ဆီးရီးယားနိုင်ငံဟာ မြန်မာတိုအတွက် ကျရှုံးနိုင်ငံ မဖြစ်အောင် နမူနာထားဆင်ခြင်ရမဲ့ ပြယုဂ်တခုဖြစ်ခဲ့ရာက အာဏာရှင် အာဆတ်အုပ်ချုပ်ရေး ပြုတ်ကျသွားပြီးတဲ့နောက်မှာတော့ အထူးသဖြင့် တော်လှန်ရေးအင်အားစုတွေအတွက် အားကျအတုယူစရာ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မရေရာသေးတဲ့ ဆီးရီးယား အနာဂတ်ကိုတော့ မြန်မာတို့အနေနဲ့ သင်ခန်းစာယူ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒီအကြောင်း အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာ ဦးကျော်ဇံသာ။ ဆီးရီးယားမှာ သမ္မတအာဆတ်အစိုးရကို ဖြုတ်ချနိုင်လိုက်တော့ မြန်မာနိုင်ငံက အထူးသဖြင့် စစ်အာဏာရှင်စနစ်ကို မုန်းတီးတဲ့ လူတွေက ဒီပေါ် အားတက်တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲ။ မြန်မာနိုင်ငံမှာလည်း ဒီလိုဖြစ်လာနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပိုများလာလို့လား။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ မှန်ပါတယ်။ တကယ်တော့ ဆီးရီးယားဟာ တချိန်တုန်းက Failed State ဆိုပြီး ပြောကြတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ လုပ်လာတဲ့ လူတွေကို လူတိုင်းက သတိပေးပြီးတော့ ဆီးရီးယားလို ဖြစ်မယ်ဆိုပြီးတော့ ပြောကြတော့ ဆီးရီးယားမှာ မြန်မာတော်လှန်ရေးသမားတွေအတွက် သတိထားစရာ ကြောက်စရာ အဲဒီလိုမဖြစ်အောင် စောင့်ထိန်းရမယ်လို့ ဖြစ်ခဲ့တယ်။ အခုလို အာဆတ်အာဏာရှင်ကို ဖြုတ်ချလိုက်တော့ မမျှော်လင့်ဘဲ တကမ္ဘာလုံးက မမျှော်လင့်ထားတဲ့ ရုတ်တရက်ကို ဖြစ်လာတော့ ချက်ချင်းအမြင်ပြောင်းသွားတယ်။ ဆီးရီးယားလို လုပ်ဖို့လိုတယ်။ ဆီးရီးယားက Role Model စံပြဖြစ်လာတဲ့သဘော။ သူတို့ကို အားကျတယ်။ အတုယူစရာ ကောင်းတယ်ဆိုတာလည်း မှန်ပါတယ်။ စိတ်ဓါတ်တက်ကြွဖို့ ကောင်းတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်အောင် ဘာတွေလုပ်ဖို့ လိုအပ်တယ်။ ရှေ့ဆက်ဖြစ်လာမယ့် ကိစ္စမှာ အမှားအယွင်း ရှိခဲ့ရင် အမှားအယွင်း ဖြစ်ခဲ့ရင် ဘယ်လိုရှောင်တိမ်းရမယ်ဆိုတာကို ကြိုတင်ပြီးတော့ မြင်ရမှာပေါ့။ အားကျတာ၊ တက်တက်ကြွကြွ ကြိုးစားတာတွေလည်း တပိုင်း။ သို့ပေမဲ့ ဆင်ခြင်သုံးသပ်စရာတွေလည်း များတယ်ဆိုတာကို ပြောရလိမ့်မယ်။
