သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Putin ဖမ်းဝရမ်းရဲ့ အလားအလာ


ရုရှားနိုင်ငံ မော်စကိုမြို့ ရုရှားပြည်ထဲရေး ဝန်ကြီးဌာန ဘုတ်အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမီယာပူတင် မိန့်ခွန်းပြောနေစဉ် (မတ် ၂၀၊ ၂၀၂၃)
ရုရှားနိုင်ငံ မော်စကိုမြို့ ရုရှားပြည်ထဲရေး ဝန်ကြီးဌာန ဘုတ်အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးတွင် ရုရှားသမ္မတ ဗလာဒီမီယာပူတင် မိန့်ခွန်းပြောနေစဉ် (မတ် ၂၀၊ ၂၀၂၃)

ရုရှားတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သေကြေထိခိုက် ဒုက္ခရောက်နေကြရတဲ့ ယူကရိန်းပြည်တွေအပေါ် စာနာစိတ်ရှိသူအတော်များများဟာ ရုရှားသမ္မတ Vladimir Putin ကို ICC က ဖမ်းဝရမ်း ထုတ်လိုက်တာကို နှစ်ထောင်းအားရ ကြိုဆိုကြပါတယ်။ ဒါပေမဲ့ ဒီဖမ်းဝရမ်း လက်တွေ့ အလုပ်ဖြစ်လာနိုင်တဲ့ အလားအလာ ဘယ်လောက်ရှိပါသလဲ။ အခုတပတ် "အယ်ဒီတာရဲ့ သုံးသပ်ချက်" အစီအစဉ်မှာ ဦးကျော်ဇံသာ ကိုမမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ ဒီတပတ်မှာတော့ သတင်းတွေထဲမှာ တော်တော်လေး အရေးကြီးနေတယ်လို့ ယူဆနိုင်တာကတော့ ရုရှားသမ္မတပူတင်ကို ICC ကနေ ဖမ်းဝရမ်းထုတ်လိုက်တဲ့ သတင်းပါ။ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးချင်ပါတယ်။ ဒီအခြေအနေက ဘယ်လောက်အထိ အရေးပါတယ်လို့ ထင်ပါသလဲ ဆရာ။

ဖြေ ။ ။ မင်္ဂလာပါ မြသဇင်။ သိပ်အရေးပါပါတယ်။ သမ္မတပူတင်လို ပုဂ္ဂိုလ် - လောလောဆယ်မှာတော့ သူက အဓိကအားဖြင့် ယူကရိန်းကို ကျုးကျော်စစ်ဖြစ်နေတယ်ဆိုပြီးတော့ စွပ်စွဲခံထားရတယ်။ ယူကရိန်းစစ်ပွဲသတင်းက နေ့စဉ်နဲ့အမျှ ကမ္ဘာ့ထိပ်တန်းသတင်းဖြစ်လာတာ ဒီစစ်ပွဲစကတည်းက ၁ နှစ်လောက် ရှိလာခဲ့ပါပြီဆိုတော့ ဒီအချိန်မှာ ဒီအထဲက ဇာတ်ကောင်တကောင်ကို ဖမ်းဖို့ဝရမ်ထုတ်တယ်ဆိုတာ သိပ်အရေးကြီးတဲ့ သတင်း ဖြစ်ပါတယ်။ နောက်ပြီးတော့ သမ္မတပူတင်က အရင် ICC က ဖမ်းဝရမ်းထုတ်ခံခဲ့ရဖူးတဲ့ လူတွေနဲ့စာရင် သူက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာပါဝင်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ အကြီးအကဲတဦးလည်း ဖြစ်ပါတယ်။ သတင်းအနေနဲ့ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ လက်တွေ့ဖြစ်လာနိုင်ပါ့မလားဆိုတာနဲ့ ပတ်သက်ပြီးတော့ လူတွေက မေးခွန်းတွေ အများကြီးထုတ်စရာ ရှိနေပါတယ်။ ဒီသတင်းက လက်တွေ့ဖြစ်လာနိုင်သလား။ မဖြစ်လာနိုင်တာကို ခဏထား၊ Symbolicaly very very important အသွင်သဏ္ဍာန်အားဖြင့် သိပ်အရေးပါတဲ့ သတင်း ဖြစ်ပါတယ်။ ဒီကိစ္စကို လူတွေလည်း တော်တော်များများ စောင့်ကြည့်နေကြအုံးမှာ ဖြစ်ပါတယ်။

