သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူထုက ပိုပိုပြီး အမြင်ကတ် ရွံရှာလာ


၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့ကိုရောက်ဖို့ ရက်ပေါင်း (၄၀) ကျော်လောက်ပဲ လိုပါတော့တယ်။ အခုထက်ထိတော့ ပြည်သူလူထုက ရွေးကောက်ပွဲကို စိတ်ဝင်စားမှုနည်းနေတုန်းမှာ နိုင်ငံရေးအမြင်ရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာတောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိသေးတာတွေ အများကြီး ရှိနေပါသေးတယ်။ အဲဒီလို စိတ်မဝင်စားတာနဲ့ မရှင်းမလင်းဖြစ်နေတာတွေက မဲမထည့်ရေးဘက်ကို ယိမ်းယိုင်လာနေတယ်ဆိုတာ အထင်အရှားပါ။ ပါတီထောင်ကြတဲ့ လူနည်းစုကလွဲလို့ ကျန်အများစုဖြစ်တဲ့ ဒီမိုကရေစီ အင်အားစုအသီးသီးကလည်း ရွေးကောက်ပွဲမှာ မဲမထည့်ကြဖို့ အင်နဲ့အားနဲ့ ဆုံးဖြတ်ထားကြပါပြီ။

ဒီရက်ပိုင်း ထုတ်ဝေတဲ့ နိုင်ငံပိုင် သတင်းစာတွေထဲမှာ ဥပဒေလေ့လာသူတဦးဆိုပြီး အစိုးရအာဘော် ဆောင်းပါးတပုတ်ပါတယ်။ အဲဒီထဲမှာ မလျော်သြဇာသုံးပြီး မဲမထည့်အောင် စည်းရုံးလှုံ့ဆော်ခဲ့ရင် ထောင်ဒဏ် တစ်နှစ်၊ ဒဏ်ငွေ တစ်သိန်း၊ သို့မဟုတ် နှစ်မျိုးလုံး ကျခံရမယ်လို့ ပြည်သူတွေကို ခြိမ်းခြောက်ထားပါတယ်။ ဒီလိုဆိုရင် မလျော်သြဇာသုံးပြီး မဲထည့်အောင် စည်းရုံးလှုံ့ဆော်ရင်ကောလို့ မေးချင်ပါတယ်။

အခုဆိုရင် ရွေးကောက်ပွဲ သီချင်းတွေတောင် လွှင့်နေပါပြီ။ ယခုတပတ်ထုတ် ပေါ်ပြူလာသတင်းဂျာနယ်ထဲမှာ စာရေးဆရာမ ခင်ပိုင်နှင်း က ချစ်ကြမယ်ဟေ့ ကောင်းကောင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုတ် ရေးပါတယ်။ ဆောင်းပါးထဲမှာ မဲထည့်ကြဖို့ အားစိုက်ခွန်စိုက် ပြောဆိုထားပါတယ်။ မဲပေးခွင့်ဆိုတာ ပြည်သူလူထုအတွက် အရေးကြီးပေမယ့် မဲထည့်ဖို့လည်း မလျော်သြဇာသုံးပြီး မစည်းရုံးသင့်ပါဘူး။ ပိုဆိုးတာက မဲဆန္ဒနယ်မြေ အများစုမှာ ထိပ်တိုက်တွေ့ကြမှာက ကြံ့ဖွံ့နဲ့ တစည (တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးပါတီ) တို့ပါ။ ပြည်သူလူထုက နှစ်ပါတီလုံးကို မကြိုက်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ တခုခုကို ရွေးရမယ်လို့ ပြည်သူကို ဖိအားပေးနေသလို မဖြစ်နေဘူးလား။

ရွေးကောက်ပွဲဝင်ကြမယ့် ကြံ့ဖွံ့ဝန်ကြီးတွေကလည်း ဘယ်အခမ်းအနားပဲဖြစ်ဖြစ် သူတို့ကို မဲပေးရမယ်လို့ ထုတ်မပြောရုံတမယ် မဲဆွဲနေ ကြတာပါ။ အဲဒါနဲ့ ပတ်သတ်ပြီး ဥပမာလေးတခုကို ပြောရရင် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း က ကွန်ဂရက်ခင်းလမ်းတခုကို တက်ရောက်ချီးမြင့်တဲ့အခါ သူတို့ရွေးချယ်ထားတဲ့ ရပ်မိရပ်ဖ တဦးက ကျေးဇူးတင်စကား ပြောပါတယ်။ အဲဒီလူ ကျေးဇူးတင်စကားပြော ပြီးတဲ့အခါ မြို့တော်ဝန်ကြီးက တကယ်ကျေးဇူးတင်တယ်ဆိုရင် ဘယ်လို ကျေးဇူးဆပ်ရမယ်ဆိုတာ သိတဲ့မဟုတ်လား။ ကျေးဇူးဆပ်ချင် ရင် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ သိပေါ့လို့ ပြောသွားခဲ့ပါတယ်။

နောက်ထပ် ရှိပါသေးတယ်။ အခုရက်ပိုင်းတွေအတွင်းမှာ မြန်မာ့အသံ၊ မြဝတီ၊ MRTV တွေမှာ အခန်းဆက်ပြသနေတဲ့ စစ်တပ်ထွက် ဒါရိုက်တာတင်သန်းဦးရဲ့ အရုဏ်ဦးမှာ ဖူးတဲ့ကြာ ဇာတ်လမ်းတွဲကြီးကလည်း တော်တော့ကို ဆိုးပါတယ်။ နအဖရဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေထဲမှာ တခြားအင်အားစုတွေကို ပုတ်ခတ်မပြောဆိုရဘူးလို့ ပြောဆိုထားပါတယ်။ ကြံ့ဖွံ့ကို ကလိမ်ကျတယ်လို့ ရေးသား ဖော်ပြမိတဲ့ ဒီမိုကရက်တစ် မြန်မာရဲ့ ကဒေါင်းစာစောင်တောင် ဒဏ်ငွေရိုက်ခံရပါတယ်။ ပြင်းထန်စွာ သတိပေးသည်ဆိုတာတောင် အဆစ်ပါ လိုက်ပါသေးတယ်။ ဒါရိုက်တာ တင်သန်းဦး ဇာတ်လမ်းထဲမှာ တချိန်က တာဝန်ယူသွားဖူးတဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ၊ အစိုးရခေါင်းဆောင်တွေကို ရစရာမရှိအောင် ပုတ်ခတ်ထားပါတယ်။ ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့ သမီးတွေ ရွေးကောက်ပွဲ ဝင်ကြမှာမို့ တမင် ရည်ရွယ် ပုတ်ခတ်ထားတာပါ။ စစ်တပ်ကျတော့ ခေတ်အဆက်ဆက် ဘယ်လိုကောင်းကြောင်း မွှမ်းထားပါတယ်။ ၈၈ ဒီမိုကရေစီ အရေးကြီးကိုလည်း မတော်မတရား ပုံဖျက်ထားပါတယ်။

ပြည်သူတွေက သိပါတယ်။ အဲဒီလိုမျိုးလုပ်လို့ နအဖ နဲ့ ကြံ့ဖွံ့တို့ရဲ့ ဝါဒဖြန့်ချီရေး မအောင်မြင်တဲ့အပြင် လူထုက ပိုပိုပြီး အမြင်ကတ် ရွံရှာ လာဖို့ ရှိတယ်လို့ ဆိုလိုက်ပါရစေ။

XS
SM
MD
LG