သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးစုပြဿနာ နှင့် မြန်မာ့အနာဂါတ်


မမြသဇင်အောင် နှင့် အယ်ဒီတာဦးကျော်ဇံသာ (မတ် ၂၇၊ ၂၀၂၄ - အယ်ဒီတာနဲ့ဆွေးနွေးခန်း)
မမြသဇင်အောင် နှင့် အယ်ဒီတာဦးကျော်ဇံသာ (မတ် ၂၇၊ ၂၀၂၄ - အယ်ဒီတာနဲ့ဆွေးနွေးခန်း)

နယ်ချဲ့ဗြိတိသျှရဲ့ သွေးခွဲစနစ်ကြောင့်လို့ တစိတ်တဒေသအားဖြင့် ပြောနိုင်ပြီး စစ်အာဏာရှင်စနစ်အောက် ပိုမိုနက်ရှိုင်းကျယ်ပြန့်လာတဲ့ လူမျိုးစုပြဿနာဟာ မြန်မာနိုင်ငံအနာဂါတ်အတွက် ဘယ်လောက်အရေးကြီးပါသလဲ။ စစ်အာဏာရှင်စနစ် လွန်မြောက်ခဲ့ရင်ကော အလားအလာ ဘယ်လို ဖြစ်လာနိုင်ပါသလဲ။ အခုတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖြစ်ထွန်းဖို့အတွက် စစ်အာဏာရှင်ကို ဖယ်ရှားရေးအပြင်၊ တိုင်းရင်းသားပြဿနာက ဘယ်လောက်အထိ အရေးပါပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ သိပ်အရေးပါပါတယ်။ လူမျိုးစုပြဿနာ။ ဘာကြောင့်လဲဆိုတော့ လူမျိုးစုပြဿနာက မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာအားလုံးရဲ့ ဇစ်မြစ်ဆိုရင်တောင် မှားမယ်မဟုတ်ပါဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ပေါ်ပေါက်လာတာဟာ လူမျိုးစုပြဿနာ၊ တိုင်းရင်းသားပြဿနာကို ဖြေရှင်းဖို့ လုပ်နေချိန်၊ ဖက်ဒရယ် ပြည်ထောင်စု လုပ်မယ်လို့ ပြောနေတဲ့အချိန်မှာ ပြည်ထောင်စု ပြိုကွဲတော့မယ်ဆိုပြီးတော့ စစ်တပ်က အကြောင်းပြပြီးတော့ အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အခွင့်အရေးကို လုံးဝချုပ်ကိုင်လိုက်တာ အဲဒီအချိန်ကစပြီတော့။ အဲဒီလို အာဏာသိမ်းပြီးနောက်မှာ ၆၂ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအင်အားစု တော်တော်များများလိုလို အကုန်လုံးက လက်နက်ကိုင်တော်လှန်ရေး စတင်လာတာကို တွေ့ရပါတယ်။ ဒီဟာက သိပ်အရေးကြီးတဲ့ကိစ္စပါ။ နောင်ကိုလည်း ဒီပြဿနာ ရှိနေတိုင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြဿနာ ပြေလည်ဖို့ဆို အခက်အခဲ ကြုံရမှာ ဖြစ်ပါတယ်။ ဒီပြဿနာကို အထူးသတိထားသင့်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဒီတိုင်းရင်းသား ပဋိပက္ခတွေက အင်္ဂလိပ်ခေတ်တုန်းက Divide and Rule Policy သွေးခွဲစနစ်ကနေ စခဲ့တယ်လို့ ပြောရင် ရပါ့မလား။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ပြောရင် တစိတ်တဒေသအားဖြင့် ရတယ်။ အင်္ဂလိပ် အုပ်ချုပ်တာ မြန်မာနိုင်ငံကိုသာ Divide and Rule သွေးခွဲတာ မဟုတ်ပါဘူး။ သူအုပ်ချုပ်တဲ့ ဒေသတွေအားလုံးကို အုပ်ချုပ်ရေး ငြိမ်သက်နေဖို့အတွက် အရင်ရှိနေခဲ့တဲ့ ဗဟိုအစိုးရ အုပ်ချုပ်ရေး အာဏာလည်း ဖရိုဖရဲ ဖြစ်သွားအောင် သွေးခွဲပါတယ်။ အထင်ရှားဆုံး နမူနာတခုကို ကြည့်မယ်ဆိုရင် အိန္ဒိယနိုင်ငံမှာ မူဆလင်၊ ဟိန္ဒူတွေကို သွေးခွဲတယ်။ စစ်ပါရီ အရေးတော်ပုံ ဖြစ်ပွားပြီးနောက်ပိုင်းမှာ မူဆလင်နှင့် ဟိန္ဒူကို သွေးခွဲလိုက်တယ်။ လွတ်လပ်ရေးရပြီးနောက် မူဆလင်၊ ဟိန္ဒူ နှစ်နိုင်ငံကွဲသွားခဲ့တယ်။