မေး ။ ။ ရုရှားနိုင်ငံလို နိုင်ငံတခုရဲ့ သမ္မတတယောက်ကို ဖမ်းဝရမ်း ထုတ်လိုက်တဲ့အပေါ်မှာ နိုင်ငံတကာက တုံ့ပြန်တာတွေကတော့ မတူဘူးပေါ့။ ဆိုးကျိုးသက်ရောက်တာတွေလည်း ဖြစ်လာနိုင်တယ်လို့ ပြောနေတဲ့လူတွေလည်း ရှိပါတယ်။ အမေရိကန်ကတော့ ဒီအပေါ် ကြိုဆိုပါတယ်။ အခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေရဲ့ အမြင်သဘောကကော ဘယ်လို ရှိနိုင်ပါသလဲ ဆရာ။

ဖြေ ။ ။ ပထမဦးဆုံး ကြိုဆိုတဲ့လူနဲ့ ကန့်ကွက်တဲ့လူတွေမှာ အဓိက ကြိုဆိုသူကတော့ သမ္မတဘိုင်ဒန် ဖြစ်ပါတယ်။ ဒါကတော့ သိပ်အံ့သြစရာ မဟုတ်ပါဘူး။ သူနဲ့ ရန်ဖြစ်နေတဲ့လူ၊ စစ်ဖြစ်နေတဲ့လူကို ဖမ်းဝရမ်းထုတ်တာကို သူက မှန်တာပေါ့လို့ ပြောမယ်ဆိုတာကတော့ သာမန်လူလည်း နားလည်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ War Crimes စစ်ရာဇဝတ်မှုတွေ အများကြီး ကျူးလွန်နေတယ်ဆိုတာကို သူက တချိန်လုံးပြောနေပါတယ်။ သူ့ဆန္ဒအတိုင်း ပေါ်ပေါက်လာတဲ့ ကိစ္စလို့တောင် တချို့က ပြောနေကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကန့်ကွက်တာကတော့ Serbia - ဆားဘီးယားသမ္မတ Aleksandar Vucic ရဲ့ ကန့်ကွက်မှု ဖြစ်ပါတယ်။ သူကိုလည်း ပထမဦးဆုံး ပုဂ္ဂိုလ်ရေးရာ ကြည့်မယ်ဆိုရင် သူက ပူတင်နဲ့ ပုဂ္ဂိုလ်ရေးရ ရင်းနှီးသူ ဖြစ်တယ်။ နောက်ပြီးတော့ သူတို့ ဆားဘီးယားနိုင်ငံက အရင်သမ္မတ Slobodan Milosevic လက်ထက်မှာကတည်းက သူက ဝန်ကြီးလုပ်ခဲ့ဖူးသူ ဖြစ်တဲ့အတွက် သူက အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သူကိုလည်းပဲ မေးခွန်းထုတ်စရာ ရှိတယ်။ သူက ဒီကိစ္စကို ကန့်ကွက်တာ သဘောရိုးရဲ့လားလို့။ ဒါပေမဲ့ သူ့ရဲ့စကားကိုကြည့်ရင် ဒီဖမ်းဝရမ်း ထုတ်လိုက်ခြင်းသည် ယူကရိန်းစစ်ပွဲ စေ့စပ်ငြိမ်းချမ်းရေးကို အများကြီးခက်ခဲသွားမယ်လို့ ပြောပါတယ်။ ဒါကိုတော့ လက်ခံသင့်တယ်လို့ ထင်ပါတယ်။ ဖမ်းဝရမ်းထုတ်ထားတဲ့လူကို ဘယ်လိုလုပ်ပြီး စေ့စပ်လို့ ဖြစ်မလဲ။ တရားဥပဒေအရ ဖမ်းထားပါတယ်။ တရားဥပဒေအရ အရေးယူထားလို့ ကျနော်တို့ အဲဒီအမျိုးသမီးနဲ့ မဆွေးနွေးနိုင်ဘူးဆိုတာကို နမူနာကြည့် မြန်မာနိုင်ငံမှာတောင် ဒီဟာမျိုးတွေ ကြားနေရတယ် မဟုတ်လား။ ဘာပဲပြောပြော ဖမ်းဝရမ်းထုတ်ထားတယ်၊ အရေးယူထားတယ်ဆိုတဲ့ လူတယောက်နဲ့ စေ့စပ်ဖို့ကတော့ ခက်ခဲသွားမယ်ဆိုပြီးတော့ ဆားဘီးယားသမ္မတက ထောက်ပြပြောဆိုနေတာ ဖြစ်ပါတယ်။ ဒါကလည်း အဓိပ္ပါယ်ရှိတဲ့ကိစ္စ ဖြစ်ပါတယ်။ တရုတ်ကလည်း ပြောပါတယ်။ တရုတ်ကတော့ ICC အနေနဲ့ မျှမျှတတ စဉ်းစားပါ။ တဘက်သတ် မဖြစ်ပါစေနဲ့ဆိုတဲ့ စဉ်းစားခဲ့တဲ့ကိစ္စတွေ ရှိပါတယ်။ နိုင်ငံတကာကတော့ တနိုင်ငံချင်းက ဘယ်လိုသဘောထားရှိကြတယ်ဆိုတာကိုတော့ မကြားရပါဘူး။ ကြိုဆိုတဲ့နိုင်ငံလည်း ရှိမယ်။ ကန့်ကွက်တဲ့ နိုင်ငံလည်း ရှိကြမယ်။ သို့သော်လဲပဲ ဒီတရားရုံးက စစ်ဆေးလာခြင်းက တကယ်မျှမျှတတ ဖြစ်လာနိုင်ပါ့မလား။ ငြိမ်းချမ်းရေး ရနိုင်ပါ့မလားဆိုတာကို တကယ်တမ်း မေးခွန်းထုတ်စရာတွေတော့ ရှိပါတယ်။

