သုံးရလွယ်ကူစေသည့် Link များ

ပြည်သူတွေရဲ့ အဆုံးအဖြတ်နဲ့ ဆန္ဒကို ထည့်တွက်စေချင်

  • ပြည်တွင်းဂျာနယ် တဦး

ရွေးကောက်ပွဲ လုပ်တော့မယ်ဆိုတာ သိထားတာက လွဲရင် ရွေးကောက်ပွဲအတွက် လှုပ်ရှားမှုတွေ ဘာဆို ဘာမှ ထင်ထင်ရှားရှား မသိရဘူး။

တကယ်တော့ ရွေးကောက်ပွဲ ဆိုတာမှာလဲ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့အနေနဲ့ လုပ်တာလား။ နိုင်ငံတကာနဲ့ ပြည်တွင်းဖိအားတွေကြောင့်လား။ စစ်အစိုးရကနေ စစ်တပ်ကို နိုင်ငံရေးမှာ တရားဝင် အခန်းကဏ္ဍတခု ရသွားစေချင်လို့ လုပ်တာလား။ မေးစရာဖြစ်နေပါတယ်။

တကယ်တန်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်လို့ ရွေးကောက်ပွဲ လုပ်တာ ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကို ပေးရပါမယ်။ နိုင်ငံရေးအယူအဆကြောင့် တိုင်းပြည်က ထွက်ခွာသွားရသူတွေကိုလည်း ဒီ ရွေးကောက်ပွဲမှာ ပါဝင်နိုင်အောင် စီစဉ်ပေးရပါမယ်။

ဒီလို မဟုတ်ဘဲ တရားဝင်ဖွဲ့စည်းခွင့် ပြုထားတဲ့ ပါတီတွေက မဲဆွယ်တရားပွဲ လုပ်တာ တောင် အကန့်အသတ်ပေါင်းများစွာ ရှိနေတာကို ကြည့်ခြင်းအားဖြင့် အခု ရွေးကောက်ပွဲလုပ်မယ်ဆိုတာဟာ စစ်တပ်ကို နိုင်ငံရေးမှာ တရားဝင် အခန်းကဏ္ဍတခု ရသွားစေချင်လို့ လုပ်တာဖြစ်နေပါတယ်။

လက်ရှိ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေသူတွေဟာ ပါတီတခုရဲ့ခေါင်းဆောင်တွေ ဖြစ်နေပြီး လာမယ့်ရွေးကောက်ပွဲမှာ ၀င်ပြိုင်မှာကို ကြည့်ခြင်းအားဖြင့် ဒီ ရွေးကောက်ပွဲဟာ ဘယ်လို ရွေးကောက်ပွဲမျိုးဖြစ်မယ်ဆိုတာ သိသာနေပါတယ်။ တချို့မြို့နယ်တွေမှာ မဲပေးနိုင်သူ ဦးရေဟာ အမှန်တကယ် ရှိသူဦးရေထက် နှစ်ဆလောက် များနေတာမျိုး၊ ဧည့်စာရင်းတိုင်ပြီးနေကြတဲ့ မိသားစုတွေ မဲပေးခွင့် မရကြတာ မျိုးတွေ ကြားနေရသလို လမ်းဖောက်ပေးမယ်၊ ကြံ့ဖွံ့ ပါတီဝင်ရမယ်၊ မဲပေးတဲ့နေ့မှာ ကိုယ်တိုင် သွားပေးစရာမလိုဘူး ဆိုတာမျိုးတွေလည်း ကြားနေရပါတယ်။ စာ၊ နယ်၊ ဇင်းတွေမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အကန့်အသတ်နဲ့ ဖော်ပြနေတာကို ကြည့်ရင်လည်း ဒီ ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးဆိုတာ သိနိုင်ပါတယ်။

ဒီလို ရွေးကောက်ပွဲမျိုးကို ကျင်းပပြီး ရလာတဲ့ ရလာဒ်နဲ့ အစိုးရသစ်တခု ဖွဲ့မယ်ဆိုရင် ဒီနေ့ မြန်မာပြည်ရဲ့ ပြဿနာတွေ ပြေလည်သွားမယ့် အစား ပိုရှုပ်ထွေးသွားဖို့ပဲ ရှိပါတယ်။