မေး ။ ။ အဲဒီတော့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာကော စစ်ကောင်စီ အခြေအနေက အဲဒီလိုမျိုး ရုတ်တရက် ပြုတ်ကျသွားနိုင်မယ့် အခြေအနေ ရှိလို့လား။ နောက်ပြီးတော့ စစ်ကောင်စီ ရပ်တည်ရေးအတွက် တရုတ်ကလည်း လုံခြုံရေး ကုမ္ပဏီ ဖွဲ့မယ်ဆိုပြီးတော့ ဟိုတလောက လုပ်နေတာ ရှိပါတယ်။ ဒါကကော စစ်ကောင်စီအတွက် ထိရောက်တဲ့ အကူအညီတခု မဖြစ်နိုင်ဘူးလား။
ဖြေ ။ ။ စစ်ကောင်စီက ဆီးရီးယားမှာလို အခြေအနေမျိုး ဖြစ်လာရင် စစ်ကောင်စီက တရုတ်အားကိုးနဲ့ ဆန့်ကျင်နိုင်လောက်တဲ့အထိ ရပ်တည်နိုင်တဲ့ အဆင့်ထိတော့ ဖြစ်ချင်မှဖြစ်မှာ။ ဘာကြောင့်လဲဆိုတော့ ဆီးရီးယားမှာ မြန်မာနိုင်ငံကို တရုတ် ကူညီဖို့ လုပ်နေတာထက် ရုရှား၊ အီရန်တို့ ပိုပြီးထိထိရောက်ရောက် ကူညီပါတယ်။ ရုရှားဆို လေတိုက်နဲ့ ဝင်ရောက်ဗုံးကြဲတာတွေ လုပ်ခဲ့ပေးတယ်။ တရုတ်က မြန်မာနိုင်ငံမှာ လုံခြုံရေး ကုမ္ပဏီ ထားဖို့ဆိုတာထက် အများကြီး ထိထိရောက်ရောက် ဝင်ပြီးတော့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်သူလူထု မထောက်ခံတော့ ပြုတ်ကျသွားတာပဲ။ အဓိက တော်လှန်ရေးတရပ်၊ အုပ်ချုပ်ရေးတရပ်ဆိုတာ လူထုထောက်ခံဖို့ အရေးကြီးပါတယ်။ ပြည်သူလူထု ထောက်ခံမှု မရရင်တော့ အနှေးနဲ့အမြန် သွားမှာပါပဲ။ သူတို့ရဲ့ စစ်သားတွေကိုယ်တိုင်က တိုက်ချင်စိတ် မရှိတော့ဘူး ဖြစ်လာတဲ့အခါမှာ မလွဲသာပြီးတော့ ဒီလိုပဲ ကျဆုံးသွားရမှာပါ။ မြန်မာနိုင်ငံမှာလည်း တရုတ်က ပံ့ပိုးပေးတယ်ဆိုတာ အဲဒီလောက်ထိတော့ − လေယာဉ်နဲ့ဝင်ပြီး ဗုံးကြဲတဲ့အထိ လုပ်လိမ့်မယ် မထင်ပါဘူး။ နောက်ပြီးတော့ ကျနော် တခု စဉ်းစားမိတာက ဆီးရီးယားမှာ အာဆက်အစိုးရ ပြုတ်ကျသွားတော့ တရုတ်တောင်မှ စဉ်းစားသွားနိုင်တယ်။ ဒီလောက် ကူညီတာတောင် မအောင်မြင်ဘူး။ ငါတို့လည်းပဲ မြန်မာနိုင်ငံမှာ စစ်ကောင်စီကို ဒီလိုဝင်ကူညီလို့လည်း နာမည်ပျက်နဲ့ ဒီလူတွေကို လက်ခံရမယ့်သဘော ဖြစ်ကောင်းဖြစ်လာလိမ့်မယ်လို့ သူတို့ တွက်မှာပဲ။ အဲဒါကြောင့်ပဲ အဲဒီမတိုင်မီက တရုတ်က လုံးဝဝင်ရောက်ဖို့ထက် စစ်ကောင်စီကို အဓိကစိန်ခေါ်နေတဲ့ အင်အားစုတွေနဲ့ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ ငြိမ်းချမ်းစေ့စပ်တဲ့နည်းနဲ့ ဖြေရှင်းဖို့ကို အမြဲဆုံးဖြတ်ပြီးတော့ အခုထိလည်း ကြိုးစားနေဆဲ ဖြစ်ပါတယ်။ တရုတ်က ရုရှားက ဆီးရီးယားကို ကူညီခဲ့သလို ကူညီလိမ့်မယ်လို့ မထင်ရသလို၊ ကူညီရင်လည်း ကုမ္ပဏီ ဖွဲ့ပြီးတော့ ကာကွယ်တာမျိုးနဲ့တော့ မဟန့်တားနိုင်ဘူးလို့ မြင်ပါတယ်။ တကယ်လို့ တော်လှန်ရေးက ဒီထက်အရှိန်မြင့်လာမယ်ဆိုရင် အဲဒီလို ယူဆမိပါတယ်။
မေး ။ ။ အခုလက်ရှိ ဆီးရီးယားရဲ့ လက်ရှိအခြေအနေက လုံးဝစိတ်ချပြီလို့ ပြောလို့ရလား။ ဒီအပေါ်မှာကော စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ မြန်မာနိုင်ငံကအဖွဲ့အစည်းတွေ၊ လူတွေက ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ ။ ။ ဆီးရီးယားရဲ့ လက်ရှိအခြေအနေက လုံးဝစိတ်ချရပြီလို့ ပြောလို့မရပါဘူး။ အကြမ်းမျဉ်းပြောရမယ်ဆိုရင်။ ဆိုတော့ မြန်မာနိုင်ငံက တော်လှန်ရေးသမားတွေ ဆီးရီးယားကိုလည်း အားကျနေတဲ့ လူတွေကလည်း ဒီအခြေအနေကို အပိုင်လို့ တွက်မယ်လို့ မဟုတ်ပါဘူး။ သူတို့လည်းပဲ ဒီအခြေအနေကို စောင့်ကြည့်ကြမှာပါ။ ဆီးရီးယား မှားတဲ့အကွက်တွေကို ငါတို့ မမှားမိအောင်။ သူတို့ မှန်တဲ့အတိုင်း လုပ်ရအောင်ဆိုပြီးတော့ တွက်ကြမှာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ စိတ်ခေါ်မှုတွေ အများကြီးရှိပါတယ်။ ပြည်တွင်းစိန်ခေါ်မှုနဲ့ ပြည်ပအခြေအနေကော စသည်ဖြင့် ရှိနေပါတယ်။ ဆီးရီးယားအရေးကို အဓိကရင်ဆိုင်နေရတာတော့ အပြိုအပျက် အပျက်အစီးတွေနဲ့ လူတွေရဲ့ စာနာမှုအခြေအနေ။ ဆီးရီးယားနိုင်ငံမှာ လူဦးရေး အကြမ်းဖျဉ်းအားဖြင့် ၂၅ သန်းလောက် ရှိရာမှာ ၁၈ သန်း − ၈၀ ရာခိုင်နှုန်းလောက်က စာနာမှုအကူအညီတွေ လိုအပ်နေတယ်။ စားဝတ်နေရေးအတွက် အင်မတန် ခက်ခဲနေတယ်။ ဆင်းရဲမှု နွမ်းပါးမှု အတော့်ကို ဆိုးဆိုးရွားရွား ဖြစ်နေတယ်။ အဲဒါကို ကူညီဖို့အတွက် လိုပါတယ်။ လမ်းပန်အဆက်အသွယ်။ နောက်ပြီးတော့ အခြေခံအဆောက်အဦတွေ ပျက်ဆီးခဲ့တာ။ တချို့တွက်ချက်မှုအရဆိုရင် ဆီးရီးယားကို ပြန်လည်ထူထောင်ဖို့အတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀ ကနေ ဘီလီယံ ၄၀၀ လောက်အထိ လိုအပ်လိမ့်မယ်လို့ တွက်ချက်ကြတယ်။ အဲဒီဟာအတွက် မတိုင်ခင် လောလောဆယ်မှာ လူတွေရဲ့ စာနာမှုအကူအညီအတွက်။ နောက်ပြီးတော့ ပြည်ပရောက်နေတဲ့လူတွေ ပြန်လာရင် ဘယ်လိုနေကြမလဲ။ အများကြီးလုပ်ဖို့ လိုပါတယ်။ ဆိုတော့ ဒီ ကိစ္စအတွက် သူတို့တွေက နိုင်ငံတကာရဲ့ ယုံကြည်မှုရအောင် အများကြီးကြိုးပမ်းနေရဆဲ ဖြစ်ပါတယ်။
အဲဒီမှာ နိုင်ငံတကာက သူတို့ကို အဓိကဖြစ်စေချင်တာက မတူကွဲပြားတဲ့ လူမျိုးရေး၊ ဘာသာရေး အစိတ်အပိုင်းတွေ အားလုံးပါဝင်တဲ့ အဖွဲ့အစည်း ဖြစ်ရမယ်။ ခွဲခြားဆက်ဆံမှု မရှိဘဲနဲ့။ နောက်ပြီးတော့ အဖွဲ့အစည်းတိုင်း ကျား−မ တန်းတူမရွေး အကုန်လုံး တပြေညီ ညီမျှတဲ့ အခွင့်အရေး ဖြစ်ရမယ်။ လက်စားချေမှု ရက်စက်ကြမ်းကြုတ်မှု ဒီဟာတွေဟာ လုံးဝပျောက်တဲ့အထိ ဖြစ်ရမယ်ဆိုတာတွေကို မျှော်လင့်ထားကြတယ်။ ဒီစံတွေနဲ့ တိုင်းတာပြီးမှ အကူအညီပေးဖို့ နိုင်ငံတကာက စဉ်းစားနေကြပါတယ်။ ဆော်ဒီအာရေဗျီးယားနိုင်ငံက ဧည့်ခံကျင်းပတဲ့ ဆီးရီးယားကိစ္စ ဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂ နိင်ငံတွေ။ အမေရိကန်၊ ဗြိတိန်တို့ကလည်း ကိုယ်စားလှယ် လွှတ်ပါတယ်။ နောက်ပြီးတော့ ဆော်ဒီအာရေဗျီးယားတကွ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတွေ အများကြီးတက်ကြပါတယ်။ အဓိက ဆီးရီးယားဘက်က ပြောတာကတော့ သူတို့ကို ဒဏ်ခတ်ပိတ်စို့မှု ဒီနိုင်ငံတွေက ရုတ်သိမ်းပေးပါ။ အာဆက်အစိုးရလက်ထက်ကတည်းက ဒဏ်ခတ်ပိတ်စို့ထားတာ။ အာဆက်အစိုးရကို ပစ်မှတ်ထားတာ မဟုတ်ဘူး။ HTS က အစ္စလာမ်စစ်သွေးကြွတွေ ဖြစ်ခဲ့တာမို့ သူတို့အပေါ်လည်း ပစ်မှတ်ထားပြီး ဒဏ်ခတ်ခဲ့တာ ဖြစ်တယ်။ ဆိုတော့ ဒီဒဏ်ခတ်မှုတွေကို ရုတ်သိမ်းကြပါဆိုပြီး သူတို့ လှုံဆော်နေတယ်။ ဒီဘက်ကလည်း မင်းတို့ ရုတ်သိမ်းဖို့အတွက် ဒီကိစ္စတွေ ပြေလည်အောင် လုပ်ပါဆိုပြီးတော့ တောင်းဆိုနေကြပါတယ်။ ဒီဟာနှစ်ခုကို ညှိပြီးတော့မှ သူတို့ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကြည့်ရလိမ့်မယ်။ မြန်မာနိုင်ငံမှာလည်း တကယ်လို့သာ အဲဒီလို ဖြစ်လာရင်လည်း မြန်မာနိုင်ငံမှာလည်း အကုန်လုံး လူမျိုးပေါင်းစုံ တန်းတူမခွဲခြားတဲ့ အကုန်လုံး ဘက်စုံပါဝင်တဲ့ ဘာသာရေး လူနည်းစုတွေကိုလည်း အခွင့်အရေး