မြန်မာနိုင်ငံလည်းပဲ သွေးခွဲခံရပါတယ်။ တချို့ထောက်ပြတာကတော့ မြန်မာနိုင်ငံမှာ တောင်တန်းဒေသနဲ့ မြေပြန့်တို့ကို ခွဲခြားအုပ်ချုပ်တယ်။ ဒါပေမဲ့ အင်္ဂလိပ်တွေကတော့ တောင်တန်းဒေသက အိန္ဒိယမှာလိုပဲ စော်ဘွားတွေရဲ့ နယ်ဖြစ်တယ် သီးခြားအုပ်ချုပ်ခဲ့တာ ဖြစ်တယ်။ ရှမ်းတွေကိုကြည့်ပြီးတော့ သီးခြားအုပ်ချုပ်တယ်။ မြန်မာပြည် ဗဟိုအစိုးရ အင်အားလျော့နည်းဖို့၊ ခုခံတာတွေကို နှိမ်နင်းဖို့အတွက် အသုံးပြုဖို့အတွက် တိုင်းရင်းသားတွေကို စစ်သားအဖြစ် စုဆောင်းသုံးခဲ့တယ်။ အဲဒီလိုမျိုးတွေနဲ့ အချင်းချင်းမုန်းတီးအောင် လုပ်ခဲ့ပါတယ်။ နောက် ပညာရှင်တွေ ထောက်ပြတာက လူမျိုး ၁၅၃ မျိုးဆိုတာ တကယ်တော့ အင်္ဂလိပ်လက်ထက်ကတည်းက အင်္ဂလိပ်ရဲ့ Linguists ဘာသာဗေဒပညာရှင်တွေ သူတို့က immature linguists အပျော်တမ်း ဘာသာဗေဒပညာရှင်တွေ။ သူတို့က မြန်မာပြည်မှာ ဘာသာစကား ဘယ်နည်းမျိုးကွဲတယ်ဆိုတာကို သုတေသနလုပ်ပြီးတော့ လုပ်ခဲ့တာ။

ရယ်ဖို့တော့လည်း ကောင်းတယ်။ ချင်းတောင်မှာဆိုရင် ကျနော် ချင်းတောင်ကိုသွားတယ်။ သူငယ်ချင်းက ချင်းလူမျိုး။ ငါ့ကို ချင်းစာသင်ပေးဆိုတော့၊ မင်းပြောလို့ မရဘူး။ မင်းက ချင်းတပြည်လုံး လျှောက်သွားအုံး - တရွာနဲ့တရွာတောင် မတူဘူး။ နှုတ်ဆက်တာတွေက အစ။ အဲဒီလိုဟာကို တမြို့ပြီးတမြို့စီ သတ်မှတ်လိုက်လို့ ဘယ်ဖြစ်မလဲ။ အဲ့ဒီလို သတ်မှတ်ပြီးတော့ ထားခဲ့တယ်။ အဲ့ဒီလို သတ်မှတ်ထားတာကို ပိုဆိုးတာက ဗမာပြည်မှာဆက်ပြီးတော့ ကျင့်သုံးတယ်။ လူမျိုး (၁၃၅) မျိုး တော်လှန်ရေးအင်အားစုက အကုန်လုံး အဲ့ဒီထဲက ထပြီး ချကြတော့မှာပဲ။ ငါတို့ အခွင့်အရေး ငါတို့ အခွင့်အရေးဆိုပြီး။ ပိုပြီးများလာမယ် ထင်တယ်။ အခုတောင်မှပဲ တဖြည်းဖြည်းများလာပြီ။ လူတွေ ကြိုက်ချင်မှ ကြိုက်မယ်။ ဒီလိုစကားမျိုးပြောတာ တကယ်တော့ အဲ့ဒါ ကိုယ်က မှားနေတယ်။

