၁၄ လကြာ ဂါဇာစစ်ပွဲရဲ့ ခနော်ခနဲ့ အပစ်ရပ်ရေး သဘောတူညီချက်ပါ အဆင့် ၃ ဆင့်လုံး ချောမွေ့အောင်မြင်နိုင်ခြေ ရှိပါသလား။ ထာဝရငြိမ်းချမ်းရေး ရရှိနိုင်မဲ့ အလားအလာကော ဘယ်လို ရှိပါသလဲ။ အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးဆွေးနွေးထားပါတယ်။
မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ဂါဇာမှာ ၁၄ လလောက်ကြာအောင် ဆိုးဆိုးဝါးဝါး ဖြစ်လာခဲ့တဲ့ တိုက်ပွဲတွေက အခုမှ ဘာကြောင့် အပစ်ရပ်လိုက်နိုင်တာလဲ။
ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ ၁၄ လဆိုတာ သိပ်ကြာမြင့်တဲ့ စစ်ပွဲ ဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေအတွင်းမှာ။ ပြီးတော့ ပြင်းလည်းအပြင်းထန်ဆုံး စစ်ပွဲ။ လူတွေ အသေအပျောက် အထိအခိုက်တွေလည်း အင်မတန်များပြီး ဂါဇာဆိုလည်း ရစရာမရှိအောင် ပျက်ဆီးသွားပြီ ဖြစ်ပါတယ်။ နှစ်ဘက်လုံးကလည်း စစ်ပန်နေပြီလို့လည်း ပြောရင် ရပါတယ်။ ဒီအချိန်မှာတော့ သူတို့ နားသင့်ပြီပေါ့။ နောက်ပြီးတော့ ဟားမက်စ်တွေရဲ့ အဓိကအားထားရတဲ့ သူတို့ရဲ့ မြောက်ပိုင်းကနေ စစ်မျက်နှာဖွင့်ပေးတဲ့ ဟာဇီဘိုလာတွေလည်း လက်ဘနွန်မှာ ငြိမ်သွားတယ်။ နောက်ပြီး သူတို့တွေရဲ့ နောက်မှာ အဓိကရှိနေတဲ့ အီရန်ကလည်း အစ္စရေးနဲ့ အပြင်းအထန် ထိပ်တိုက်ပြီးတော့ နှစ်နိုင်ငံကြား ကျယ်ပြန့်တဲ့ စစ်ပွဲကြီး ဖြစ်လာမှာကို စိုးရိမ်ဟန် ရှိတဲ့အတွက် သူတို့လည်း ထိန်းထိန်းသိမ်းသိမ်း လုပ်ပါတယ်။ ဒါကြောင့် စစ်ပွဲဟာ အရှိန်ကျလာတယ်။ ရပ်ရတော့မယ့် အခြေအနေ ဖြစ်လာတယ်။ ပိုပြီးအရေးကြီးတာကတော့ အမေရိကန်အစိုးရရဲ့ ဖိအားတွေ ဖြစ်ပါတယ်။ အမေရိကန်က သူတို့ပေါ်မှာ သြဇာ အရှိဆုံးနိုင်ငံဆိုတော့ အမေရိကန်က အဓိကဖိအားပေးတယ်။ အီဂျစ်နဲ့ ဂျော်ဒန်တို့ကလည်း အစ္စရေးနဲ့လည်း မိတ်ဆွေနိုင်ငံတွေ။ ကာတာကလည်း ဆွေးနွေးညှိနှိုင်းတာကို အဓိကဒိုင်ခံပြီး လုပ်ပေးတယ်ဆိုတော့ သူတို့တွေရဲ့ ဖိအားတွေပါတာကြောင့်လို့ ပြောနိုင်ပါတယ်။
မေး ။ ။ ဒီလို အမေရိကန် ဖိအားပေးပြီးတော့ အခုလို စစ်ပွဲတွေ ရပ်တန့်နိုင်လိုက်တဲ့အပေါ်မှာ သမ္မတဘိုင်ဒန်ကလည်း သူကြောင့်။ သမ္မတထရန့်ကလည်း သူကြောင့် ဆိုပြီးတော့ အမှတ်ယူကြပါတယ်။ အဲဒီတော့ Credit ပေးမယ်ဆိုရင် ဘယ်သူကို ပေးပါမလဲ။