မေး ။ ။ ဒီလို ဖမ်းဝရမ်းထုတ်လိုက်တဲ့အပေါ်မှာ ယူကရိန်းစစ်ပွဲအပေါ် တစုံတရာ အပြုသဘောအနေနဲ့ အကျိုးသက်ရောက်မှု ရှိလာနိုင်ပါသလား ဆရာ။

ဖြေ ။ ။ ယူကရိန်းစစ်ပွဲအပေါ် အပြုသဘောအနေနဲ့ အကျိုးသက်ရောက်မှုဆိုတာ ဘယ်လိုအဓိပ္ပါယ် ဖွင့်ရမလဲ။ ကျနော်ကတော့ နှစ်ပိုင်း မြင်တယ်။ စစ်ပွဲတခုမှာ အပြုသဘောဆိုတာ စစ်ပွဲပြီဆုံးသွားပြီးနောက် ငြိမ်းချမ်းရေး ရသွားတာက အပြုသဘော။ နောက်တခါ တဘက်ကို တဘက်က လုံးဝအပြတ်နိုင်သွားမယ်သဘော။ ဒါကိုလည်း အပြုသဘောလို့ ပြောကြတယ်။ စစ်ပွဲ ပြီဆုံးသွားလို့။ ဒီနှစ်ခုကိုပဲ စဉ်းစားကြည့်မယ် ဆိုကြပါစို့။ ပူတင်ကို ဖမ်းဆီးဖို့ ဖမ်းဝရမ်း ထုတ်လိုက်တဲ့အတွက်ကြောင့် အမေရိကန်ဘက်က စစ်ရေးအရ သာနိုင်မယ် မဟုတ်ပါဘူး။ သာနိုင်စရာအကြောင်း မရှိဘူးလို့ ထင်ပါတယ်။ ယူကရိန်း လိုချင်နေတာက လက်နက်။ ရုရှားရဲ့ ကျူးကျော်မှုကို တိုက်ဖို့အတွက် လေယာဉ်တွေ လိုချင်တယ်။ အမေရိကန်နဲ့ မဟာမိတ်တွေဘက်က ပေးနိုင်တာက MiG ဂျက်တိုက်လေယာဉ်ကို ပေးတယ်။ ယူကရိန်းက ဒါနဲ့မရဘူး၊ F-21 ကို လိုချင်တယ်။ ဒီဘက်က အဲဒါကိုပေးလို့ မဖြစ်နိုင်ဘူး။ အခြေအနေအမျိုးမျိုး ထောက်ပြကြတယ်ဆိုတော့ အဲဒီလို စစ်ရေးအရသာ အနိုင်လိုချင်တယ်။ နောက်ပြီး စစ်နိုင်ပြီးတော့ အရေးနှိမ့်တဲ့လူကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ခေါ်ချင်တယ်ဆိုရင်တော့ ဒီကြေညာချက်က မထိရောက်ဘူး။ ဒါဆိုရင် ငြိမ်းချမ်းရေးဘက်နှုန်းထားကကော အဆင်ပြေနိုင်မလား။ ဆွေးနွေးစေ့စပ်ရေးဆိုရင်လည်း အစောက ဆားဘီးယားသမ္မတ ပြောတာကို ကျနော် သဘောတူပါတယ်။ အဲဒီလို ဖမ်းမယ်လို့ ပြောထားပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးရအောင် ပြောလို့ကတော့ အကျိုးသက်ရောက်မှု တစုံတရာ ရှိနိုင်မယ်လို့ မထင်ပါဘူး။ သို့သော် ယူကရိန်းပြည်သူတွေ ဒုက္ခခံစားနေရတဲ့ ပြည်သူတွေကတော့ နှစ်ထောင်းအားရ ဖြစ်မှာပေါ့ - ကောင်းတယ်။ နိုင်ငံတကာက ငါတို့ဘက်မှာ ပါနေတယ်ဆိုတဲ့ ခံစားချက်ကတော့ ပိုပြီးတော့ ပေါ်လွှင်လာတယ်ဆိုတာ ဖြစ်ပါတယ်။ အဲဒီအချက်ကလွဲ ကျန်တာကတော့ စစ်ပွဲပြီမြောက်ရေးအတွက် အကျိုးရှိနိုင်မယ်လို့ မထင်ပါဘူး။