တိုင်းရင်းသားတွေကို လူမျိုးစုတွေကို သူတို့ရဲ့ ယဥ်ကျေးမှု၊ ဘာသာစကား ဘာညာ ဖော်ထုတ်ခွင့်ပေးပါ။ အဲ့ဒီဟာကို ဖော်ထုတ်ခွင့် ပေးရမယ်။ ဗဟိုအစိုးရမှာလည်း သူတို့ကို ကိုယ်စားပြုမှု အပြည့်အဝပါရမယ်။ သို့ပေမဲ့ လူမျိူးတွေလို့ သတ်မှတ်တဲ့နေရာမှာ နိုင်ငံသားမှာ မြန်မာနိုင်ငံသားဆို ပြီးပြီပေါ့။ အဲ့ဒီထဲမှာမှ ရခိုင်၊ ဗမာ၊ ကရင် ဖြစ်ရမယ် အဲ့ဒါကိုမှ သီးသန့်ခွဲထားသေးတယ် - ဗုဒ္ဓဘာသာ၊ ခရစ်ယာန် - အဲ့ဒီလိုမျိုး မှတ်ပုံတင်မှာ။ အဲ့ဒီလိုမျိုးကို နိုင်ငံသားမှတ်ပုံတင်မှာ ထည့်ထားတာက သိပ်ပြီးတော့ ရှားရှားပါးပါး။ ကမ္ဘာပေါ်မှာ သိပ်မတွေ့ဘူးပါဘူး။ အဲ့ဒါ ကိုယ်နှိုက်က ခွဲခြားထားတဲ့စနစ် ဖြစ်ပါတယ်။ အဲ့ဒါကို လုံးဝဖယ်ပစ်နိုင်ဖို့ လိုပါတယ်။ သို့ပေမဲ့ တချိန်တည်းမှာပဲ ဒီတိုင်းရင်းသားတွေရဲ့ တည်ရှိမှုကို အသိအမှတ်ပြုဖို့ လိုတယ်။ သူတို့ရဲ့ ပြည်ထောင်စုထဲမှာ နေတဲ့ထဲမှာ သူတို့ရဲ့ ကံကြမ္မာကို သူတို့ ဖန်တီးပိုင်ခွင့်၊ ဖိနှိပ်ချုပ်ချယ်ပိုင်ခွင့် မရှိစေရ။ သယံဇာတတွေကို မျှမျှတတ အကျိူးခံစားခွင့်ရအောင် လုပ်ပေးတာ။ အဲ့ဒီလိုမျိုး အကုန်လုပ်ပေးဖို့ လိုပါတယ်။ အဲ့ဒီလိုဆိုရင်တော့ ငါတို့ဘယ်လူမျိုး၊ ဘယ်ဘာသာဆိုပြီး သိပ်ပြီးတော့ ထားတဲ့၊ တင်းမာတဲ့ သဘောထားတွေမျိုး လျော့ပါးသွားမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒါပေမဲ့ လွတ်လပ်ရေးရပြီးတာပဲ နှစ်ပေါင်း (၈၀) နီးပါး ရှိပါပြီ။ ဒါတွေကို မပြင်နိုင်သေးပါဘူးလား။