ဒီနေရာမှာ နိုင်ငံတကာ အစိုးရတွေ နားလည်ထားတာက ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီရဲ့ ပထမဆုံးခြေလှမ်းမို့ လုပ်သင့်တယ်။ ရှိသင့်တယ် ဆိုတာလောက်ပါပဲ။ ဒါကြောင့် သူတို့က ခုလာမယ့် ရွေးကောက်ပွဲကို မြန်မြန်ဖြစ်သွားစေချင်နေတာပါ။ အခု လာမယ့် ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေအတွက် အဖြေမဟုတ်ပေမယ့် နိုင်ငံတကာကတော့ ခြေလှမ်းတထစ်တက်သွားပြီလို့ သဘောထား သွားမှာပါ။ ဒါကြောင့် တချို့က ဒီရွေးကောက်ပွဲကို လှေကားထစ်တခုလို သဘောထားပြီး စလှမ်းဖို့ ပြင်နေကြပါတယ်။

တကယ်တော့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီအတွက် အုတ်မြစ်ဆိုတာကို လက်ခံပါတယ်။ ဒီနေရာမှာ ပြောချင်တာက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အခု ကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူးလို့ သဘော ထားပြီး ရွေးကောက်ပွဲ မ၀င်ဖို့ ဆုံးဖြတ်ခဲ့တာကို နားလည်ပါတယ်။ ၁၉၉၀ ရလဒ်ကို အကောင်အထည်ဖော်ဖို့ ဆိုတဲ့ သံဓိဌာန်ကိုတော့ ပြန်လည်စဉ်းစားစေချင်ပါတယ်။

လက်ရှိ နိုင်ငံရေးပြဿနာ ပြေလည်ရေးအတွက်ဆိုရင် ကိုယ့်ပါတီရဲ့ နိုင်ငံရေး အခန်း ကဏ္ဍကို ဆက်လက်ရှင်သန်အောင် အားထုတ်စေ ချင်ပါ တယ်။ လူမှုရေးလုပ်ငန်းတွေ လုပ်မယ့်အစား နိုင်ငံရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်စေချင်ပါတယ်။ ဒီနေရာမှာ ဒိုင်ယာလော့ ဆိုတဲ့ တွေ့ဆုံဆွေးနွေးပွဲကို ကမ်းလှမ်းထားတဲ့ နိုင်ငံရေးပါတီကြီးတခု အနေနဲ့ ၁၉၉၀ ရလဒ် အကောင်အထည်ဖော်ရေးအတွက် တွေ့ဆုံ ဆွေးနွေးပွဲလုပ်ပေးဖို့ တောင်းဆိုမယ့်အစား ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်ကို ကျင့်ကြံဖို့ ဖြတ်သန်း သွားရမယ့် အရာလို့ လက်ခံကြောင်း၊ သို့သော် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အားလုံး၊ ပြည်သူလူထုအားလုံးနဲ့ နိုင်ငံတကာက လက်ခံနိုင်မယ့် ရွေးကောက်ပွဲ တခုကို ဘယ်လို ကျင်းပသင့်တယ်ဆိုတာနဲ့ ရွေးကောက်ပွဲ မူဝါဒများ၊ ဥပဒေများ၊ ကျင်းပပုံများနဲ့ ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးနို်င်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အတိုက်အခံ ခေါင်းဆောင်များနဲ့ တပ်မတော် အစိုးရခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရေးကို ကျင်းပ ပေးဖို့ တောင်းဆိုစေချင်ပါတယ်။

ဒီမိုကရေစီစနစ်အတွက် ရွေးကောက်ပွဲကို ဖြတ်သန်းရမယ်ဆိုတာ သဘောတူပါတယ်။ ဒါပေမဲ့ ဘယ်လိုရွေးကောက်ပွဲမျိုး ဖြစ်ရမလဲ ဆိုတာကိုတော့ ပြည်သူတွေရဲ့ အဆုံးအဖြတ်နဲ့ ဆန္ဒကိုပါ ထည့်တွက်စေချင်ပါတယ်။

XS
SM
MD
LG