နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲကတော့ နီးကပ်လာပါပြီ။ ရွေးကောက်ပွဲကြီးနီးလာပေမဲ့ ပြည်သူအများစုကတော့ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ ရွေးကောက်ပွဲဆိုတာကြီးနဲ့ ခပ်ခွာခွာ နေကြတယ်။ မဲပေးရတော့မယ်ဟဲ့ ဆိုပြီး စိတ်လှုပ်ရှားရင်ခုန်နေသူမျိုးလည်း မတွေ့မိသလောက်ပါပဲ။
ဒါပေမဲ့ ရွေးကောက်ပွဲကို ထင်တလုံးနဲ့ ဝင်ပြိုင်ကြမယ့်ပါတီတွေ၊ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကတော့ သက်ဆိုင်ရာ မဲဆန္ဒ နယ်မြေတွေမှာ မဲဆွယ်စည်းရုံးရေးတွေ လုပ်နေကြပါပြီ။ အဲဒီလို မဲဆွယ်စည်းရုံးကြတဲ့အခါ ကိုယ့်ပါတီ မူဝါဒလမ်းစဉ်တွေချပြ၊ ရှင်းလင်း ပြီး ကိုယ့်ပါတီ ကိုယ်စားလှယ်ကို မဲပေးအောင် ကြိုးစားကြတာကောင်းပါတယ်။ အဲဒီလိုမျိုးဆို ဘာမှ သိပ်ပြောစရာမရှိပါဘူး။
ဒါပေမဲ့ အဲသလိုမဟုတ်ဘဲ လက်ရှိ အာဏာပါဝါနဲ့ လုပ်ပိုင်ခွင့်တွေကို အသုံးချပြီး မဲရရှိရေး၊ ရွေးကောက်ပွဲ အနိုင်ရရှိရေး ကြိုးစားနေကြ တာတွေကတော့ တိုင်းပြည်ရှေ့ရေးအတွက် မကောင်းဘူးလို့ ထင်ပါတယ်။ အထူးသဖြင့် လက်ရှိ ဝန်ကြီး၊ ဝန်ကလေး၊ မြို့တော်ဝန်တွေပါဝင်တဲ့ ကြံ့ခိုင်ရေးပါတီပေါ့။
ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်တွေက နိုင်ငံတော်ပိုင် ငွေကြေး၊ ကား၊ ရထား၊ လေယာဉ်နဲ့ အဆောက်အဦးတွေတင် သုံးလို့အားမရနိုင်ကြ သေးဘူး။ လက်ရှိကိုင်ထားတဲ့ လုပ်ပိုင်ခွင့်တွေကို တလွဲသုံးပြီး ရွေးကောက်ပွဲနိုင်ရေးကို အရှက်အကြောက်ကင်းမဲ့စွာ ဆောင်ရွက်နေ ကြပြန်တယ်။ အဖြစ်အပျက်များစွာထဲက တခုလောက်ကို ဥပမာပေး တင်ပြရရင်ကို လုံလောက်ပါလိမ့်မယ်။
အဖြစ်က ဒီလိုပါ။
ရန်ကုန်မြို့၊ တောင်ဥက္ကလာပ ၇ ရပ်ကွက်၊ သစ္စာလမ်းမကြီးပေါ်မှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗလီတခုရှိပါတယ်။ အဲဒီဗလီကို ပြုပြင် တည်ဆောက်လိုကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေကို တင်ပြခဲ့တာ အကြိမ်ကြိမ်ရှိပါပြီ။ ဒါပေမဲ့ ခွင့်မပြုခဲ့ပါဘူး။
ဟော…အခုတော့ တောင်ဥက္ကလာပမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံမယ့် ရန်ကုန်မြို့တော်ဝန်ကြီး ဗိုလ်မှူးချုပ် အောင်သိန်းလင်းတဖြစ်လဲ ဦးအောင်သိန်းလင်းက အဲဒီသစ္စာလမ်းပေါ်က ဗလီကြီးကို ပြင်ဆင်ခွင့် ပြုလိုက်ပါပြီ။ အပေးအယူ သဘောနဲ့ ကြံ့ခိုင်ရေးပါတီဝင် ၂ ထောင် စုပေးရမယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကို မဲပေးရ မယ်။ အဲဒီလို သဘောတူညီချက်နဲ့ ဗလီပြင်ဆင်ခွင့် ချပေးလိုက်တယ်။