ဖြေ ။ ။ လွတ်လပ်ရေး တိုက်ပွဲကိုယ်နှိုက်က သန္ဓေမှန်ရဲ့လား။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ပြောရင် ပြောလို့ရမယ် ထင်ပါတယ်။ တချို့ပညာရှင်တွေလည်း ထောက်ပြကြပါတယ် အဲ့ဒါကိုလဲ ။ လွတ်လပ်ရေးတိုက်ပွဲမှာ ပထမတုန်းက မြန်မာနိုင်ငံမှာ အမျိုးသားရေးစိတ်ဓာတ် နိုးကြားလာတယ်ပေါ့လေ။ အင်္ဂလိပ်အုပ်ချုပ်ရေး တော်တော်ကြာတဲ့အခါမှာ အဲ့ဒီမှာ ဖေပုစိန်တို့ ဘာတို့ လန်ဒန်သွားပြီးတော့ ဒိုင်အာခီ အုပ်ချုပ်ရေးတို့၊ Home rule တို့ တောင်းဆိုခဲ့တယ်။ အဲဒီ Home rule တို့ တောင်းဆိုခဲ့တဲ့သူတွေက တနည်းပြောရရင် အင်္ဂလိပ်ခေတ် ပညာတတ်တွေ၊ ဘိလပ်ပြန်တွေ၊ Barristers ကြီးတွေ၊ နိုင်ငံတကာ ဥပဒေကို ကျွမ်းကျင်တယ်။ အင်္ဂလိပ်အုပ်ချုပ်ရေး၊ ဒီမိုကရေစီကို နားလည်တယ်။ အင်္ဂလန်မှာ အုပ်ချုပ်ရေး တိုးတက်တာ ကြည့်ပြီးတော့ အဲ့ဒီလိုတဆင့်ချင်း တိုးတက်ဖို့ လိုချင်တယ်။

နောက်ပိုင်းမှာ ဗမာပြည်မှာ ဒို့ဗမာအစည်းအရုံး အထူးသဖြင့်ကတော့ (၁၉၃၀) တောင်သူလယ်သမားအရေးတော်ပုံ စီးပွားပျက်ကပ် ဖြစ်ပြီးတော့မှ လယ်သမားတွေရဲ့အရေးဟာ သိပ်အရေးကြီးလာတယ်။ အဲ့ဒီဟာတွေနဲ့အတူ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေက သိပ်ပြီးတော့ တက်ကြွလာပြီးတော့ အဲ့ဒီအရေးကို ဦးစားပေးလာကြတယ်။ ဒို့ဗမာအစည်းအရုံး ပေါ်ပေါက်လာတယ်။ သခင်မျိုးဟေ့ ဒို့ဗမာဆိုပြီးတော့ ဖြစ်လာတယ်။ အမျိုးဘာသာ၊ သာသနာဆိုတဲ့ ကြေညာချက်ကိုလည်း သိပ်ပြီးတော့ ကျယ်လောင်အောင် လုပ်လာကြတယ်။ အဲ့ဒီဟာတွေက Bamar-centric ဗမာကို ကိုယ်စားပြုတဲ့သဘောမျိုး ဖြစ်နေတယ်။ နောက်ပိုင်းမှာတော့ သူတို့ပြောတာ သခင်မျိုးဟေ့ ဒို့ဗမာဆိုပြီးတာ မြန်မာတနိုင်ငံလုံးကို ကိုယ်စားပြုတယ်။ ဘာပဲပြောပြော တချို့ကအဲ့ဒါတာကို သိပ်မပါချင်ကြဘူး။ နောက်ပြီးတော့ အမျိုးဘာသာ၊ သာသနာဆိုတာလည်း ကောင်းပါတယ် ဒါပေမဲ့ ဘယ်အမျိုးလဲ စောစောက ပြောခဲ့သလိုဘဲ။ အဓိက တိုင်းရင်းသားတွေ မြင်တာက ဗမာလူမျိူး၊ မြန်မာဆို ဗုဒ္ဓဘာသာဆိုတာက ပြောထားတော့ ဗုဒ္ဓဘာသာမဟုတ်တဲ့ တိုင်းရင်းသားတွေ ချင်း၊ ကရင်၊ ကချင် တို့ အများကြီးပဲ။ ခရစ္စယာန်တွေဆိုတော့ သူတို့ကို ဘယ်နားသွားထားမှာလဲ ဆိုပြီးတော့ ဖြစ်တယ်။ အဲ့ဒီဟာတွေကို အခြေခံပြီးတော့ ဖြစ်လာတဲ့ လွတ်လပ်ရေး ကျိူးပမ်းမှုဆိုတော့ အစကတည်းက သန္ဓေမမှန်ဘူးလို့ ပြောရင်လည်း ပြောလို့ရတယ်ဆိုပြီး တချို့တွေက မှတ်ချက်ချတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲ့ဒါကို နောက်ပိုင်းမှာ ပြင်ဖို့ဆိုတာ မပြင်နိုင်ခဲ့ဘူး။ အခုနပြောတဲ့ (၆၂) အာဏာသိမ်းပြီးတဲ့နောက်မှာ Bamar-centric ပိုပြီးတော့ ဖြစ်လာပြီးမှ၊ တိုင်းရင်းသားအခွင့်အရေးက လုံးဝမရှိဖြစ်တော့ တိုင်းရင်းသားတွေက အကုန်လုံး ပုန်ကန်ထကြွလာကြတာ တွေ့ရပါတယ်။ အဓိက အဲ့ဒါပါပဲ။