ဖြေ ။ ။ နှစ်ယောက်စလုံး ရသင့်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီစစ်ပွဲကိုရပ်ဖို့ အဆိုပြုခဲ့တာက သမ္မတဘိုင်ဒန်က ၂၀၂၃ မေလကတည်းက စပြီးအဆိုပြုခဲ့တာပါ။ ဒါပေမဲ့ အစ္စရေးက မလိုက်နာခဲ့ဘူး။ အကြောင်းပြချက်များနဲ့ ဆွဲနေခဲ့တယ်။ ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲနိုင်ပြီး သမ္မတတောင် မဖြစ်သေးဘူး၊ သူ့ရဲ့ အရှေ့အလယ်ပိုင်းအတွက် သူ သိပ်အားကိုးအားထားပြုတဲ့ Steve Witkoff ကို ဆွေးနွေးတဲ့အထဲမှာ ပါဝင်စေခဲ့ပြီး ညှိနှိုင်းစေခဲ့တယ်။ ဆိုတော့ ဒေါ်နယ်ထရန့်တို့ ညှိနှိုင်းတဲ့ထဲမှာ ပိုပြီးပြင်းထန်တဲ့ ဖိအားဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်က အစ္စရေးကို အစကတည်းက အများကြီးလိုက်လျောပြီး ပြောခဲ့သူပါ။ အခုလည်းပဲ သမ္မတဘိုင်ဒန် ပိတ်ထားခဲ့တဲ့ အစ္စရေးကို ထောက်ပံ့မယ့် ဗုံးကြီးကို သူက ပေးဖို့ ခွင့်ပြုတာကအစ အများကြီးလိုက်လျောထားတာ ရှိတယ်။ နောက်ပြီးတော့ ဒေါ်နယ်ထရန့်က အစ္စရေး ဝန်ကြီးချုပ် Netanyahu ပေါ် အများကြီး သြဇာလွှမ်းမိုးတဲ့လူ ဖြစ်ပါတယ်။ ပထမသက်တမ်းမှာကတည်းက သူက အစ္စရေး အလိုကျ အများကြီးလုပ်ပေးခဲ့တယ်။ ဂျေရုစလင်ကိုတောင်မှ အစ္စရေး မြို့တော်အဖြစ် သတ်မှတ်ခဲ့တာအပါအဝင် နောက်ပြီးတော့ နီးစပ်အောင် လုပ်ခဲ့တယ်ဆိုတော့ သူ့ရဲ့ သြဇာက ပိုပြီးတော့ ထိရောက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ နှစ်ယောက်လုံးကိုတော့ Credit ပေးရမှာပါ။ ဒါပေမဲ့လဲ ဒေါ်နယ်ထရန့်က အစ္စရေးပေါ် ပိုပြီးတော့ ဖိအားပေးနိုင်တယ်၊ ပိုပြီးသြဇာသက်ရောက်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ အဲဒီတော့ ဒီစစ်ပွဲကို အနိုင်အရှုံး ဘယ်လိုသတ်မှတ်ပါမလဲ။ ဘယ်ဘက်က နိုင်တယ်လို့ ပြောလို့ရပါသလဲ။
ဖြေ ။ ။ ပြောရခက်ပါတယ်။ တကယ်တော့ ဟားမက်စ်တွေက သိပ်ပြီးတော့ အထိအခိုက်အများကြီး ရှိခဲ့ပေမယ့် သူတို့က ရှုံးတယ်လို့ မသတ်မှတ်ပါဘူး။ ဟားမက်စ် ခေါင်းဆောင်တယောက်ကို BBC က အရှေ့အလယ်ပိုင်းကျွမ်းကျင်တဲ့ Jeremy Bowen ရဲ့အင်တာဗျူးကို ကျနော် ကြည့်လိုက်တဲ့အခါမှာ သူတို့ကလည်းပဲ သူတို့ နိုင်တယ်လို့ သတ်မှတ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ အဓိကအားဖြင့်ကတော့ ဒေါ်နယ်ထရန့်ရဲ့ ပထမသက်တမ်းထဲက ပါလက်စတိုင်းအရေးကို ထူးထောင်ရေးဆိုတာ လုံးဝကို မှေးမှိန်သွားသလောက် ဖြစ်သွားတယ်။ ဒေါ်နယ်ထရန့်က အစ္စရေးကို ပုံအောပေးပြီးတော့ ဂါဇာဒေသမှာလည်း မင်းတို့ စီးပွားရေးဖွံ့ဖြိုးအောင်လို့ ငွေအားနဲ့ ဖိပြီးတော့ လုပ်ခဲ့တဲ့အခါမှာ ဂါဇာဒေသမှာရှိတဲ့ ပါလက်စတိုင်းတွေဟာ အစ္စရေးရဲ့ မျက်စီအောက်မှာ နေရတဲ့အခြေအနေမျိုး ဖြစ်သွားတယ်။ အစ္စရေးတပ်သားတွေက ဒီကိစ္စကို သူတို့ ပြန်လည်ဖော်ထုတ်ချင်လို့လည်းပဲ အစ္စရေးဓါးစာခံတွေကို ဝင်ဖမ်းခဲ့တာလို့ ပြောပါတယ်။ နောက်တခုက သူတို့က အောင်မြင်တယ်လို့ သတ်မှတ်တာက အစ္စရေးဟာ တကယ်တော့ ဟားမက်စ်ကို အကြမ်းဖက်အဖွဲ့အနေနဲ့ သတ်မှတ်ထားတာပေါ့လေ။ အစ္စရေးက လုံးဝအမြစ်ပြတ်အောင် သုတ်သင်လိုက်ဖို့ဆိုပြီး ရည်ရွယ်ပြီးတော့ တိုက်ခိုက်တာ။ ဒါပေမဲ့ Hamas are still survive သူတို့ဟာ သုတ်သင်ခြင်းမခံခဲ့ရဘူးဆိုတော့ သူတို့က မရှုံးဘူး၊ အရေးမနိမ့်ဘူးလို့ သတ်မှတ်ပါတယ်။ အစ္စရေးကလည်း Netanyahu တို့ကသာ ဟားမက်စ်ကို လုံးဝဖယ်ရှားပစ်မယ်ဆိုပြီးတော့ ကြွေးကြော်ပြီးတော့ လုပ်နေပေမယ့်၊ ပြည်သူအများစုကတော့ သူတို့ဓါးစာခံတွေ ပြန်လည်လွတ်မြောက်ပြီးတော့ ငြိမ်းချမ်းရေးကိုပဲ တည်ဆောက်ချင်နေတဲ့ သဘောရှိနေကြပါတယ်။ ဒီဟာနှစ်ခုလုံးကို ကြည့်လိုက်မယ်ဆိုရင် အဓိကအားဖြင့်ပေါ့လေ ဘယ်ဘက်က နိုင်တယ်ဆိုတာ ပြောရခက်ပါတယ်။ သို့သော်လည်းပဲ နှစ်ဘက်လုံးအတွက် နှစ်သိမ့်ကျေနပ်နိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့ ပြောရမှာပါ။ အဓိက နစ်နာခဲ့တာကတော့ ဒုက္ခသည်တွေနဲ့ ပါလက်စတိုင်းဒေသခံတွေပဲ ဖြစ်ပါတယ်။ အခုထိ ဒုက္ခရောက်နေရဆဲပါ။
မေး ။ ။ အခုညှိနှိုင်းထားတဲ့ အပြစ်ရပ်အဆင့် (၃) ဆင့်ကကော ချောချောမွေ့မွေ့ အောင်မြင်ပါ့မလား။
ဖြေ ။ ။ သိပ်မထင်ပါဘူး။ အခု ပထမအဆင့်တောင်မှ ဒီနေ့ ကျနော်တို့ပြောတဲ့ တနင်္လာနေ့ပေါ့လေ။ နာရီနဲ့အမျှ ပြောင်းလဲနေတယ်။ မနေ့ကထိက ဓါးစာခံတွေ လွှတ်မယ့်ကိစ္စမှာ အခက်အခဲ ရှိနေတယ်။ ပါလက်စတိုင်း ဒုက္ခသည်တွေ သူတို့ နေရာကို ပြန်လာခွင့်ပေမယ်ဆိုတာ အစ္စရေးက ပိတ်ထားတယ်။ သူတို့ကို လွှတ်ပေးမယ်လို့ ပြောတဲ့ထဲမှာ အရပ်ဘက် အမျိုးသမီးတစ်ယောက် အဓိကအားဖြင့် သူ့ကို အရင်မလွှတ်ဘူးဆိုတာ အကြောင်းပြပြီးတော့ ပိတ်တယ်။ ပါလက်စတိုင်းဘက်ကလည်း ငါတို့ ပါလက်စတိုင်း အကျဥ်းသား ဘယ်လောက်ဖမ်းထားတယ် ဆိုတာကို သူတို့က List မထုတ်ပြန်လို့ သူတို့က အဲဒီလို လုပ်တယ်ဆိုပြီး၊ သူတို့ အခြေအတင်အများကြီး အခက်အခဲ ဖြစ်ခဲ့ပါတယ်။ အဲဒီတော့ မနည်းညှိနှိုင်းပြီးမှ အခုမှ သဘောတူညီချက်ရပြီးတော့ တနင်္လာနေ့မနက်မှာတော့ ဒုက္ခသည်တွေဟာ ပြန်လာခွင့်ရနေပြီဆိုတာ သိရပါတယ်။ ဒါပေမဲ့ ရှေ့ကို ဘယ်လို အခက်အခဲတွေ ကြုံလာရမယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဆက်ပြီးတော့ စောင့်ကြည့်ရမှာ။
နောက်တခုက စောစောကပြောခဲ့တဲ့ လက်ဘနွန်မှာ ငြိမ်သွားလို့လည်း ဒီစစ်ပွဲရပ်နိုင်တယ်လို့ ကျနော်တို့ ပြောတယ်။ အခုလည်း လက်ဘနွန်မှာလည်း စောင့်ကြည့်ရမှာပဲ။ လက်ဘနွန်တောင်ပိုင်းမှာ ဟက်ဇဘိုလာတွေ ဆုတ်သွားပြီးတဲ့နောက်ဆိုတော့ အစ္စရေးက ပြန်ဝင်လာတယ်။ သူတို့က ထွက်ပေးရမယ်လို့ သဘောတူထားတာ ဘာကြောင့် ပြန်ဝင်လာတယ်ဆိုတာ အစ္စရေးက အကြောင်းပြတယ် - ဟက်ဇဘိုလာတွေ ထွက်ပြီးတော့ လက်ဘနွန်တပ်ဖွဲ့တွေ လာရမှာ လက်ဘနွန်တပ်ဖွဲ့တွေ မရောက်လာတော့ ဟက်ဇဘိုလာတွေ ပြန်လာမယ်ဆိုပြီးတော့ သူတို့က ပစ်ခတ်ပြီးတော့ ပြန်ဝင်လာတယ်။ တလောတုန်းက ၁၁ ယောက်လားမသိ သေသေးတယ်။ အခုမှ မနေ့ကလား ဒီနေ့လားမှ သဘောတူညီချက်ရပြီးတော့ နောက်ခြောက်လထိ အချိန်ရွေ့ဆိုင်းတယ်ဆိုပြီး ဖြစ်လာတယ်။ အဲဒီလို ခလုတ်ကန်သင်းတွေကတော့ အများကြီးပါပဲ။ အခုအပစ်ခတ် ရပ်စဲတယ်ဆိုတော့ Fragile ခနော်ခနဲ့ ဖြစ်နေတယ်ဆိုတော့ အကုန်လုံး အောင်မြင်ဖို့ဆိုတာကတော့ သိပ်ပြီးတော့ ခဲယဥ်းမှာ ဖြစ်ပါတယ်။ ဒီထဲမှာမှ အမေရိကန် ဒေါ်နယ်ထရန့်ကလည်းပဲ ဂါဇာဒေသကို clean ဖြစ်အောင် သန့်ရှင်းအောင် လုပ်လိုက်မယ်ဆိုပြီး အရာအားလုံးက သုံးလို့မရတော့ဘူးဆိုပြီးတော့ အဓိကက အဲဒီဟာ မဟုတ်ဘူး။ ပြန်လာမယ့် ဒုက္ခသည်တွေကို အစ္စရေးက ပိတ်ထားတာကို သူတို့ကို အီဂျစ်နဲ့ဂျော်ဒန်ကို သွားခိုင်းလိုက်ဆိုပြီး ပြောတယ်ဆိုတော့ ပိုပြီးတော့ သံသယ ရှိစရာ ဖြစ်လာပါတယ်။ ဒီဒေသရဲ့ အပစ်အခတ် ရပ်စဲဖို့ဆိုတာ ခလုတ်ကန်သင်းတွေ အများကြီး ရှိနေပါသေးတယ်။
မေး ။ ။ ဟုတ်ပါတယ်။ သမ္မတထရန့် ပြောနေသလိုပေါ့ ပါလက်စတိုင်းတွေကို အီဂျစ်တို့ ဂျော်ဒန်တို့ကို ပို့မယ်ဆိုတဲ့ကိစ္စ ဒါကနောက်ပိုင်းမှာ ဖြစ်လာနိုင်လား။
