ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လူတွေ စိတ်အဝင်စားဆုံး သတင်းက နိုဝင်ဘာ ၁၃ ရက် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမယ် ဆိုတဲ့ သတင်းပါ။ ဝန်ကြီး ဦးဉာဏ်ဝင်းက နိုင်ငံတကာကို အတိအလင်း ကတိပေးခဲ့တာလို့လည်း ပြောကြပါတယ်။ ရွေးကောက်ပွဲပြီးမှ လွှတ်ပေးတော့ ဒေါ်စုလည်း ဘာမှ တတ်နိုင်မှာ မဟုတ်တော့ဘူးလို့ စိတ်ပျက်အားလျော့ကြသူတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ တစ်ခု သေချာတာကတော့ ဒေါ်စုအပေါ်မှာ လူထုရဲ့ ချစ်ခင်လေးစားမှုနဲ့ ထောက်ခံအားပေးမှုကတော့ လျော့ကျ မသွားပါဘူး။
တိုင်းပြည်မှာ အခက်အခဲ၊ အကြပ်အတည်းတွေ ကြုံရတိုင်း လူတွေက သူတို့ယုံကြည်လေးစားတဲ့ ခေါင်းဆောင်မျိုးကို တမ်းတတတ်ကြ တာ သဘာဝပါ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒေါ်စုက တိကျ ပြတ်သားတဲ့ စကား ဆိုပြီးသားပါ။ “လွတ်လပ်စွာ မဲပေးပိုင်ခွင့်ရှိသလို၊ လွတ်လပ်စွာ မဲမပေးဘဲ နေခွင့်လည်း ရှိသည်” လို့ ဒေါ်စုက ပြောပြီးသားဖြစ်ပါတယ်။ ဒီလိုပြောတာဟာ န.အ.ဖ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ဥပဒေထဲကအတိုင်း ဖြစ်ပါတယ်။
မလျော်သြဇာသုံးပြီး ရွေးကောက်ပွဲမှာ မဲမထည့်ကြဖို့ ဖိအားပေးတာ မဟုတ်ပါဘူး။ မဲမထည့်ဘဲ နေလို့ရတယ်လို့ ရွေးကောက်ပွဲ ဥပဒေထဲမှာ ဖော်ပြထားတယ် ဆိုတာကိုပဲ ထောက်ပြတာပါ။ ဥပဒေ ပညာရှင်တွေကို ဖြစ်စေ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေကို ဖြစ်စေ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းနဲ့ ပြည်နယ် အုပ်ချုပ်ရေး အာဏာပိုင်တွေကိုဖြစ်စေ၊၂၀၁၀ ရွေးကောက်ပွဲ ဝင်ကြမယ့် ကြံ့ဖွံ့၊ တ.စ.ည အပါအဝင် ဒီမိုကရက်တစ်အင်အားစု ပါတီတွေ၊ တိုင်းရင်းသားလူမျိုးစု ပါတီတွေကိုဖြစ်စေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေကို ဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ် ရဲစခန်းတွေကို ဖြစ်စေ တာဝန်ရှိသူ မည်သူမဆိုကို မေးကြည့်ပါ။
မဲမပေးဘဲ နေခွင့်ရှိတယ်ဆိုတာ ဟုတ်သလား၊ ဒါမှမဟုတ် မဲမပေးရင် အရေးယူမှာလား၊ အဖမ်းခံရမှာလား စသဖြင့် မေးကြည့်ကြပါ။ နေခွင့်ရှိတယ်။ မဲမပေးဘဲ နေလို့လည်း ရပါတယ်လို့ ပြန်ဖြေကြပါလိမ့်မယ်။ ဆိုလိုတာက မဲမပေးဘဲ နေမယ်ဆိုရင်လည်း ဥပဒေနဲ့ ညီပါတယ်။ ဥပဒေကို ချိုးဖောက်ရာ မရောက်ပါဘူး။ ဘာပုဒ်မနဲ့မှ မငြိစွန်းပါဘူး။ ဖမ်းလို့လည်း မရပါဘူး။ ဒဏ်ရိုက်လို့လည်း မရပါဘူး။ မဲပေးခွင့်၊ မဲမပေးခွင့်ဆိုတာ အသက် ၁၈ နှစ်ပြည့်ပြီး၊ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ နိုင်ငံသားတိုင်းအဖို့ လွတ်လပ်စွာ ဆုံးဖြတ်နိုင်တဲ့ ကိစ္စပါ။