မေး ။ ။ ဒါပေမဲ့ ဒီနောက်ပိုင်း NLD အစိုးရလက်ထက်မှာတုန်းက ဒုတိယ ပင်လုံညီလာခံတွေ ခေါ်ပြီးတော့ ဆွေးနွေးခဲ့သေးတယ် မဟုတ်ပါဘူးလား။

ဖြေ ။ ။ သိပ်ကောင်းတဲ့ အလားအလာပေါ့။ အဲ့ဒီတုန်းက မျှော်လင့်ချက်တွေ တက်ခဲ့ပါတယ်။ လူတိုင်းဟာ တိုင်းရင်းသားတွေလည်း အကုန်လုံးပါဝင်ပြီးတော့ ဆွေးနွေးကြတယ်၊ ပါဝင်ကြတယ်၊ လက်ခံကြတယ်။ နောက်ပိုင်းမှာလည်း တချို့မပါဝင် တချို့မကြေလည်မှုလည်း နည်းနည်း ရှိတာပေါ့လေ။ ဒါကတော့ တခါနဲ့မပြီဘူး။ ရေရှည် ဆွေးနွေးရမယ့် ကိစ္စပါ။ သူတို့ကြိုဆိုသင့်တဲ့ အဖြေကောင်းတွေ ရလဒ်ကောင်းတွေ ထွက်ပါတယ်။ သို့ပေမဲ့ NLD ရဲ့ သဘောထားကိုလည်း တချို့က မကျေနပ်ဘူး။ အဲဒီ ဆွေးနွေးတဲ့အခါမှာလည်းပဲ စစ်တပ်က ထော်လော်ကန့်လန့် လုပ်တယ်ဆိုတဲ့ အထောက်အထားတချို့လည်း ကျနော်စာအုပ်ထဲမှာ ဖတ်ရပါတယ်။ အဲ့ဒါ အတွင်းသိလူရေးတဲ့ စာအုပ်။ ဒီမှာ ကျနော် နာမည်ဖော်ထုတ်ပြီးတော့ မကိုးကားတော့ဘူး။

ကချင်ဘက်မှာ ပြေလည်မှု ဘာညာရနေပြီ။ အများကြီး အဆင်ပြေနေတဲ့အချိန်မှာ စစ်တပ်က သွားပြီးတော့ တိုက်လိုက်လို့ လက်မှတ်ထိုးဖို့ကိစ္စ ပျက်သွားတယ်။ ဘာညာဆိုတဲ့ အထောက်အထားတွေ သူရေးထားတာ တွေ့ရတယ်။ နောက်ပိုင်းမှာ NLD ကိုယ်နှိုက်ကလည်းပဲ တိုင်းရင်းသားတွေကို တန်းတူအခွင့်အရေး သတ်မှတ်တာ နည်းတယ်ဆိုပြီးတော့ တိုင်းရင်းသားတွေကလည်း မြင်ကြတယ်။ NLD ပါတီက လူတွေကလည်း တိုင်းရင်းသားပါတီတွေက လူတွေကို သူတို့အစိုးရဖွဲ့တဲ့အခါမှာ ပထမအကြိမ်ထဲက တိုင်းရင်းသားတွေကို လက်ခေါက်က်ပြီးတော့ Individual တဦးချင်း ခေါင်းခေါက်ရွေးတယ်။ ပါတီကို ကိုယ်စားပြုပြီးတော့ ရွေးတာ မဟုတ်ဘူး။ တိုင်းရင်းသား တယောက်ပါရင်ပြီရော‌ဆိုပြီး‌ ရွေးတယ်ဆိုပြီးတော့ သူတို့ လက်မခံကြပါဘူး။ အဲ့ဒီလို သဘောမျိုး အများကြီး ရှိကြပါတယ်။

