စက်တင်ဘာလ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ဝေတဲ့ အစိုးရ သတင်းစာတွေမှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကို ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ဟောပြောစည်းရုံးခွင့် ပေးမယ်လို့ ကြေညာသွားပါတယ်။ တစ်ဆက်တည်းမှာပဲ သူတို့ သတ်မှတ်ပေးတဲ့ ရက်ပေါင်း (၆၀) အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ဆက်လက်လျှောက်ထားခြင်း မရှိလို့ဆိုပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ NLD အပါအ၀င် ပါတီ ငါးခုနဲ့၊ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီအင်အားစာရင်း၊ ကိုယ်စားလှယ်လောင်းစာရင်း မတင်ပြနိုင်တဲ့ ပါတီ ငါးခုကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၁၀ နိုဝင်ဘာ ၇ ရက်မှာ ၀င်ရောက်ယှဉ်ပြိုင်ကြဖို့က ပါတီပေါင်း (၃၇) ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ချို့ (စာရင်းအရ ၃၄ ဦးလို့ ဆိုပါတယ်) ပဲ ကျန်ပါတယ်။
အစိုးရရဲ့ ရေဒီယို၊ ရုပ်မြင်သံကြားကနေ ဟောပြောစည်းရုံးခွင့်မှာ ၃၀ ရက် ၁၀ လ ၂၀၁၀ နေ့အထိလို့ ဖော်ပြထားပေမဲ့ ဘယ်နေ့က စတင်ခွင့်ပြုမယ်ဆိုတာ ဖော်ပြထားခြင်း မရှိပါဘူး။ ပုဂ္ဂလိပိုင်ဂျာနယ် တစ်ခုမှာတော့ ၂၄-၉-၂၀၁၀ ကနေ ၃၀-၁၀-၂၀၁၀ အထိ ရက်ပေါင်း (၃၇) ရက်အတွင်း ပါတီ (၃၇) ပါတီကို တစ်နေ့ကို နှစ်ပါတီနှုန်းနဲ့ နှစ်ကြိမ်စီ အလှည့်ကျ ထုတ်လွှင့်ခွင့် ပြုမယ်ဆိုတဲ့ ဇယားချပ် ထည့်သွင်းဖော်ပြထားပါတယ်။ အဲဒီ ကြေညာချက်ထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အတွက် ရေဒီယို ရုပ်မြင်သံကြား ဟောပြောစည်းရုံးခွင့် မပါပါဘူး။ ဝင်ရောက် ယှဉ်ပြိုင်ကြမှာချင်း အတူတူ အခွင့်အရေး တန်းတူမရသလို ဖြစ်နေပါတယ်။
ဒီ့အပြင် (၁၅) မိနစ်စာ တစ်ကြိမ်၊ နှစ်ကြိမ် ထုတ်လွှင့်ခွင့် ရယုံနဲ့ မလုံလောက်ဘူးဆိုတာတော့ အထူးပြောစရာ မလိုတော့ပါဘူး။ ကြံ့ဖွံ့နဲ့ တ.စ.ည ကလွဲရင် ကျန်တဲ့ ပါတီတွေ အတွက်က သီချင်းရေးဆရာ ရှာဖို့၊ အဆိုရှင် ငှားဖို့၊ သီချင်းတိုက်ဖို့၊ အသံသွင်းဖို့၊ သီချင်းကို ဆင်ဆာခွင့်ပြုချက် စောင့်ရမှာတို့နဲ့ သိပ်မလွယ်လှပါဘူး။ ပြီးတော့ (၁၅) မိနစ်အတွင်းမှာပဲ ဟောပြော စည်းရုံးမယ့် စာသားရော၊ သီချင်းရော ကော်မရှင်က ခွင့်ပြုချက်ရမှု ဖြစ်မှာပါ။ ကော်မရှင်ရဲ့စည်းမျဉ်း စည်းကမ်းတွေထဲမှာ နိုင်ငံတော် အေးချမ်းသာယာရေးကို ထိခိုက်စေတာတို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်စေတာတို့ ဆိုတာ ဘာရယ်အတိအကျ မပြောထားဘဲ မကြိုက်ရင် မကြိုက်သလို တားမြစ် ပိတ်ပင်ခွင့် ရှိနေတာပေါ့။ မတရားတဲ့ ဥပဒေ စည်းမျဉ်း၊ စည်းကမ်းတွေ အောက်ကပဲ ရသလောက် လုပ်နေရတဲ့ သဘောလို့ ဆိုရမှာပါ။