ကျနော်တို့ ဂျာနယ်တွေမှာတော့ ကိုယ်စားလှယ်လောင်းတွေ မိတ်ဆက်ပေးတာ၊ အင်တာဗျူးတွေထည့်ပေးတာ၊ ပါတီတွေအကြောင်း လူထုသိအောင် ဖော်ပြပေးတာ၊ မဲပေးပုံစနစ်အကြောင်း စသည်ဖြင့် ဖော်ပြပေးရပါတယ်။ တကယ် မဲမပေးဘဲ နေခွင့်ရှိသလား ဆိုတာမျိုး ကျတော့ ဆောင်းပါရော၊ အင်တာဗျူးရော လုပ်လို့ မရတော့ပါဘူး။ တာဝန်ယူပြီး မပြောရဲကြတဲ့သဘော ဖြစ်နေပါတယ်။ ကျနော်တို့ စာနယ်ဇင်းတွေကတော့ ရွေးကောက်ပွဲ ဥပဒေမှာပါတဲ့ အချက်တွေကို ပြည်သူလူထု ရှင်းရှင်းလင်းလင်းသိရဖို့ နီးစပ်ရာ ကော်မရှင် အဖွဲ့ခွဲတွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမေးမြန်းဖို့ အမြဲကြိုးစားနေမှာပါ။
သူတို့ကို မေးချင်တဲ့ မေးခွန်းတွေထဲမှာ ခုနကပြောတဲ့ “မဲမပေးဘဲ နေခွင့်ရှိသလား” ဆိုတဲ့ မေးခွန်းက သူတို့ဘက်က ဖြေဖြေ၊ မဖြေဖြေ ပါနေဦးမှာပါပဲ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့ စံတွေထဲမှာ သတင်းအချက်အလက် လွတ်လပ်စွာ ရယူပိုင်ခွင့် ရှိရမယ်ဆိုတာ ပါပါတယ်။ မရှင်းတာရှိရင် မေးရမှာပါ။ သိချင်တာရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဖြေပေးရမှာပါ။ ကျနော်တို့ ဂျာနယ်သမားတွေ က သတင်းအရင်းအမြစ် ခိုင်လုံရင် မှန်မှန်ကန်ကန် ဖော်ပြပေးရမယ့် တာဝန်ရှိပါတယ်။ တစ်ခြမ်းတည်း ဘက်လိုက်ရေးနေရတဲ့ ဂျာနယ် သမားတွေ ဖြစ်ရတာ ရှက်ဖို့လည်း ကောင်းပါတယ်။ သိက္ခာလည်း မဲ့ပါတယ်။ ကိုယ်ကပါ ပြည်သူကို ရောပြီး လိမ်နေရသလိုလည်း ခံစားရပါတယ်။
ညီနောင် စာနယ်ဇင်း သမားများကို တစ်ခု တိုက်တွန်းချင်ပါတယ်။ ရွေးကောက်ပွဲကြီးလည်း နီးသထက် နီးလာပါပြီ။ ပြည်သူလူထု မရှင်းတာတွေ၊ သိချင်တာတွေကို သတင်းအချက်အလက်အားဖြင့် တတပ်တအား ဝိုင်းဝန်းဖြည့်ဆည်းပေးကြဖို့ တာဝန်ရှိသူတွေပီပီ အထက်ကပြောခဲ့တဲ့ မဲမပေးဘဲ နေခွင့် ရှိ မရှိ ဆိုတာမျိုး၊ ရွေးကောက်ပွဲ ဥပဒေထဲမှာ ပြစ်ဒဏ် တစ်ခုခုဖြင့် အကျဉ်းကျခံနေသူများ မဲပေးခွင့် မရှိလို့ ပါထားရက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ ၃ ဦး မဲပေးခွင့် စာရင်းထဲမှာ ထည့်သွင်းဖော်ပြထားတဲ့ ကိစ္စလိုမျိုး၊ ဘယ်လို ဆိုရင် ပယ်မဲ ဖြစ်သလဲ ဆိုတာမျိုးကို သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်တွေထံမှာ မေးမြန်းဖော်ထုတ် ရေးသားတင်ပြဖို့ ဝိုင်းဝန်းကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။