သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်နည်းနဲ့မှ ဒီမိုကရေစီ အစိုးရ မဖြစ်နိုင်ပါဘူး


၂၀၁၀ ရွေးကောက်ပွဲကြီးဟာ မကြာခင်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူအများစုက တကယ်ကို စိတ်ဝင်စားမှု မရှိကြတာပါ။ ဘာဖြစ်လို့ စိတ်ဝင်စားမှု မရှိတာလည်းလို့ မေးစရာ ရှိပါတယ်။ အခြေခံ လူတန်းစားအများစုက ကိုယ့်ဘဝ ရပ်တည်ရေးအတွက် အသည်းအသန် ရုန်းကန်လှုပ်ရှားနေကြရလို့ ဖြစ်သလို အခြားခြားသော ပညာတတ် အလွှာတွေ၊ ကော်လာဖြူ လူတန်းစားတွေကလည်း ဒီရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတမှု မရှိဘူးဆိုတာကို လက်ရှိ ဖြစ်ပျက်နေတဲ့ အနေအထားကို ကြည့်ပြီး ဘာဖြစ်မယ်၊ ဘယ်သူနိုင်မယ် ဆိုတာကို ကျိန်းသေပေါက် သိပြီး ဖြစ်နေတဲ့အတွက် စိတ်မဝင်စားတာဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီရွေးကောက်ပွဲမှာ လက်ရှိ စစ်အုပ်စုရဲ့ အားပေးမှု အခိုင်အမာ ရထားတဲ့ ကြံ့ဖွံ့ပါတီကပဲ အနိုင်ရမှာ သေချာပါတယ်။ ငွေအား၊ လူအား အလုံးအရင်းနဲ့ စည်းရုံး လှုံ့ဆော်မှုတွေကို လုပ်ခွင့်ရနေတာလည်း ဒီပါတီ တစ်ပါတီပဲ ရှိပါတယ်။ တခြား ပြိုင်ဘက် ပါတီတွေ အနေနဲ့က ကော်မရှင်က ချမှတ်ထားတဲ့ စည်းတွေ၊ မူတွေ၊ ဘောင်တွေအောက်မှာ မလူးသာ၊ မလွန့်သာနဲ့ ရှိနေကြရတာပါ။

အတိုက်အခံ ပါတီတွေ အနေနဲ့ လူထုကို စကားတစ်ခွန်းပြောဖို့ စိစစ်ရေး အဆင့်ဆင့်ရဲ့ ခွင့်ပြုချက်ရမှ ဆယ့်လေး ငါးမိနစ်ပဲ ပြောခွင့်ရနေ တဲ့ အချိန်မှာ လက်ရှိ ဝန်ကြီးများ ဦးဆောင်ထားတဲ့ ကြံ့ဖွံ့ပါတီကတော့ တရားမရှိ၊ ဓားမရှိ ပြောချင်တိုင်း ပြောခွင့် ရနေကြတာ အားလုံးက အမြင် အသိပါပဲ။ အစိုးရ အရာရှိကြီး အသီးသီးက ဘယ်မြို့ ဘယ်ရွာကိုပဲ ခရီးထွက်ထွက် အဲဒီမြို့ရွာက ဒေသခံ လူထုတွေနဲ့ တွေ့တဲ့ အခါ ကြံ့ဖွံ့ပါတီကို မဲပေးဖို့ တိုက်ရိုက်ကော၊ သွယ်ဝိုက်ကော၊ ချော့လို့ကော၊ ခြောက်လို့ကော စည်းရုံးသိမ်းသွင်း နေကြတာပါ။ ဒါတင် မကသေးပါဘူး။ သတင်းစာနဲ့ ဂျာနယ်တွေမှာလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဝါဒဖြန့် ဆောင်းပါးတွေကို တစ်မိုးလုံးဖျောက်ဆိပ် ဆိုသလို ရေးသားဖော်ပြနေကြပါသေးတယ်။ အဲဒီ ဆောင်းပါးတွေထဲကမှ အဆိုးဆုံးကတော့ လူထုကို ကြောက်အောင်၊ လန့်အောင် ခြိမ်းခြောက်တဲ့ ဆောင်းပါးတွေ ပါနေတာပါ။

ရွေးကောက်ပွဲမှာ မဲမပေးဘဲနေရင် ထောင်ချခံရမယ်၊ ဒဏ်ငွေတစ်သိန်း ဆောင်ရမယ် ဆိုတဲ့ အချက်ကို အသားပေးပြီး အကြိမ်ကြိမ် ရေးသားကြပါတယ်။ ဒီအချက်ကိုကြည့်ရင် ကြံ့ဖွံ့ပါတီ မဲရရေးအတွက် လက်ရှိ စစ်အစိုးရက ဘယ်လောက် ဗြောင်ကျကျ အနိုင်ကျင့် နေသလဲဆိုတာ ထင်ရှားလှပါတယ်။

ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး မြို့နယ် အချို့မှာဆိုရင် ညဘက်တွေမှာ ရွေးကောက်ပွဲ မဲပေးဖို့နဲ့ မဲမပေးဘဲနေရင် အရေးယူခံရမှာ ဖြစ်ကြောင်း ကို လက်ရှိ ရပ်ကွက်ငြိမ်ဝပ်ပိပြားရေးအဖွဲ့က လိုက်လံကြေညာတာမျိုးတွေ ရှိနေပါတယ်။ မြန်မာလူမျိုးတွေ ဆိုတာက ရုံးပြင်ကန္နားနဲ့ ထိတွေ့ရမှာကို အင်မတန် ကြောက်ကြပါတယ်။ ရုံးတို့၊ ဂတ်တို့ ဆိုတာ စည်ကားသင့်တဲ့ အရပ်မဟုတ်ဘူး ဆိုတဲ့ ဆိုရိုးစကားကလည်း ရှိတယ်မဟုတ်လား။ အဲဒါကြောင့် ကြောက်တတ်တဲ့ စိတ်အညှာကိုကိုင်ပြီး ခြိမ်းခြောက်မဲယူဖို့ ရွေးကောက်ပွဲ နိုင်ဖို့ လုပ်နေကြတာပါ။ ဒီလို လုပ်ခြင်းအားဖြင့် “ရွေးကောက်ပွဲ မဲပေးခြင်းသည် ဒီမိုကရေစီ ဖြစ်သလို မဲမပေးဘဲ နေခြင်းသည်လည်း ဒီမိုကရေစီ ဖြစ်သည်” ဆိုတဲ့ အဆို ကို အဓမ္မနည်းနဲ့ ချေဖျက်ပြီး ဖြစ်အောင်လုပ်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဖြစ်သမျှ တွေ့သမျှ အဖြစ်အပျက်တွေဟာ တစ်ခုမှ တရားမျှတမှု၊ သာတူညီမျှမှု မရှိပါဘူး။ တစ်ဘက်စောင်းနင်းတွေချည်းပါပဲ။ ခုလိုမျိုးနဲ့ ရွေးကောက်ပွဲပြီး တက်လာမယ့် အစိုးရဟာလည်း မတရားအစိုးရပဲ ဖြစ်မှာပါ။ ဘယ်နည်းနဲ့မှ ဒီမိုကရေစီ အစိုးရမဖြစ်နိုင်ပါဘူး။

XS
SM
MD
LG