ရွေးကောက်ပွဲက နီးသထက်နီးလာပြီဆိုတော့ မဲဆွယ်ပွဲတွေက သူလည်း သူ့အထွာနဲ့သူ၊ ကိုယ်လည်း ကိုယ့်အထွာနဲ့ကိုယ် ဆိုသလို နွှဲလာကြတယ်။ ဒါပေမဲ့လည်း ဒါတွေက ရန်ကုန်ပတ်ဝန်းကျင်လောက်မှာပဲ ရှိသလားပါပဲ။ ဧရာဝတီတိုင်းဘက်၊ ပဲခူးတိုင်းဘက် လက်လှမ်းမီသဘောက် လှမ်းစုံစမ်းကြည့် တော့ သာယာဝတီဘက်မှာ ကြံ့ဖွံ့ဆိုင်းဘုတ်တွေကို ဆေးနီတွေနဲ့ ပက်သွားတယ်၊ မဲမပေးရေး လှုပ်ရှားမှုတွေကို လူငယ်တွေက လုပ်နေကြတယ် ဆိုတာလောက် ကြားရတယ်။
ဝင်ရွေးမယ့် ပါတီတွေဘက်က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှု သိပ်မတွေ့ရဘူးလို့ ပြောကြတယ်။ အထူးသဖြင့်တော့ မဲပေးရမယ့် ပြည်သူတွေဘက်က သွေးအေးနေတာပါပဲလို့ ဆိုတယ်။ ဒါပေမဲ့ အဲဒီ နယ်ဘက်တွေမှာတော့ လက်ရှိအစိုးရရဲ့ ပါတီဖြစ်တဲ့ ကြံ့ဖွံ့က ရွာတွေဆင်းပြီး ဟောဖို့ပြောဖို့ ရ. ဝ. တ ကို လူစုခိုင်းကြသတဲ့။ ကျေးရွာတွေက ရ. ဝ. တ ဥက္ကဋ္ဌ တွေဆိုတာကလည်း များသောအားဖြင့် ကတော့ စစ်အစိုးရခိုင်းသမျှကို လုပ်ချင်လှလွန်းလို့ မြို့ နယ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဥက္ကဋ္ဌဆီ သုံးလေး ငါးသိန်း လာဘ်ထိုးပြီး ဥက္ကဋ္ဌရာထူးလေး ဝယ်ထားရတဲ့သူတွေဆိုတော့ ကျောဘက်ကနေ လက်ရှိအစိုးရက မိုးတိုးမတ်တပ် ရပ်ပေးထားတဲ့ ကြံ့ဖွံ့ကိုပဲ အနိုင်ရ စေချင်မှာပေါ့။ ဒါမှလည်း နောက်အစိုးရ တခေတ်မှာ ကျေးလက်ဥက္ကဋ္ဌရာထူးလေး ဘာလေးပြန်ရဖို့ အလားအလာ မျှော်ကြည့်လို့ရမယ် မဟုတ်လား။ အဲဒီ အကျိုးလေးမျှော်ပြီး လူစုပေးပေမယ့် ရွာကလူတွေက ဝေးဝေးရှောင်နေကြလို့ ကြံ့ဖွံ့ရဲ့ မဲဆွယ်ပွဲက ကျီးနဲ့ဖုတ်ဖုတ်ပဲလို့ ဆိုတယ်။
ဒါကြောင့်လည်း ကြံ့ဖွံ့က မဲဆန္ဒရှင် ပြည်သူတွေကို လာဘ်ထိုးတဲ့အနေနဲ့ အတိုးမဲ့နဲ့ ငွေထုတ်ချေးကြတယ်။ ငွေလေးဘာလေးများပေးရင် လှည့်များလာကြည့်မလားဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။ ဒါပေမဲ့ လာဘ်ငွေဆိုတာဟာ မမှန်တရားကိုသာ ဝယ်လို့ရနိုင်ပြီးတော့ အမှန်တရားကို ငွေနဲ့ဝယ်လို့ မရနိုင်ဘူးဆိုတာ ကြံ့ဖွံ့ မသိရှာဘူး။ ခေတ်ကြပ်ကြီးထဲမှာ အလူးလူးအလဲလဲနဲ့ ရုန်းကန်နေကြရတယ်ဆိုပေမယ့် တောင်သူ လယ်သမား၊ ကျေးလက်ပြည်သူတွေက ရွှေလက်နဲ့ခေါ်လည်းမလာ ဆိုတာလို ကြံ့ဖွံ့ကို ပြန်စောင်းတောင်မှ မကြည့်ကြဘူးလို့ သတင်းတွေ ကြားနေရတယ်။