အပြည့်အဝပေးတဲ့ ဖော်ဆောင်နိုင်မယ့် အုပ်ချုပ်ရေး ယန္တရား ဖြစ်လာလေမလား၊ အဲဒီအခြေအနေ ရှိမှသာလျှင် နိုင်ငံတကာကလည်း စဉ်းစားလိမ့်မယ်ဆိုတာကို မြန်မာဘက်က တက်ကြွလှုပ်ရှားသူတွေကော ပြည်သူလူထုကကော ဒီဟာကို စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။ စောင့်ကြည့်ကြလိမ့်မယ်လို့ ထင်ပါတယ်။
မေး ။ ။ အဲ့တော့ ဆီးရီးယားရဲ့ ရှေ့အနာဂတ်ကို ပုံဖော်ရမယ်ဆိုရင် ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ အကောင်းဆုံးဖြစ်လာခဲ့မယ်ဆိုရင် ဆီးရီးယားသမိုင်းမှာ နိုင်ငံသစ် ပြန်လည်မွေးဖွားခြင်းလို့ ပြောမှာ ဖြစ်ပါတယ်။ ဆီးရီးယားနိုင်ငံဟာ ပထမတုန်းက အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးလိုပဲ သမိုင်းကို အကျဥ်းလေး ပြန်ပြောရမယ်ဆိုရင် Ottaman Empire တူရကီကို အခြေပြုထားတဲ့ Ottaman လက်နက်နိုင်ငံကြီးရဲ့ လက်အောက်မှာ နေခဲ့ရပါတယ်။ ပထမ ကမ္ဘာစစ်မှာ Ottaman လက်နက်နိုင်ငံကြီးက ပြိုကွဲသွားတဲ့အခါမှာ ဆီးရီးယားကို အင်္ဂလိပ်၊ ပြင်သစ်တို့က Mandate တွေခွဲပြီး အရှေ့အလယ်ပိုင်းမှာ သူ့နယ်ကိုယ့်နယ်လို့ ခွဲယူကြတဲ့ Mandate လို့ ခေါ်တယ်။ အဲဒီမှာ ဆီးရီးယားက ပြင်သစ်ရဲ့ လက်အောက်ခံ ဖြစ်ခဲ့တယ်။ အဲဒီကမှ ၁၉၄၆ မှာ လုံးဝလွတ်လပ်ရေး ရခဲ့တယ်။ အဲဒီလို ရလာပြီးကတည်းကပဲ ခရီးက မဖြောင့်ဖြူးဘူး။ စစ်တပ်ရဲ့ အာဏာသိမ်းမှုတွေက ထပ်ခါတလဲလဲ အဲ့မှာစပြီးတော့ ဖြစ်တာပါပဲ။ မကြာခဏကို ဖြစ်နေခဲ့တယ်။ နောက်ပိုင်းမှာတော့ အာဆက်ရဲ့ မိသားစုရဲ့ အုပ်ချုပ်ရေးလက်အောက်ကို နှစ်ပေါင်း (၂၀) လောက် ကျရောက်ခဲ့တယ်။ ၂၀၁၁ မှာ နွေဦးတော်လှန်ရေးဖြစ်တော့ သား အာဆက်က အဲဒီအချိန်မှာ သမ္မတ ဖြစ်နေပြီ။ သူ့အဖေက ၂၀၁၀ မှာ ဆုံးသွားတော့ အဲဒီအချိန်မှာ တော်လှန်ရေးက ပိုပြီးပြင်းပြင်းထန်ထန် ဖြစ်လာတယ်ဆိုတော့ ဒီဆူပူမှုတွေက သိပ်ပြင်းထန်လာတယ်။ အဲဒီမှာ ဗုံးကြဲမှုတွေ ဘာတွေ လုပ်လာခဲ့တယ်။
