ ရွေးကောက်ပွဲကားချပ်ကလေး ရေးဆွဲပြတာပါ။

အဲဒါကိုတောင် စစ်ဆင်ရေးမလုပ်တာတောင် စီမံချက်တွေချမယ်။ စစ်ဆင်ရေးမှုးကိုရှာမယ်။ တပ်မတွေ၊ တပ်ရင်းတွေချမယ်။ ပြီးရင် စစ်ဆင်ရေးလုပ်တော့တာပဲ။ အခုလည်း ရွေးကောက်ပွဲကို လေ့လာကြည့်ပါ။ စီမံချက်တွေ ရေးပြီးပြီ။ ၂၀၀၈ အခြေခံဥပဒေပါပဲ။ အဲဒီကနေ မြစ်ဖျားခံလာပြီး ရွေးကောက်ပွဲကော်မရှင် ဖွဲ့တယ်။ ဟော့ စစ်ဆင်ရေး နဲ့ တပ်မတွေကြတော့ ရှင်းရှင်းလေး - ကြံ့ခိုင်ရေးပါတီတဲ့။ ဦးသိန်းစိန် ဥက္ကဌတဲ့။ တစညကတော့ သူတို့နဲ့ တပ်မတခုပါ။

နောက် နိုင်ငံရေးပါတီတွေဟာ ပထမတော့ ငြိမ်းချမ်းရေးအဖွဲ့တွေလိုပါပဲ နောက်တော့လည်း နယ်ခြားစောင့်ဖြစ်လာမယ့် အဖွဲ့တွေလို တပါတီ၊ နှစ်ပါတီကနေ တယောက်စ နှစ်ယောက်စလောက်သာ အရွေးခံရပြီး သူတို့ရဲ့ တပ်ရင်းတွေဖြစ်လာမှာပါ။

အဲဒီလို မြန်မာမြင်ကွင်းကျယ် ကားချပ်ကြီးလို ပြည်သူတွေက တွေ့မြင်ကြည့်ရှုနေဆဲပါ။

အခု ရွေးကောက်ပွဲလာပြီဆိုတော့ ပါတီနိုင်ငံရေးတွေ ထွက်လာခဲ့ကြတယ်။ ဘယ်ပါတီက ဘာညာပါတီတွေ ခါးပိုက်ဆောင်ပါတီတွေ၊ ဘယ်ပါတီတွေက မှတ်ပုံတင်ရ၊ ပါတီစာရင်း အင်အားစာရင်းတွေပေးရ။ အခု ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ တင်ရ။ ခွင့်ပြုမပြုတောင် ရှိသေးတယ်။ စည်းရုံးရေးအတွက် ဟိုမြို့သွားရ ဒီမြို့သွားရနဲ့ ဖြစ်နေတာ ဒါတွေကို ပြည်သူတွေက လူအချင်းချင်း သတင်းဆောင်ပြီး သိနေကြတယ်။

ကိုယ့်နိုင်ငံက မီဒီယာက သိနေတာ မဟုတ်ဘူး။ သတင်းစာ၊ ရေဒီယို၊ တီဗွီတွေကနေ တို့ရွေးကောက်ပွဲဟဲ့ဆိုပြီး ခေတ်အဆက်ဆက် ၁၉၉၀ ရွေးကောက်ပွဲကလို ရေးသားထုတ်လွှင့်နေတာ မဟုတ်ဘဲ၊ လူသတင်း လူချင်းဆောင်ရင် နောက် သူတို့ ခွင့်ပြုထားတဲ့ ဂျာနယ်တွေကနေ သိမြင်နေကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ခက်နေတာတခုရှိတယ်။ ပြည်သူတွေက ဘယ်ပါတီက ဘာညာပါတီ၊ နအဖပါတီ။ ဘယ်ပါတီဟာ ဘယ်သူတွေရဲ့ ပါတီ ဖဆပလဟောင်းတွေ။ ပမညတဟောင်းတွေ၊ ဒီမိုကရက်တစ်ဟောင်းတွေ၊ အန်အယ်လ်ဒီဟောင်းတွေနဲ့ တိုင်းရင်းသားပါတီလက်သစ်တွေ စသဖြင့် သိနေကြပေမယ့် ဘယ်မြို့မှာ ဘယ်သူတွေပြိုင်ကြမလဲ။ ပြိုင်ကြပါ ဘာညာပါတီတွေအစား ဘယ်သူတွေရဲ့ ပါတီတွေကို မဲပေးရမယ်ဆိုပေမယ့် ဘယ်သူ့ပေးရမလဲ ဇဝေဇဝါတွေ ဖြစ်နေပါတယ်။

တကယ်တော့ ကျောက်စရစ် ကုန်ခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာ ရေရှာမရသလို နအဖရဲ့ ရွေးကောက်ပွဲဆိုတဲ့ ဘာမှမရှိတဲ့ ကုန်ခေါင်ခေါင်မှာ အခုနပြောတဲ့ ဘယ်သူတွေရဲ့ ဖဆပလတို့၊ ပမညတတို့ ဒီမိုကရက်တစ်တို့၊ အန်အယ်လ်ဒီဟောင်းတို့၊ တိုင်းရင်းသားလက်သစ်တို့ အတောင်ကျွတ်တဲ့ ကြိုးကြာတွေ ရေရှာမရသလိုဖြစ်နေတဲ့ အချိန်မှာ ပြည်သူတွေက ရေကြည်တပေါက် တိုက်ချင်ပါရဲ့ မဲပေးချင်ပါရဲ့ ဒါပေမဲ့ ဘယ်သူတိုက်ရမလဲ ဖြစ်နေတော့တယ်။

XS
SM
MD
LG