သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပစ်ရှာမယ့် ဝရဇိန်ငယ် ပန်းထိမ်မှာ ပြင်တုန်းထင့်လေး


ကြက်ဥအရောင် တိမ်တောင်သဖွယ်၊ မင်းရေးကြွယ်… သတဲ့။

တိုင်းရေးပြည်ရာကိစ္စတွေများ ခန့်မှန်းပြောဆိုဖို့ ခက်တဲ့အကြောင်း ရှေးပညာရှိတွေက ဆိုခဲ့ကြတယ်။ ဒီလို ဖြစ်လိမ့်မယ် မှန်းထားပေမဲ့ ဟိုလို ဖြစ်ဖြစ်သွားတတ်တဲ့သဘောကို ပြောကြတာပါ။ အခုပြောနေတဲ့ စကားလေးထောက်ပြီး ဟိုလိုဖြင့် ဖြစ်နိုင်လောက်ရဲ့လို့ ခန့်မှန်း တွက်ချက်လို့မရနိုင်ဘူးဆိုတဲ့ သဘောပါ။ တိုင်းပြည် ပိစိညှောင့်တောက်ကလေးကို ကံကောင်းထောက်မလို့ အုပ်ချုပ်ခွင့်ရထားတဲ့ သူပဲ ဖြစ်ဖြစ်၊ ကမ္ဘာကြီးတခုလုံးကို လွှမ်းခြုံပြီး စီမံဆောင်ရွက်ခွင့် အာဏာရနေတဲ့သူပဲဖြစ်ဖြစ် အာဏာရှိနေတဲ့သူမှန်ရင် သူတို့ရဲ့ စကားတွေကို အတည်ယူယုံစားလို့ မရနိုင်ဘူးဆိုတဲ့သဘောပါ။

ကမ္ဘာ့အရေးအခင်းမှန်သမျှကို လက်ငင်းကွက်တိ ဖြေရှင်းမပေးနိုင်ရင်တောင်မှ ကျွန်ုပ်တို့က စိတ်ပူနေရပါတယ် ဆိုတာလောက်တော့ ပြောတတ်ဆိုတတ်ရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂကြီးရဲ့တာဝန်ရှိသူ အထွေထွေအတွင်းရေးမှူးချုပ်ကြီး ဦးလေး ဘန်ကီမွန်းကလည်း အခုတော့ လေတိုက်ခံရတဲ့ တိမ်တောင်လို ပုံစံပြောင်းသွားပြန်လေရဲ့။ အရင်က ဦးလေးဘန် ပြောပုံက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ အော အင် ကလူးဇစ် (all inclusive) ဖြစ်ရမယ်တဲ့။ အဲဒီလို အားလုံးပါဝင်နိုင်တဲ့ရွေးကောက်ပွဲမျိုးကိုမှ ကမ္ဘာ့ကုလသမဂ္ဂကြီးက အသိအမှတ်ပြုနိုင် မတဲ့။ ဟော အခုတော့တမျိုး ဖြစ်ပြန်ပြီ။ ပြောခဲ့တဲ့ အောအင်ကလူးဇစ် ကို မပြောတော့ပြန်ဘူး။ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို တရားမျှတမှုရှိမရှိ စောင့်ကြည့်နေပါသတဲ့။ မခက်ဘူးလားဗျာ။

အတူတူပါပဲ။ ကမ္ဘာပေါ်က ဒီမိုကရေစီရေးတွေကို ထောက်ခံအားပေးကူညီနေပါတယ်ဆိုတဲ့ ကမ္ဘာ့အင်အားအကောင်းဆုံး ဒီမိုကရေစီ နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံကြီးကလည်း အခု န. အ. ဖ က အဓမ္မနည်းနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမယ့် အစိုးရကို တောင် ထိတွေ့ဆက်ဆံသွားဖို့ စဉ်းစာနေပြန်တယ်ဆိုတော့ သူတို့ပြောခဲ့တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီပေါ်ထွန်းရေးစကားတွေက ကြက်သောက်တဲ့ရေလို ဖြစ်သွားပြန်ရော။ ကြက်သောက်တဲ့ရေဆိုတာက ဘယ်ရောက်သွားမှန်း မသိတာကို ပြောတာပါ။ ကြက်ဆိုတာက ရေသောက်ပေမယ့် ရှူရှူးမှ မပေါက်တာကိုး။

အစကတည်းက ကိုယ့်လူကိုယ်ဘက်သားဆိုပြီး န. အ. ဖ ဘက်ကနေ ပြောင်ပြောင်တင်းတင်းရပ်နေတဲ့ အာဆီယံဆိုတာကြီးကိုတော့ စကားထဲ ထည့်ပြောမနေတော့ပါဘူး။

အဲဒါတွေ အားလုံးကို ခြုံကြည့်လိုက်တဲ့အခါကျတော့ မြန်မာ့စာဆိုအကျော်အမော် စလေဆရာဦးပုညရဲ့  သိကြားလိမ်တေးထပ်ကို သွား သတိရတယ်။ ပစ်ရှာမယ့် ဝရဇိန်ငယ် ပန်းထိမ်မှာ ပြင်တုန်းထင့်လေး-တဲ့။ မကောင်းသူပယ် ကောင်းသူကယ်မယ်ဆိုတဲ့ သိကြားသာသနာ မှာ မကောင်းတဲ့သူကိုတော့ မြင်နေတွေ့နေပါပြီတဲ့။ ဒါပေမဲ့ ပစ်မယ့်မိုးကြိုးက ပန်းထိမ်ဆိုင်မှာ ပြင်နေရတုန်းတဲ့။ သိကြားမင်း ပစ်မယ့် မိုးကြိုးလက်နက်က သူ့လက်ထဲမှာ မရှိသေးလို့ ရွှေနဲ့ကြေးနဲ့ရောတဲ့ မိုးကြိုးကို ပန်းထိမ်သမားနဲ့ ကြံခိုင်းဖန်ခိုင်းရတုန်းလို့ ပြောတာပါ။ မကောင်းတဲ့လူတွေ ကြီးစိုးလွန်းနေပေမဲ့ မဖယ်ရှားနိုင်တဲ့ခေတ်ကို စာဆိုတော်ကြီး ဦပုညက သရော်ထားတဲ့ တေးထပ်ပါ။