အမေရိကန်လည်း အဲဒီမှာ ဝင်ပြီးတော့ တိုက်ခိုက်ခဲ့တာတွေ ရှိတယ်။ အမေရိကန်တို့က ဘယ်သူ့ကို ကူညီလဲဆိုတော့ Syria Democratic Forces လို့ ခေါ်တယ်။ SDF ပေါ့ အဲဒါက တကယ်တော့ Kurd တွေ ဆီးရီးယားမြောက်ဘက်မှာရှိတဲ့ တူရကီနိုင်ငံရဲ့ နယ်စပ်မှာရှိတဲ့ Kurd တွေကို သူတို့က ကူညီပြီးတော့ အဲဒီကတဆင့် သူတို့အများကြီး ကူညီတယ်။ အဲဒီ Kurd တွေကိုလည်းပဲ တူရကီက မကြိုက်ဘူး။ သူတို့က သူတို့နိုင်ငံထဲမှာလည်း Kurd တွေရှိတော့ Kurd လွတ်မြောက်ရေးတွေ ဘာတွေလုပ်တော့ တူရကီနဲ့ ဆန့်ကျင်ဘက် အမေရိကန်နဲ့ တူရကီနဲ့လည်း အငြင်းပွားမှုရှိတယ်။ အဲဒီမှာလည်း ဝင်စွက်ဖက်ခဲ့တာရှိသလို၊ ပိုပြီးအန္တရာယ်များတာက အစ္စရေး။ အစ္စရေးကလည်းပဲ အခု အာဆက်ပြုတ်ပြီးတဲ့နောက် မကြာခင်မှာပဲ ဆီးရီးယားမှာရှိတဲ့ Chemical ဓာတုစက်ရုံတွေ ဓာတုလက်နက်တွေနဲ့ ငါတို့ကို ပစ်လာမှာစိုးလို့ဆိုပြီးတော့ လက်နက်စက်ရုံတွေကို ဝင်ပြီးတော့ ဗုံးကြဲဖျက်စီးတာတွေ အများကြီး ရှိပါတယ်။ ဆိုတော့ ဒီအခြေအနေတွေဟာ သူတို့က ငြိမ်သက်အောင် လုပ်ဖို့အတွက် သိပ်ခဲရင်းပါတယ်။ နောက်ပြီးတော့ အမျိုးသမီး ကျားမ တန်းတူရရှိရေး။ သူတို့တွေက အစ္စလာမ်ဝါဒီတွေဆိုတော့ သူတို့အုပ်ချုပ်ရေး ဖော်ဆောင်လာမယ့်ဟာက ခွဲခြားမှုရှိမလား။ ခေါင်းဆောင်ကတော့ ခွဲခြားမှု မရှိဘူးလို့ ပြောထားပါတယ်။ ဒါပေမဲ့ တချို့က ဝေဖန်ကြတယ်။ သူတို့ဟာ ပညာရေးစနစ်မှာ ကြည့်မယ်ဆိုရင် ဘာသာရေးနဲ့ ကင်းလွတ်တဲ့ ပညာရေးမဟုတ်ဘဲနဲ့ အစ္စလာမ်တရားတော်ကို အခြေခံတဲ့ ဘာသာရေးမျိုး ဖြစ်မယ်။ ဥပမာ နမူနာတခု ထောက်ပြတယ်။ ဒါဝင်ရဲ့ evolution သီဟိုရီ လူက ဘယ်လို ဖြစ်လာတယ်ဆိုတာ အဲဒီဟာကို မသင်ရဘူး။ သူတို့က ဘုရားက ဖန်ဆင်းပြီးတော့ ဖြစ်လာတယ်လို့ အဲဒါဟာမျိုးတွေကို လူတွေက ထောက်ပြကြတယ်။
အဲဒီဟာမျိုးတွေသဘောကို စီစဥ်နေတယ်။ ဒါပေမဲ့ တာဝန်ခံရမယ့် ပညာရေးဝန်ကြီး ခန့်ထားတဲ့ သူက အဲဒီလို မဟုတ်ပါဘူး။ သူတို့ဆီမှာ အမျိုးသမီးတွေလည်း အမျိုးသမီးအခွင့်အရေးဆိုင်ရာဝန်ကြီး အမျိုးသမီးတယောက်လည်း ခန့်ထားပါတယ်။ ဒါကို နိုင်ငံတကာက ရှိနေတဲ့ သံသယကို ခြေရာပျောက်အောင် ကြိုးစားရခြင်း ဖြစ်ပါတယ်။ စောစောကပြောခဲ့တဲ့ Kurd ဘာတွေ ဘာသာရေးအားလုံး စည်းလုံးညီညွတ်ရေး သွေးစည်းညီညွတ်တဲ့အစိုးရ ဖြစ်အောင် သူတို့ ကြိုးစားရလိမ့်မယ်။ အဲဒီလိုသာ တကယ်လို့ လုပ်လာနိုင်မယ်ဆိုရင်တော့ ဆီးရီးယားဟာ ကျနော်တို့ ပြောခဲ့သလို ပထမကမ္ဘာစစ် Ottaman Empire လက်အောက်က