မေး ။ ။ ဒါဆိုရင် ရုရှားရဲ့ နိုင်ငံခြားရေးရာတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်ပါသလဲ။ နောက် ရုရှားနဲ့ နီးနီးစပ်စပ် ဆက်ဆံနေတဲ့ နိုင်ငံတွေအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ ဆရာ။

ဖြေ ။ ။ ရုရှားရဲ့ နိုင်ငံခြားရေးမူဝါဒလည်း ဘယ်လိုမှ ပြောင်းလဲမှာ မဟုတ်ပါဘူး။ သူကတော့ တကယ်လုပ်မယ်ဆိုရင် သူ့ဘက်ကို ထောက်ခံမယ့် အင်အားကိုသာ ပိုပြီးတော့ လိုကောင်းလိုချင်ပါလိမ့်မယ် ဒီအခြေအနေ၊ အနေအထားမှာ။ ဒီလို ဖမ်းဝရမ်းထုတ်တဲ့အတွက်ကြောင့် ငါတို့ နိုင်ငံခြားရေးမူဝါဒကို လျှော့ပေါ့စဉ်းစားမယ်ဆိုတာကို သူတို့လုပ်မှာ မဟုတ်ပါဘူး။ နိုင်ငံခြားရေးမူဝါဒက သူတို့ရဲ့နိုင်ငံ ဒီစစ်ပွဲမှာ ဘယ်လိုအမြတ်ထွက်မလဲဆိုတာနဲ့ တွက်ထားခြင်းသာ ဖြစ်ပါတယ်ဆိုတော့ နိုင်ငံခြားရေး မူဝါဒအပေါ်မှာလည်း ရုရှားဘက်က တစုံတရာ ပြောင်းလဲလိမ့်မယ် မဟုတ်ဘူး။ အဲဒီလောက်အထိလည်း ရေးကြီးခွင်ကျယ် တွက်တယ်၊ ယူဆတယ်လို့ ကျနော် မထင်ပါဘူး။

မေး ။ ။ အလားတူ ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေအတွက်ကော ဒီလိုဝရမ်း ထုတ်တာက ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်မလဲ။ အခြားနိုင်ငံတွေကကော ဆင်ခြင်လာနိုင်ချေ ရှိပါသလား ဆရာ။