နောက် NLD ကိုယ်နှိုက်က သူတို့ပါတီသည် တိုင်းရင်းသားအားလုံး ပြည်ထောင်စုသားအားလုံး ကိုယ်စားပြုတယ်။ သို့သော်လည်းပဲ တိုင်းရင်းသားတွေက အဲ့ဒီလို မခံစားရဘူး။ အဲ့ဒီထဲမှာ ကိုယ်စားပြုတယ်ဆို ဘယ်နှစ်ယောက်ပါလို့လဲ အဲ့ဒီထဲမှာ ငါတို့ တိုင်းရင်းသားတွေ ဗဟိုကော်မတီထဲမှာ တကယ်စီမံခန့်ခွဲတဲ့ထဲမှာ တကယ်အာဏာပိုင်တဲ့ထဲမှာ ဘယ်သူပါသလဲ ဆိုပြီးတော့ မြင်ကြတယ်။ NLD ကိုလည်းပဲ သူတို့က အယုံအကြည် လျော့နည်းလာတာလည်းပဲ ဖြစ်ခဲ့ပါတယ်။ ဆိုတော့ အလားအလာ သိပ်ကောင်းသော်လည်းပဲ ထင်သလောက် ရှေ့မတိုးခဲ့ဘူး။ ဒုတိယအကြိမ် ရွေးကောက်ပွဲနိုင်ပြီးတော့ NLD တက်လာပြီးရင်တော့၊ ပြင်ပြီးတော့ ကောင်းအောင်ဆက်လုပ်ဖို့ ဆန္ဒ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ ဒါပေမဲ့ မလုပ်ခင်မှာပဲ အာဏာသိမ်းလိုက်တော့ ဒုံရင်းပြန်ရောက်သွားတဲ့ သဘော။

မေး ။ ။ လက်ရှိအခြေအနေမှာ စစ်ကောင်စီက ဖက်ဒရယ်အရေးကို အဓိကထားပြီးတော့ ပြောလာပါတယ်။ ဒါက ဘယ်လောက်ထိ ဖြစ်နိုင်ခြေ ရှိပါသလဲ။