ဖြေ ။ ။ အခုလောလောဆယ်ကတော့ သိတဲ့အတိုင်းဘဲ အီဂျစ်ကလည်း လုံးဝလက်မခံဘူး။ ဂျော်ဒန်ကလည်း လက်မခံဘူး။ အဲဒီအပြင် အခုမနက်သတင်းမှာဘဲ ကျနော် နောက်ဆုံးကြားသိရတာက ဂျာမန်နိုင်ငံခြားရေးဝန်ကြီးက သူတို့ လက်မခံဘူး။ ဒါကို ငါတို့ ဥရောပသမဂ္ဂကို ကိုယ်စားပြုလို့ ပြောတယ်။ ဒါကို ဒါမဖြစ်နိုင်ဘူးဆိုပြီး ပြောတယ်။ လောလောဆယ်တော့ ဒီဟာက မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဂျော်ဒန်မှာကတော့ ပါလက်စတိုင်း ဒုက္ခသည်တွေ ဟိုးတုန်းက ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နှစ်ခြမ်းခွဲပြီး စစ်ဖြစ်ထဲက ပါလက်စတိုင်း ဒုက္ခသည်တွေက အကုန်လုံး ဂျော်ဒန်ဘက်ကို ကူညီခဲ့ရတာပါ။ ဂျော်ဒန်မှာ ပါလက်စတိုင်း ဒုက္ခသည်တွေ ရှိတယ်။ Yasser Arafat တို့လည်း ဂျော်ဒန်မှာ ရှိနေတဲ့ ဒုက္ခသည်စခန်းကနေပြီးတော့ ထွန်းပေါက်လာခဲ့တဲ့ ခေါင်းဆောင်တွေ ဖြစ်ပါတယ်။ အခုထိလည်းပဲ ဂျော်ဒန်နိုင်ငံဘက်ခြမ်းမှာ ပါလက်စတိုင်းဒုက္ခသည် နှစ်သန်းခွဲလောက် ရှိပါသေးတယ်။ ဒါပေမဲ့ သူတို့လည်း လက်မခံဘူးလို့ ပြောတယ်။ ဒေါ်နယ်ထရန့်ကတော့ မပြောတတ်ဘူး။ ဒီဟာကို အတင်းဖိအားပေးလိုက်ရင်လည်း ပိုပြီးဖြစ်မယ်။ အီဂျစ်ဘက်ကဆိုရင် အစ္စရေးနဲ့ သူတို့ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ယူထားတာ ဖြစ်တယ်။ အဲဒီဟာ ပြတ်သွားနိုင်တယ်။ သိပ်ပြီးတော့ ဖိအားမပေးနဲ့လို့ ပြောတယ်။ ဟားမက်စ်ကတော့ လုံးဝ ဖြစ်နိုင်စရာ မရှိဘူး။ ပြန်တိုက်မှာပဲဆိုပြီး ပြောတယ်။ တနည်းအားဖြင့် ပြောရရင်တော့ ဒေါ်နယ်ထရန့်က ပါလက်စတိုင်းအရေးကို Two States Policy ပေါ့လေ - နိုင်ငံနှစ်ခု ထားမယ်ဆိုတာကို မှေးမှိန်ပြီးတော့ တခုလုံးကို အစ္စရေးလက်ထဲကို ထည့်ချင်တဲ့သဘော သုံးသပ်ကြပါတယ်။ တချို့က ပါလက်စတိုင်းဒေသက ပါလက်စတိုင်း လူမျိုးတွေကို လုံးဝရှင်းလိုက်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့တောင်မှ စွပ်စွဲနေကြတာ ဖြစ်ပါတယ်။ သိပ်ပြီးတော့ ဒေါ်နယ်ထရန့်အတွက် လောလောဆယ်တော့ မဖြစ်နိုင်ဘူး။ နောက်တမျိုးပြောင်းပြီးတော့ ဘယ်လိုလုပ်လာမလဲဆိုတာတော့ မပြောနိုင်ပါဘူး။
မေး ။ ။ အဲဒီတော့ ရှေ့လျှောက်မှာကော အစ္စရေး-ပါလက်စတိုင်း ထာဝရ ငြိမ်းချမ်းရေး အလားအလာ ဘယ်လို ခန့်မှန်းပါသလဲ။