မြို့တော်ဝန်ကြီးဟာ ဘာမှ ချင့်ချိန်စဉ်းစားနိုင်စွမ်းမရှိတော့ဘူး ထင်ပါရဲ့။ ရွေးကောက်ပွဲမှာ သူအနိုင်ရရေးအတွက် ဘာမဆိုလုပ်မယ်လို့ ဆုံးဖြတ်ထားပုံပါပဲ။ သူတို့ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဥပဒေဆိုတာကိုလည်း ဘေးချိတ်ထားလိုက်ဟန်ရှိပါတယ်။ ဘာကြောင့်လဲဆို နိုင်ငံရေး ပါတီများ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့်ဆိုတဲ့ ညွှန်ကြားချက်အပိုဒ် (၆)၊ ပုဒ်မခွဲ (ဆ) မှာ - “ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုလုပ်ခြင်း” မပြုလုပ်ရလို့ အတိအလင်းထုတ်ပြန်ညွှန်ကြားထားတာ တွေ့ရလို့ပါ။
ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများရဲ့ အပိုဒ် (၁၅)၊ ပုဒ်မခွဲ (ဃ) မှာ - “လူမျိုးရေး သို့မဟုတ် ဘာသာရေး သို့မဟုတ် လူအများနှင့်ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသားမှု၊ ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု ပြုလုပ်ခြင်း” မပြုလုပ်ရလို့ တရားဝင် တားမြစ်ထားတာ တွေ့ရပါတယ်။
အဲဒီလို ထုတ်ပြန်ကြေညာတားမြစ်ထားတဲ့ ဥပဒေတွေကို ကျူးလွန်ချိုးဖောက်ပြီး ရွေးကောက်ပွဲ အနိုင်ရရေး ဆောင်ရွက်နေတဲ့ မြို့တော်ဝန်ကြီးကို မဲဆန္ဒရှင် ပြည်သူတွေ၊ ရန်ကုန်မြို့တော်သူ မြို့တော်သားတွေက ဘယ်လို အားကိုးယုံကြည်ကြရမလဲဆိုတာ မြို့တော်ဝန်ကြီး စဉ်းစားမိပါရဲ့လား။ မြို့တော်ဝန်ကြီး ဦးအောင်သိန်းလင်းရဲ့လုပ်ရပ်ဟာ ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ် လိုက်တာပါပဲ။
ဘာသာရေး၊ လူမျိုးရေးဆိုတာ အင်မတန်အကဲဆတ်၊ အန္တရာယ်များတဲ့ကိစ္စပါ။ ဒီလို လုပ်ရပ်မျိုးကို ဘာ့ကြောင့် အဆင်ခြင်ကင်းမဲ့စွာ လုပ်တာပါလိမ့်။
တည်ငြိမ်နေတဲ့လူ့အဖွဲ့အစည်းအသိုက်အဝန်းလေးတခုကို ဟန်ချက်ပျက်အောင်၊ သဘောထားကွဲလွဲ၊ ပဋိပက္ခတွေဖြစ်အောင် ဘာကြောင့်များ မီးမွှေးလိုက်ပါလိမ့်။
အဖြေက ရှင်းပါတယ်။ ရွေးကောက်ပွဲနိုင်ရေးပါ။
ရွေးကောက်ပွဲမှာ အနိုင်ရချင်တာဟာလည်း သူ့ရာထူးဆက်လက်တည်မြဲရေးအတွက်ပါ။ သူ့မိသားစုရဲ့ စည်းစိမ်ချမ်းသာအတွက်သာ ဖြစ်တယ်ဆိုတာ သူ့လုပ်ရပ်တွေက ရှင်းလင်းစွာ သက်သေပြနေတယ် မဟုတ်ပါလား။
ဒါကြောင့်လည်း ပြည်သူတွေက နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲဟာ “လုပ်ပွဲ” ကြီး၊ အဖြေထွက်ပြီးသား ပုစ္ဆာကြီးဆိုတာသိလို့ ခပ်ခွာခွာ နေကြတာပါ။ ဓားခုတ်ရာ လက်ဝင် မလျှိုလိုကြပါဘူး။ သုမဏကျောမှာ ဒဏ်ရာတွေနဲ့ ဆိုသလိုပါပဲ။ ပြည်သူတွေက ခံရပေါင်းများနေတော့ သိနေတယ်လေ…လို့ ဆိုရမှာ ဖြစ်ကြောင်းပါဗျာ။