ဖြေ ။ ။ မယုံပါဘူး။ စစ်တပ်က ပြောကတည်းက ဒီ ဖက်ဒရယ် ပျက်စီးရတာက စစ်တပ် အာဏာသိမ်းတာကြောင့် ပျက်သွားတာပါ။ ဒီစစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲနေရင် ဒီဟာကို အကြောင်းပြပြီးတော့ ဖယ်ရှားနေမှာပါပဲ။ အခုက သူတို့ကတော့ ပြောမှာပဲ။ ပြောပေမယ့် အခုတိုင်းရင်းသားတွေက တိုက်လာကြတယ်။ တော်တော်လေး နိုင်လာတဲ့အခါမှာ သူတို့ လူမျိူးရေး ပြဿနာတွေ ဖန်တီးနိုင်တဲ့ အများကြီး တွေ့လာရတယ်။ ဥပမာအားဖြင့် ရခိုင်ဘက်မှာဆိုကြပါဆို AA က တိုက်လာတာ ဒီဘက်က မူဆလင်ဘာသာဝင်တွေကို လက်နက်တွေ တပ်ဆင်ပြီးတော့၊ တိုက်ဆိုတော့ သူတို့ကတော့ အပြင်းအထန် သတိပေးစာတော့ ထုတ်ထားတာ တွေ့ပါတယ်။ ဒီလို ဒီလို သွေးခွဲနေတယ်။ ငါတို့ သတိထားမှ ဖြစ်မယ်။ ထိုနည်းလည်းကောင်းပါပဲ နေရာတကာမှာ အဲ့ဒါမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဆိုတော့ ဒါသိပ်သတိထားရပါတယ် ဒီလို ပရိယာယ်မျိုးကို ထွက်ပေါက်အဖြစ် စစ်အာဏာရှင်အဆက်ဆက်မှာ ဆက်သုံးခဲ့တာလည်း ရှိပါတယ်။ ဆိုတော့ ဒါသိပ်အရေးကြီးတယ်။ တက္ကသိုလ်မှာ ဆန္ဒပြပွဲဖြစ်တုန်းက ဦးသန့်အရေးအခင်းတုန်းကလား - အဲ့ဒီမှာ တိုင်းရင်းသားတပ်တွေ ခေါ်ပြီးတော့ ပစ်ခိုင်းတယ်ဆိုတာလေ။ တချို့က မှတ်မှတ်ရရ ပြောနေကြတာ ရှိတယ်။ အဲဒါမျိုးတွေ တနည်းနည်းနဲ့ သူတို့လုပ်တာတွေ လုပ်တတ်တာကို သတိထားရမှာ ဖြစ်တယ်။

စစ်ကောင်စီက လုပ်ပေးမယ်ဆိုတာကိုတော့ တိုင်းရင်းသားတွေလည်း ယုံကြလိမ့်မယ် မဟုတ်ပါဘူး။ စစ်တပ်ကသာ အဲ့ဒီလို လုပ်ချင်တဲ့ စိတ်ဓာတ်ရှိခဲ့ရင် ဟိုးပြည်ထောင်စု ခိုင်မြဲရေး ဘာညာဆိုတဲ့ ကြွေးကြော်သံက နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီး အခု သူတို့အထိနာမှပဲ ဒီဟာကို ကျယ်ကျယ်လောင်လောင် ပိုအော်လာတာကတော့ ယုံတဲ့လူတော့ သိပ်မရှိလောက်ဘူးလို့ ထင်ပါတယ်။ တချို့ကလည်း ယုံမှာပေါ့လေ အကြောင်းအမျိုးမျိုးကြောင့်။ ဒါပေမဲ့ တော်တော်များများက မယုံကြဘူးလို့ သိရပါတယ်။

မေး ။ ။ ဟုတ်ပါတယ်။ တချိန်ထဲမှာပဲ ဗမာအပါအဝင် တိုင်းရင်းသားတွေက လက်တွဲပြီးတာ့ စစ်အာဏာရှင်ကို တိုက်နေတယ်ဆိုတော့ ညီညွတ်ရေး အလားအလာ ဘယ်လို ရှိပါလဲ။