ဒါပေမဲ့ မနေ့က မီဒီယာထဲမှာတော့ ရခိုင်ဘက်မှာ ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ ကြံ့ဖွံ့ပါတီတဦးကို မိုးကြိုးက တကယ်ပစ်ချလို့ ဒဏ်ရာရပြီး ဆယ့်သုံးချက် ချုပ်လိုက်ရတယ်လို့ ကြားလိုက်ရတယ်။ ကျန်တဲ့ ကြံ့ဖွံ့တွေလည်း မဲဆွယ်ပွဲ ဆက်မလုပ်ရဲကြတော့ဘူးတဲ့။ ဒီ သတင်းကြား ရတော့ ၂၀၀၇ တုန်းက မေတ္တာပို့ ပရိတ်ရွတ်တဲ့ သံဃာတွေကို ဝါးရင်းတုတ်နဲ့ရိုက်တဲ့ ကြံ့ဖွံ့ကို မိုးကြိုးပစ်ချတာ ဘာဆန်းလို့တုံးလို့ ဆိုရ ပေမယ့် မိုးကြိုးပစ်တဲ့ဒဏ်ရာက ဆယ့်သုံးချက်ပဲချုပ်ရတယ်ဆိုတာကတော့ နည်းနည်းတော့ ဆန်းတယ်ထင်တာပဲ။ များသောအားဖြင့်က တော့ မိုးကြိုးပစ်တယ်ဆို ပွဲချင်းပြီးကြတာပဲလေ။ အခုတော့ ဒဏ်ရာရရုံပဲတဲ့။

အဲဒီအကြောင်းတွေးရင်းနဲ့ပဲ အငြိမ့်လူရွှင်တော်တွေပြက်တဲ့ ပြက်လုံးတခုကို သွားသတိရတယ်။

လူရွှင်တော်တယောက်က ဘုရားစူး၊ မိုးကြိုးပွတ်ရပါစေရဲ့ လို့ ကျိန်တော့ နောက်လူရွှင်တော်တယောက်က - ဟိတ်ကောင် မိုးကြိုးပစ် တယ်လို့ပဲရှိတယ်၊ မိုးကြိုးပွတ်တယ်လို့ မရှိဘူး ဆိုတော့- ပထမ လူရွှင်တော် ပြန်ပြောလိုက်ပုံက ကိုယ့်လူရေ လျှာရှည်မနေနဲ့။ သိကြားမင်း မအားလို့ သူ့မိန်းမ သုဇိတာကို ပစ်ခိုင်းလိုက်တာ လက်မတည့်လို့ တည့်တည့်မမှန်ဘဲ ပွတ်ရုံပွတ်သွားတာတဲ့။

အခုလည်း ကြံ့ဖွံ့ကို မိုးကြိုးက ပွတ်ရုံပွတ်သွားလိုက်တယ် ထင်ပါရဲ့။ ဒါကြောင့် ဒုဿီလ လို့ဆိုတဲ့ အဓမ္မမင်းကို အတ္တာဟိ အတ္တနော နာထော-ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးရုံမှအပ ဘယ်သူကမှ ဘေးကလာပြီး မကူနိုင် မကယ်နိုင်ဘူးဆိုတာ အလွန်ရှင်းနေတဲ့ ကိစ္စပါပဲ လို့ ကျနော်တို့ ပြည်သူတွေ သဘောပေါက်သင့်ကြပါပြီ။

တချိန်တည်းမှာ စင်္ကာပူကို မျက်စိသွားကုပြီး အမြင်အားကောင်းကောင်းနဲ့ မြန်မာပြည်ကို ပြန်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌကြီး ဦးတင်ဦးကတော့ ရောက်မဆိုက်ပဲ -တခြားသူတွေကို အားကိုးမနေကြပါနဲ့။ အခု ဟော့ဒီ ကျနော့်ရှေ့ မှာ မြင်တွေ့နေရတဲ့ သူတွေ အားလုံးက တကယ့်ခိုင်မာတဲ့ အဓိက ပင်ရင်း အင်အားတွေပါပဲလို့ ပြောလိုက်တဲ့အသံ ကြားလိုက်ရပါတယ်။

ဒါကြောင့် သိကြားမင်း မအားလို့ သူ့မိန်းမကို ပစ်ခိုင်းတာ မပစ်ခိုင်းတာ စောင့်မနေကြဘဲ အခုလာတော့မယ့် ရွေးကောက်ပွဲကို ပြည်သူ တွေက လုံးဝ လက်မခံကြောင်း သိအောင် အင်အားပြတဲ့သဘောနဲ့ မဲသွားမပေးဘဲ ကိုယ့်အိမ်မှာ ကိုယ်အေးအေးဆေးဆေး နေလိုက်ကြပါစို့-လို့သာ အကြံပြုလိုက်ရကြောင်းပါ။

XS
SM
MD
LG