ဒီမိုကရက်တစ်ပါတီ (ဥက္ကဋ္ဌ) ဦးသုဝေက ဂျာနယ်တစ်ခုနဲ့ အင်တာဗျူးမှာ ငွေကြေးအခက်အခဲကြောင့် (၄၉) ဦးပဲ ဝင်ပြိုင်ဖို့ လုပ်နိုင်ခဲ့တယ်လို့ ပြောနေတဲ့အချိန်မှာ၊ ကြံ့ဖွံ့က ထုတ်ဝေမယ့် ပါတီသတင်းစာစောင်က အပတ်စဉ် စောင်ရေ တစ်သိန်း ရိုက်နှိပ် ဖြန့်ဝေမယ်ဆိုတော့ ဓန အင်အားချင်း၊ ဘယ်လောက်ကွာနေလဲ ဆိုတာ ရှင်းနေပါပြီ။ ကြံ့ဖွံ့ကလွဲပြီး ကျန်တဲ့ပါတီတွေက ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကိုယ်ဝင်ပြိုင်မယ့် မဲဆန္ဒနယ်မှာ မဲပေးပိုင်ခွင့်ရှိသူဦးရေ ဘယ်လောက်ရှိမှန်း မသိနိုင်ကြပါဘူး။ သိအောင်လုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ ကြံ့ဖွံ့က လက်ရှိ အာဏာရ အစိုးရဖြစ်နေတော့ သူတို့လက်ထဲမှာ အချက်အလက် အားလုံး ရှိထားတယ်။ တစ်အိမ်တစ်ယောက် မလာမနေရ ဆင့်ခေါ်လို့လည်း ရတယ်။ ဒါက အာဏာနဲ့ လုပ်ပိုင်ခွင့်တွေ ဘယ်လောက် ကွာတယ်ဆိုတာ ရှင်းမနေဘူးလား။
ပိုဆိုးတာက စက်တင်ဘာ (၁၇) ရက်နေ့ထုတ် အစိုးရ သတင်းစာတွေထဲမှာ ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် နေရာများ စာရင်း ပါလာပါတယ်။ လုံခြုံရေးအရလို့ အကြောင်းပြထားပါတယ်။ ဒါဆိုရင် တိုင်းပြည်က န.အ.ဖ ပြောသလို တကယ် အေးချမ်းတည်ငြိမ်နေတာမျိုး မဟုတ်ဘူးလား မေးခွန်း ထုတ်ရပါလိမ့်မယ်။ မကျင်းပနိုင်တဲ့ နယ်မြေတစ်ချို့ဆိုရင် ရန်ကုန်နဲ့ သိပ်မဝေးလှတဲ့ ကျိုက်ထို၊ ဘီးလင်းထဲမှာတောင် ရှိတယ်။ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာလည်း အများကြီးပဲ။ ကိုယ့်ဒေသ ထောက်ခံမှုကို အားထားကြရမယ့် လူမျိုးစု ပါတီတွေ ဘယ်လိုလုပ်ကြမလဲ။ ကြံ့ဖွံ့က အာဏာလက်ဝယ် ရှိနေတာဆိုတော့ နယ်လှည့်ခရီးတွေ သွားရင်ဖြစ်စေ၊ အစည်းအဝေတွေမှာ ဖြစ်စေ၊ လမ်းဖွင့်ပွဲ၊ တံတားဖွင့်ပွဲတွေမှာ ဖြစ်စေ တရားဝင် မဲဆွယ် စည်းရုံးခွင့် ရနေတာ ကြာပါပြီ။ ကျန်တဲ့ ပါတီတွေသာ (၇) ရက်ကြိုပြီး ခွင့်ပြုချက်တောင်းရတာတို့၊ အချိန်နေရာ သတ်မှတ်ချက်တွေတို့နဲ့ ဘောင်ခတ်ခံထားရတာပါ။
ဒါ့ကြောင့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အခင်းအကျင်းကြီး တစ်ခုလုံးကို ခြုံပြီး ကြည့်လိုက်ရင် အပြေးပြိုင်ပွဲ တစ်ခုမှာ ကြံ့ဖွံ့ကို အကြောပေးထားရတဲ့ အပြင်၊ ကျန်တဲ့ပါတီတွေက ခြေကျင်းခတ်ပြီး ဝင်ပြေးရမှာလိုမျိုး ဖြစ်နေတယ်လို့ပဲ ဆိုရမှာပါ။