ဖြေ ။ ။ သိပ်ပြီးဝေးပါတယ်။ ထာဝရဆိုတာ ရယ်မောဖို့ကောင်းတယ်။ အစ္စရေး-ပါလက်စတိုင်းဟာ ဟိုးတုန်းကတည်းက ဖြစ်ခဲ့တာ ထားလိုက်ပါတော့။ ဒါပေမဲ့ အခုလောလောဆယ် ပြဿနာ စနေတာဟာ ပထမကမ္ဘာစစ်လောက်က စခဲ့တယ်ဆိုတာ နှစ်တရာကျော်ခဲ့ပါပြီ။ နှစ်ပေါင်းတရာကျော်ခဲ့တဲ့ ပဋိပက္ခ သိပ်ပြီးတော့ တဖြည်းဖြည်း စစ်ပွဲတွေ ဖြစ်လာတာ ပိုပြီးပြင်းထန်လာတာပဲ ဖြစ်ပါတယ်။ လုံးဝပြဿနာ ပြေလည်ဖို့ဆိုတာက သူတို့လူမျိုးချင်း သင့်မြတ်ဖို့ လိုတယ်။ အခုက နိုင်ငံကြီးတွေက သူတို့ရဲ့ အကျိုးစီးပွား ဥပမာ အမေရိကန်တို့လို့ နိုင်ငံတွေက သူတို့ရဲ့ အကျိုးစီးပွား အရှေ့အလယ်ပိုင်းမှာ သူတို့က စီးပွားရေးတွေ အများကြီးရှိတယ်။ သူတို့ interests တွေ ရှိတယ်။ သူတို့ရဲ့ လက်နက် ဖောက်သည်တွေ ဆော်ဒီအာရေဗီးရား ရှိတယ်။ သူတို့ဆီက လောင်စာတွေ အများကြီး ရရှိနိုင်တဲ့ နေရာတွေ ဖြစ်တယ်ဆိုတော့ ဒီကိစ္စ ဒီအကျိုးတွေ မျှော်ပြီးတော့ သူတို့က လုပ်ပေးတာဖြစ်တယ်။ တကယ်တမ်း ပါလက်စတိုင်း ပြည်သူတွေရဲ့အရေးကို အစ္စရေးအပါအဝင် ကမ္ဘာက စာနာကြပါရဲ့လား။ တချို့အိမ်နီးချင်းနိုင်ငံတွေက တခါတခါကျတော့ သူတို့နိုင်ငံရဲ့ အကျိုးစီးပွားကို ကြည့်ပြီးတော့ သူတို့ အဆင်ပြေနေရင် ပါလက်စတိုင်းအရေးကို မေ့ထားတယ်ဆိုတဲ့ သဘောမျိုးလည်း ရှိပါတယ်။ ဒါကြောင့်လည်း ပါလက်စတိုင်းက ဟားမက်စ်တွေက လူကြိုက်များနေကြတာပါ။ ပါလက်စတိုင်းမှာ တကယ်တော့ တရားဝင်ဖွဲ့ထားတဲ့ ပါတီ ရှိတယ် - Fatah တို့ ရှိပါတယ်။ အဲဒီပါတီဟာ ရွေးကောက်ပွဲ လုပ်တော့လည်း ဟားမက်စ်ပဲ အပြတ်အသတ်နိုင်တယ်။ ဒါပေမဲ့ ဟားမက်စ်ကို အာဏာမလွှဲဘဲနဲ့ ဟိုလူတွေကိုပဲ အစိုးရအဖြစ်နဲ့ ဆက်ခန့်ထားတယ်ဆိုတာ အခုလည်းပဲ အရှေ့ကို ဒီပုံစံပဲ ဖြစ်လာမလား။ ဒီပုံစံ ဖြစ်ဖို့တောင် အနိုင်နိုင် ကြိုးစားရအုံးမှာ ဖြစ်ပါတယ်။ အလားတူစွာပဲ အစ္စရေးနိုင်ငံ တည်ရှိမှုနဲ့ အစ္စရေးနိုင်ငံ လုံခြုံရေးကိုလည်း အားလုံးက အသိအမှတ်ပြုပြီးတော့ လက်ခံရမှာ ဖြစ်ပါတယ်။ အဲဒီတော့ အစ္စရေးမှာ ငြိမ်းချမ်းရေး ထာဝရ ရဖို့ဆိုတာက အင်မတန်ခက်ခဲတဲ့ကိစ္စလို့ ပြောရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင့်၊ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Forum