ဖြေ ။ ။ သိပ်တော့ မဆိုင်ဘူးလို့ ထင်ပါတယ်။ သမ္မတပူတင်က ဘယ်လောက်အထိ အလေးအနက်ထားလဲ။ သူကိုဖမ်းဖို့ အရေးယူမယ်လို့ ပြောနေတဲ့ဟာ ဘယ်လောက်အထိ ထိရောက်မှု ရှိသလဲ။ တကယ်တမ်း ဝင်ဖမ်းသွားနိုင်တယ်။ ဘာညာဆိုရင်တော့ တမျိုးစဉ်းစားကောင်း စဉ်းစားမှာပေါ့။ အခု သူကို ဖမ်းနိုင်ဖို့ကိစ္စကလည်း အလှမ်းဝေးတဲ့ ကိစ္စပါ။ ဘယ်လိုလုပ်ပြီးတော့ ကျန်တဲ့နိုင်ငံတွေက ငါတို့လည်း သတိထားရမယ်။ ဒီလို ဖမ်းဝရမ်းထုတ်တာကို တွေးမယ်လို့တော့ မထင်ပါဘူး။ နောက်ပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတွေဆိုတဲ့နေရာမှာ တချို့က လူ့အခွင့်အရေးကို ငါတို့ ချိုးဖောက်လိုက်မယ်ဆိုပြီးတော့ ချမှတ်လုပ်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ လောဘ၊ အာဏာတတ်မက်မှု၊ သူတို့နိုင်ငံရေး အခြေအနေ၊ နောက် သူတို့နိုင်ငံရဲ့ အကျိုးစီးပွားလို့ ယူဆပြီးတော့ သူတို့ အဲဒီလို တိုက်ရင်တိုက်ရင်နဲ့ အလွန်အကျွံ ဖြစ်သွားတဲ့အခါမှာ တရားရုံးတွေက လူတွေ အပြစ်မဲ့ရတဲ့လူတွေ နစ်နာရတဲ့အတွက် ဒီဟာကို ငါတို့ အရေးယူရမယ်ဆိုတာ လုပ်လာတဲ့ကိစ္စ ဖြစ်ပါတယ်။ ဆိုတော့ ဒီကိစ္စမှာလည်း အစကတည်းက ကျူးလွန်ဖို့ဆိုပြီး ကြိုတင်စီစဉ်ထားတာတော့ မရှိနိုင်ဘူး ထင်ပါတယ်။ သူတို့လည်းပဲ သူတို့အကျိုးစီးပွားအတွက် လုပ်ရင်လုပ်ရင် ကျူးလွန်သွားကြတာသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီအမိန့်ထုတ်တဲ့ကိစ္စကြောင့် သူတို့တွေက ကြိုတင်ပြီးတော့ ဆင်ခြင်နေစရာလည်း သိပ်ရှိလိမ့်မယ်လို့ မထင်ပါဘူး။

မေး ။ ။ ဒါဆိုရင် ဒီမှာမေးစရာတခုကတော့ သမ္မတပူတင် ကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့ ပြစ်မှုတွေအတွက် သူ တာဝန်ခံမှု ရှိလာအောင်လို့ ICC ကိုယ်တိုင်က လုပ်နိုင်တဲ့ အာဏာပါဝါ အရင်းအမြစ် လုံလုံလောက်လောက် ရှိပါသလား ဆရာ။