ခပ်စောစောပိုင်းတုန်းက နေပြည်တော်ကလာတဲ့ သတင်းတခုအရတော့ဖြင့် ရွေးကောက်ပွဲဝင်မယ့် ဝန်ကြီးဝန်ကလေး အဆင့် ကြံ့ဖွံ့ အကြီးတန်းတွေကို နိုင်ငံတော်အကြီးအကဲကြီးက မိန့်ခွန်း ခြွေတယ်ဆိုပဲ။ အဲဒီမိန့်ခွန်းရဲ့ အဓိကအချက်က ကြံ့ဖွံ့ပါတီ ရွေးကောက်ပွဲမှာ မဲရဖို့အတွက်လို့ ဆိုကိုး။ အဲဒီမိန့်ခွန်းထဲမှာ နိုင်ငံတော်အကြီးအကဲကြီးက ပြောသတဲ့။ မဲလိုချင်ရင် မီးကလေးဘာလေးလည်း လင်းအောင် လုပ်ပေးကြ၊ လမ်းကလေးဘာလေးလည်း ကောင်းအောင်လုပ်ပေးကြပေါ့… လို့ -ပါသတဲ့။ အဲ... အဲဒါနဲ့ပဲ မဲရွေးခံမယ့် ဝန်ကြီးဝန်ကလေး တွေဆိုတာ အနယ်နယ်အရပ်ရပ် ဖြန့်ဆင်းပြေးပြီး ဟော့ဒီဟာ လေးက အီဖေကိုယ်တို့ လုပ်ပေးတာ၊ ဟောဟို့ဟာလေးကလည်း အီဖေကိုယ်တို့ရဲ့စေတနာပါနဲ့ လူယောင်ပြလိုက်ကြရတာ မနားရဘူးတဲ့။
အဲဒီအထဲမတော့ ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းကတော့ ဟိုတုန်းက ကာတွန်းဦးဟိန်စွန်း ကာတွန်းထဲက အကြံပိုင်သော ငခွေးဆိုတဲ့ ဇာတ်ကောင်လို ပိုင်လိုက်ပုံများတော့ ခါတော်မီ အလုပ်ခန့်ပွဲကြီး ဝှဲချီးပြီးကျင်းပလိုက်လေရဲ့ ။ နာဂစ်နယ်မြေကို ဆင်းပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူတွေကို ရန်ကုန် မ,တင်လာတယ်။ မြို့နယ်အလိုက် စည်ပင်အလုပ်သမားတွေအဖြစ်နဲ့ နေ့စားငွေ တထောင့်ငါးရာပေးပြီး သန့်ရှင်းရေးလုပ်သားတွေအဖြစ် ခန့်လိုက်တယ်။ ထမင်းဖိုး ၇၀၀ ပြန်နှုတ်၊ ကျန်တဲ့ ၈၀၀ အလုပ်သမား က ယူ။ နေရေးထိုင်ရေးလည်း မပူစေရ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံနောက်က သင်္ချိုင်းမြေထဲမှာ တန်းလျားတွေ ဆောက်ပေးတယ်။ လောလောဆယ်ဆယ်လည်း အလုပ်ဆင်းစရာမလိုသေးဘူး။ အိပ်လိုက်စားလိုက် နားနားနေနေ နေကြဦး။ ရွေးကောက်ပွဲကျရင်တော့ တောင်ဥက္ကလာပမြို့နယ်မှာ အရွေးခံမယ့်သူ့ကို မဲထည့်-တဲ့။
အလုပ်သမားအသစ်တွေကို ဝန်ထမ်းမှတ်ပုံတင် ဓာတ်ပုံတွေရိုက်၊ စာရင်းဇယားပုံစံတွေဖြည့်ပေးလုပ်ကြတော့ အခုကတည်းက တခါတည်း မဲပေးပြီးသား ဖြစ်ချင်လည်း ဖြစ်သွားမှာပေါ့-လို့ အဲဒီ ရပ်ကွက် ရ. ဝ. တ က ပြောသတဲ့။ ဘာပဲဖြစ်ဖြစ် တနေ့ ငွေရှစ်ရာ စားရိတ်ငြိမ်း အိပ်လိုက်စားလိုက်နဲ့ အသားတင်ရတာပဲ နေပျော်သားဆိုပြီး နေတဲ့သူတွေက ဆက်နေ နေကြပေမဲ့ တချို့ ကတော့ ထွက် ပြေးကုန်ကြတယ်လို့ ကြားရတယ်။ လုပ်သက်ရင့် စည်ပင်သန့်ရှင်းရေးလုပ်သားတယောက် ပြောတာကတော့ အရင်က တမြို့နယ် အတွက် အလုပ်သမား ၁၅၀ လောက်ပဲထားတာ။ အလုပ်လိုချင်လို့ လာလျှောက်တဲ့လူရှိပေမယ့် ခန့်တာမရှိခဲ့ဘူးတဲ့။ အခုလို အပြုံလိုက်ကြီး ခန့်လိုက်တာကတော့ တော်တော့်ကို ထူးခြားတာပဲလို့ ပြောပါတယ်။
ဒီတော့ တခုလုံးကိုခြုံကြည့်တဲ့အခါ လာဘ်ပေးလာဘ်ယူနဲ့ ခြစားမှုတွေ မိုးလုံးမှောင်နေတဲ့ န. အ. ဖ ရဲ့  ခေတ်ပျက်ခေတ်ဆိုးကြီးထဲကနေ လွတ်မြောက်ထွက်နိုင်လောက်ရဲ့လို့ တချို့လူတွေ ထင်နေကြတဲ့ အခု ရွေးကောက်ပွဲဟာ ပြည်သူ့ဘဏ္ဍာတွေ ဗုန်းပေါလအောယူသုံးပြီး လာဘ်ပေးလာဘ်ယူပုံစံနဲ့ မဲဆွယ်နေကြတဲ့ ပွဲကြီးဖြစ်တယ်ဆိုတာ မြင်သာလွန်းလှပါတယ်။