လွတ်မြောက်ခဲ့ပြီးကတည်းက တခါမှ မရရှိခဲ့ဘူးတဲ့ သွေးစည်းညီညွတ်တဲ့ တည်တံ့ခိုင်မြဲတဲ့ တည်ငြိမ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ပါတယ်။ ဒါ ဆီးရီးယားရဲ့သမိုင်း အသစ်တဖန် ပြန်မွေးဖွားလာမယ့်ကိစ္စလည်း ဖြစ်ပါတယ်။ တကယ်လို့ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ အခြေအနေကအမျိုးမျိုး ဖြစ်သွားနိုင်တယ်။
မေး ။ ။ အဲဒီတော့ ဆီးရီးယားနဲ့ မြန်မာနဲ့ကို နှိုင်းယှဥ်ပြီး ပြောကြည့်မယ်ဆိုရင် အခု မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေက ဆီးရီးယားလို ဖြစ်လာနိုင်ပါသလား။ မြန်မာနိုင်ငံအနာဂတ်ကို ဘယ်လို ပုံဖော်နိုင်လဲ။
ဖြေ ။ ။ နှစ်ဆင့်ပြောရမှာပါ။ အခု ဆီးရီးယားမှာ အာဏာရှင် အာဆတ်အစိုးရ ပြုတ်ကျသွားတဲ့ အဆင့်ကို ရောက်ဖို့အတွက် မြန်မာတော်လှန်ရေးအင်အားစုတွေ စစ်ကောင်စီကို တော်လှန်နေတဲ့ အင်အားစုတွေက အဲဒီအဆင့်ကို ရောက်ဖို့အတွက် ပထမကြိုးစားရမှာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ အဲဒီအဆင့်ကို ရောက်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေအားလုံးက တပေါင်းတစည်းထဲ ဖြစ်ခဲ့တယ်။ အဲ့လိုမျိုး ဖြစ်ပြီလား။ မြန်မာနိုင်ငံမှာ ဗဟိုချုပ်ကိုင်မှု အုပ်ချုပ်မှုတခုထဲ အမိန့်အာဏာတခုထဲ လက်အောက်မှာ အဲဒီလို ဖြစ်ပြီလားဆိုတာက စပြီးတော့ မြန်မာနိုင်ငံမှာ လုပ်ရလိမ့်မယ့် ဒါကို စစ်ရေးသမားတွေက ပိုပြီးသိမှာပေါ့လေ။ အဲ့ကိစ္စအရေးကြီးပါတယ်။ သူတို့ဆီမှာ အာဏာရှင်ကို ဖြုတ်ချဖို့အတွက် ရရှိခဲ့တဲ့ စည်းလုံးညီညွတ်မှုမျိုး ရရှိလားဆိုတာ နံပါတ်တစ်အချက်ပါ။ အဲဒါပြီးတော့မှ စောစောကပြောခဲ့တဲ့ အနာဂတ် ဆီးရီးယားနိုင်ငံသစ် ပုံဖော်တည်ဆောက်မယ့် လမ်းစဥ်တွေက ဘယ်လိုလဲ ဘာမှားလဲ။ နိုင်ငံတကာက လက်ခံအသိအမှတ်ပြုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းထဲမှာ ပြန်လည်ဝင်ရောက် လှုပ်ရှားခွင့်ပေးဖို့အတွက် ဘယ်လိုဟာတွေ ပြင်ဆင်သင့်လဲ။ သူတို့ ဘယ်လို ပြင်လဲဆိုတာ နမူနာယူရမှာ ဖြစ်တယ်လို့ ထင်ပါတယ်။
မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင် ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
Forum