ဖြေ ။ ။ လုံလုံလောက်လောက် မရှိရုံတင်မက၊ လုံးဝ မရှိဘူးလို့တောင် ပြောရင် ရနိုင်ပါတယ်။ သူတို့က နိုင်ငံတကာခုံရုံးဆိုတာ သူတို့မှာ Law Enforcement Agency မရှိဘူး။ Law Enforcement လုပ်နိုင်တဲ့ အခြေအနေ မရှိဘူး။ ဖမ်းပြီး၊ တရားစီရင်ပါဆိုပြီး လာပို့တဲ့ အဖွဲ့အစည်း သူတို့မှာ မရှိပါဘူး။ ဆားဘီးယားသမ္မတဟောင် Slobodan Milosevic ဆိုရင် သူ့နိုင်ငံမှာ အစိုးရပြုတ်ကျသွားပြီးနောက် နှစ်ပေါင်းများစွာ ပုန်းအောင်းနေတဲ့အခါမှာမှ ပြန်တွေ့ပြီး လူ့အခွင့််အရေးအရ ဖမ်းဆီးပြီး၊ အပ်လိုက်တဲ့အခါမှာ ICC ရဲ့ စစ်ဆေးခြင်းကို ခံရတာ ဖြစ်ပါတယ်။ အဲဒီလို ပုံစံမျိုး ဖြစ်ဖို့ဆိုတာလည်း သိပ်ပြီးတော့ မလွယ်လှတဲ့ကိစ္စပါ။ နောက်ပြီးတော့ တရားဥပဒေဆိုတာကလည်း သူကို ပြစ်မှုကျူးလွန်တယ်ဆိုတာကလည်း allegedly commit ပါ။ ကျူးလွန်နေပါတယ်လို့ စွပ်စွဲတာသာ ဖြစ်ပါတယ်။ သူကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား သက်သေထင်ရှား ပြနိုင်မှ၊ တရားဥပဒေမှာ innocent until proven guilty - ပြစ်မှုကျူးလွန်တယ်ဆိုတာကို သက်သေပြရအုံးမှာ ဖြစ်ပါတယ်။ အဆင့်ဆင့်သွားစရာ အများကြီး ရှိပါတယ်။ ဒီအဆင့်ကိုရောက်ဖို့ နေနေသာ အခု သမ္မတပူတင်ကို ဘယ်လိုလုပ် ဖမ်းမလဲ။ ဘယ်နှစ်နိုင်ငံ ထောက်ခံကြမလဲ။ ဘယ်သူက ဖမ်းပြီးတော့ ပေးမှာလဲဆိုတာက အရေးကြီးတဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒါကလဲ သိပ်အလှမ်းဝေးတဲ့ ကိစ္စပါ။ တကယ်လို့ တနေ့ပြောင်းပြီလို့ တမျိုးတမည် ဖြစ်လာရင်တော့ အဲဒီလို ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ တချို့ မျှော်လင့်နေသူတွေလည်း ရှိပါတယ်။ အဲဒီလို ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလို့ တွက်တဲ့လူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုတွက်ပြောတာ အင်မတန်နည်းပါတယ်။

မေး ။ ။ ICC ရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးလို့။ ဒီလို တရားမျှတမှုနဲ့ တာဝန်ခံမှုရှိဖို့ လုပ်ဆောင်တဲ့နေရာမှာ ထိထိရောက်ရောက် ဖြစ်ဖို့အတွက်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်သင့်တယ်လို့ ထင်ပါသလဲ ဆရာ။

ဖြေ ။ ။ နိုင်ငံတကာအသိုင်းအဝိုင်းကို အဓိပ္ပါယ်ဖွင့်ရင် ကမ္ဘာ့နိုင်ငံတွေထဲမှာ သူတို့ကို ထောက်ခံထားတဲ့ ICC ကို ပါဝင်လက်မှတ်ထိုးပြီး သဘောတူထားတာ၊ နိုင်ငံပေါင်း ၁၂၀ ကျော်လောက်ပဲ ရှိတယ် ထင်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းမှာ သြဇာအကြီးမာဆုံးဆိုတဲ့ အမေရိကန် မပါဘူး။ ရုရှားလည်း မပါဘူး။ အမေရိကန်ဆိုရင် တော်တော်လေး ICC ဖွဲ့စည်းခါစတုန်းက သမ္မတ George Bush ထင်ပါတယ်။ ငါတို့ အမေရိကန်က တယောက်ယောက်ကို ICC က၊ ICJ နဲ့ မတူဘူး။ သူ့ရဲ့ အမှုသည်တွေက individual လူပုဂ္ဂိုလ်တဦးချင်းတွေ၊ နိုင်ငံသားတွေ၊ နိုင်ငံတခုရဲ့ နိုင်ငံသားတွေ။ ငါတို့နိုင်ငံက နိုင်ငံသားတဦးတယောက်ကို မင်းတို့ ICC က လာပြီးတော့ ဖမ်းလို့ကတော့ မသက်သာဘူးဆိုပြီးတော့ ICC ကို ပြန်ပြီးတော့ ကြုံးဝါးခဲ့တာတောင် ရှိပါတယ်။ တရုတ်လည်း အဲဒီအထဲမှာ မပါပါဘူး။ ယူကရိန်းလည်း မပါဘူး။ အမေရိကန်လည်း မပါဘူးဆိုတော့ကာ သိပ်ပြီးတော့ ဒီကိစ္စကို နိုင်ငံတကာက အသိုင်းအဝိုင်းက ဘယ်လောက်လုပ်နိုင်မလဲဆိုတာကို အဲဒီအဓိကကျတဲ့ နိုင်ငံတွေက မပါတော့၊ နိုင်ငံတကာအသိုင်းအဝိုင်းက ဘာလုပ်နိုင်မှာလဲ။ သူတို့ကို သိပ်ပြီးတော့ ထောက်ခံတဲ့နိုင်ငံတွေကို သမ္မတပူတင်က သွားတဲ့အခါ ဖမ်းပြီးတော့ ပို့ရင်ကော ဘာညာဆိုတော့ သူက ဘယ်သွားလိမ့်မလဲ။ အကြောင်းမရှိဘဲနဲ့ လုံခြံရေးမရှိဘဲနဲ့ ဘယ်သွားလိမ့်မလဲဆိုတာလည်း စဉ်းစားစရာပေါ့။ နိုင်ငံတကာအသိုင်းအဝိုင်းကို အားကိုးတယ်ဆိုတာတော့ သိပ်ပြီးတော့ အားမကိုးသင့်တဲ့ကိစ္စကို အားကိုးတဲ့ကိစ္စလို့ပဲ ယူဆပါတယ်။