ဖြေ ။ ။ သိပ်ကောင်းပါတယ်။ အဲ့ဒါ မျှော်လင့်ချက်ပါပဲ။ အခုချိန်ထိတော့ သူတို့ ညီညီညွတ်ညွတ်နဲ့ တိုက်ကြတာ တွေ့ရပါတယ်။ နောက်ပြီးတော့ တချို့ ဒေသတွေဟာ‌ ဒေသအလိုက် လွတ်မြောက်တဲ့ နယ်မြေတွေ ထူထောင်နိုင်ကြပြီ ဖြစ်တယ်။ ချင်း၊ ကချင်၊ ကယားတို့ အဲ့ဒီ့ဒေသတွင်း သူတို့ဟာ ခွဲထွက်မယ် ဘာညာ သီးခြားစွာ ဘာမှမပြောပါဘူး။ AA ကလည်းပဲ အဲ့ဒီလို ခွဲထွက်မယ် ဆိုတဲ့ စကားကို မပြောကြဘူး။ ငါတို့ တနိုင်ငံလုံးအတွက် လုပ်မယ်သဘောကို ပြောနေတာပါပဲ။ မျှော်လင့်ချက် အားတက်စရာ ကောင်းပါတယ်။ ပြည်သူတွေကတော့ ဒီတိုက်ပွဲကာလမှာ ဆင်းရဲဒုက္ခမျိုးစုံ ကြုံရသော်လည်း အဲ့ဒီစကားကတော့ အားတက်စရာစကား ဖြစ်လိမ့်မယ်လို့ လူတိုင်းက သုံးသပ်ကြပါတယ်။ သူတို့လည်း အဲ့လိုပဲ တိုက်နေကြတာပါပဲ။ သို့ပေမဲ့ အဲဒီလို မှန်မှန်ကန်ကန် ဆက်ပြီးတော့ အရှိန်ရသွားဖို့ လိုပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ အင်္ဂလိပ် တော်လှန်ရေးတုန်းကလည်း ညီညွတ်ကြတယ်။ ပြီးမှ တယောက်နဲ့တယောက် ပြန်ပြီးတော့ တိုက်ခိုက်ကြတာဆိုတော့ ပြန်ပြီးတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်သွားတယ်။ အဲ့လိုမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ အဲ့ဒါကိုတော့ သတိထားရမယ်လို့ ထင်ပါတယ်။
မေး ။ ။ အခုနောက်ဆုံးမေးချင်တာက အခု ဒီအခြေအနေမှာ ရှေ့ကို အကောင်းမြင်နိုင်ပြီလို့ ပြောလို့ရနိုင်မလား။

ဖြေ ။ ။ အကောင်းမြင်မယ်ဆိုရင်တော့ အဓိကကတော့ ဒီပြဿနာက နာတာရှည်ရောဂါကြီးပါ။ ဆေးမြီးတိုနဲ့ ကုလို့လည်း မရဘူး။ နောက် Personally ပုဂ္ဂိုလ်ရေးအရ မြင်တာ၊ မျိုးဆက်သစ်လူငယ်တွေ Generation-Z သူတို့ကို သိပ်အားကိုးပါတယ်။ ဒီလူငယ်တွေဟာ အကုန်လုံးကို စွန့်လွှတ်ရဲတယ်။ နောက်ပြီးတော့ သူတို့မှာ အယူအဆဟောင်းကိုလည်း စွန့်လွှတ်ရဲတယ်။ ဘယ်ဘာသာမှလည်း သူတို့မခွဲဘူး။ ဘယ်လူမျိုးမှလည်း သူတို့ မခွဲဘူး။ ကျားမ ခွဲခြားတာလည်း သူတို့ မလိုချင်ကြဘူး။ အကုန်လုံး တပေါင်းတည်း လုပ်မယ်ဆိုမှ ခေါင်းဆောင်မှု အခန်းမှာ မျိုးဆက်သစ်တွေ ပါဝင်လာပါစေလို့ ဆုတောင်းပါတယ်။ အဆုံးအဖြတ်ပေးနိုင်တဲ့အခန်းမှာ သာမန်ရိုးကျ လူကြီးတွေ သူတို့အမြင်နဲ့ လုပ်နေတာထက် ဒီလူငယ်များရဲ့ အတွေးအခေါ်ဟာ သိပ်အရေးကြီးပါတယ်။

နောက်ပိုပြီးအရေးကြီးတာကတော့ Education ပညာရေးစနစ် ဖြစ်ပါတယ်။ ကျနော် အမြဲပြောသလို ပညာရေးဟာ တော်လှန်ရေးပါပဲ။ Education is Revolution လို့ အဲဒီပြင်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ပြင်နိုင်ရင်တော့ အလားအလာ ဆက်ပြီးကောင်းမယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အခွင့်အလမ်း ရှိနေတဲ့အချိန်မှာ ဒီအခွင့်အရေးကိုလည်း မသုံးနိုင်ဘူး ဆိုရင်တော့ နောက်လာမယ့် မျိုးဆက်တစ်ဆက်နှစ်ဆက်ကတော့ အဲ့ဒီလိုပဲ သံသရာဆိုးထဲမှာ ကျင်လည်နေရအုန်းမယ် ထင်ပါတယ်။

မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင် အခုလို ဆွေးနွေးသုံးသပ်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။

Forum

XS
SM
MD
LG