မေး ။ ။ အဲဒီတော့ သမ္မတပူတင်အပေါ် ICC ရဲ့ အခုလိုမျိုး အရေးယူဆောင်ရွက်မှုက ဒီလိုလူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ဒါမှမဟုတ် စစ်ပွဲတွေ ကျူးလွန်ဖို့ စဉ်းစားနေတဲ့ တခြားခေါင်းဆောင်တွေဆီကို ဘယ်လိုသတင်းစကားပေးတယ်လို့ ယူဆနိုင်သလဲ ဆရာ။

ဖြေ ။ ။ သူလူတွေကိုတော့ လုပ်ဖို့လိုတာပေါ့။ တကယ်တမ်း သမ္မတပူတင်တို့ အရေးယူတဲ့နေရာမှာလည်း သူကိုယ်တိုင်သွားလုပ်တာတော့ မဟုတ်ပါဘူး။ သူ့ရဲ့အမိန့််ကို နာခံပြီးတော့ လိုက်ကြတဲ့လူတွေက လုပ်ကြတာ ဖြစ်တယ်။ ဆိုတော့ ကိုယ့်လူတွေကိုလည်း လိုအပ်ရင်တော့ ထိန်းဖို့တော့သင့်တယ်ဆိုတာတော့ သူတို့ သိပါလိမ့်မယ်။ တချို့နိုင်ငံတွေမှာရှိတဲ့ ပြစ်မှုကျူးလွန်သူက ဘယ်သူလုပ်ပါတယ်ဆိုပြီးတော့ ထိုးကျွေးလိုက်တာ။ ခေါင်းဆောင်တွေက သူတို့ ကျူးလွန်တာ မဟုတ်ဘူးဆိုပြီးတော့ လုပ်တာမျိုးတွေ ရှိတယ်။ အဲဒါမျိုးတွေတော့ အနည်းဆုံး လုပ်ကြလိမ့်မယ်။ သို့တည်းမဟုတ်လည်း အဲဒီလို လွန်လွန်ကျူးကျူး မလုပ်ဖို့၊ ထိန်းသိမ်းပြီးတော့ လုပ်မယ့်ကိစ္စတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ အဲဒီလောက်တော့ သူတို့ စဉ်းစားကောင်း စဉ်းစားပါလိမ့်မယ်။ ဒီထက်ပိုပြီးတော့ ဒီဟာကို ကြောက်လန့်သွားတယ်။ ဘာမှမလုပ်ရဲတော့ဘူးဆိုတဲ့ အဆင့်အထိတော့ ရောက်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။

မမြသဇင်အောင် ။ ။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ဆရာ။

====== Unicode =====



















XS
SM
MD
LG