သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖက်ဒရယ် မျှော်မှန်းချက်အလားအလာ


 မမြသဇင်အောင် နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်၊ ၀၈၊ ၀၇၊ ၂၀၂၄)
မမြသဇင်အောင် နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်၊ ၀၈၊ ၀၇၊ ၂၀၂၄)

မြန်မာ့နိုင်ငံရေး ပြဿနာအားလုံးရဲ့ ဇစ်မြစ်ဟာ လူမျိုးရေးကွဲပြားမှုကို အခြေခံထားတဲ့ နိုင်ငံရေးစနစ်ကြောင့်ဆိုရင် မှားမယ်မဟုတ်ပါဘူး။ အားလုံးတန်းတူညီမျှတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မျှော်မှန်းပြီး လွတ်လပ်ရေး ရယူခဲ့ကြပေမဲ့၊ လက်တွေ့ဖြစ်မလာဘဲ နောက်ဆုံး စစ်အာဏာရှင်စနစ်လက်အောက် ကျရောက်ခဲ့တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာ ဖက်ဒရယ်အရေး တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားအင်အားစုတွေနဲ့ အထူးသဖြင့် မျိုးဆက်သစ်ဗမာလူငယ်တွေကြား အပြန်အလှန် နားလည်ရင်းနှီးမှုရှိလာချိန် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး အလားအလာ ဘယ်လိုရှိပါသလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ မြန်မာနိုင်ငံမှာ ဖက်ဖကဒရယ်စနစ်ကို လူတိုင်းလိုချင်ကြပါတယ်။ ဒါပေမဲ့ တချို့ကလည်း ဒီအပေါ်မှာ စိုးရိမ်ကြတယ်။ တချို့ကလည်း ဝေဖန်ပါတယ်။ ဒါကို ဘယ်လိုပြောနိုင်ပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာ မမြသဇင်။ ဖက်ဒရယ်စနစ်ကို လူတိုင်းလိုချင်ကြတယ်ဆိုတာ အင်မတန် သဘာဝကျပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတယ်။ မတူကွဲပြားမှုတွေများတော့ ဖက်ဒရယ်ပုံစံမျိုး ထူထောင်ခဲ့ရင် ကောင်းမယ်ဆိုပြီးတော့ လွတ်လပ်ရေးရပြီးကတည်းက ဒီပုံစံနဲ့ မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံ ရေးဆွဲတဲ့ ဦးချန်ထွန်းကိုယ်တိုင်က ဝန်ခံပြီးတော့ ပြောခဲ့တဲ့ဆိုတဲ့အကြောင်း သမိုင်းတွေမှာ ရေးထားတာကို ဖတ်ရပါတယ်။ သဏ္ဍာန်ဆောင် ဖက်ဒရယ်သာ quasi-federalism ဖြစ်တယ်။ ဒါပေမဲ့ တကယ့်တကယ်မှာတော့ ဗဟိုက ချုပ်ကိုင်တဲ့စနစ် ဖြစ်တယ်လို့ သူကပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဖက်ဒရယ်စနစ် လိုချင်၊ တိုင်းရင်းသားတွေနဲ့ ညှိပေးမယ့်၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားပြီးနောက်မှာတော့ သူတို့တွေက အဲဒီလိုဖြစ်လာကြတယ်လို့ ယူဆရပါတယ်။ ပိုပြီးတော့ ဆိုးတာက ၁၉၆၂ ခုနှစ်မှာ ဦးနုက အဲဒါကို ပြန်ပြင်ဖို့ကြိုးစားတဲ့အခါမှာ ဗိုလ်ချုပ်နေဝင်းက ဖက်ဒရယ်ဟာ ပြည်ထောင်စုပြိုကွဲရေး အယူအဆဖြစ်တယ်ဆိုပြီးတော့ အာဏာသိမ်းလိုက်တော့ လုံးဝပျက်သွားခဲ့တယ်။ ဒါကြောင့် တိုင်းရင်းသားတွေရဲ့ ပုန်ကန်မှု၊ ဖက်ဒရယ် တောင်းဆိုမှုက ပိုပြင်းထန်လာပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေ အများကြီးပေါ်ထွန်းလာပါတယ်ဆိုတော့ ဖက်ဒရယ်ကို တိုင်းရင်းသား ပြည်သူတွေက မျှော်မှန်းတောင့်တနေခဲ့ရတဲ့ အိပ်မက် ဖြစ်ပါတယ်။

၈၈ ဖြစ်ပြီးတဲ့နောက်မှာ ထွက်လာတဲ့ ကျောင်းသားခေါင်းဆောင် လူငယ်တွေက ဖက်ဒရယ်စနစ်ကို တကယ်လေ့လာပြီးတော့ ပထမဦးဆုံး သဘောပေါက်တဲ့ လူငယ်တွေ ဖြစ်တယ်ဆိုပြီးတော့ ကရင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဗဒိုးမန်ရှာက ကျနော့်ကို ပြောဖူးပါတယ်။ အဲဒီလူငယ်တွေက တကယ်နားလည်ကြတယ်။ သိပ်အားတက်စရာ ကောင်းတယ်ဆိုပြီးတော့ ပြောတယ်။ အဲဒီအချိန်မှာ စပြီးတော့ မြန်မာလူငယ်တွေက ဒီဟာကို လက်ခံလာကြတယ်။ ကောင်းတဲ့သဘောပါ။ ဖက်ဒရယ်စနစ်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ် နေနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ် မအောင်မြင်ခဲ့လို့လည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကျဆုံးသွားတာ၊ စစ်အာဏာရှင်စနစ် တက်လာတာ ဒီအကြောင်းကြောင့် ဖြစ်ပါတယ်ဆိုတော့၊ ဒါကို လူတိုင်းက လိုချင်ကြတယ်ဆိုတော့ မထူးဆန်းပါဘူး။ အင်မတန်ကောင်းတဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ စိုးရိမ်တယ်ဆိုတာက လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်းများစွာ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားလာခဲ့တာ တခါမှ မဖြစ်ခဲ့ဘူး။ သေတာတွေ အများကြီး ဖြစ်ခဲ့ရတယ်။ ထိခိုက်နစ်နာမှုတွေ အများကြီး ဖြစ်ခဲ့ရတယ်ဆိုတော့ ဒီတခါကော ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်စရာလည်း တကယ်ကောင်းနေလို့ ဖြစ်ပါလိမ့်မယ်။ ဝေဖန်ကြတဲ့ လူတွေကတော့ သူ့ရပ်တည်ချက်နဲ့သူ ဖြစ်ပါလိမ့်မယ်။ သူတို့မှာ အကျိုးစီးပွားတခုခုကြောင့် ဝေဖန်ကြတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါကတော့ ပြောရခက်ပါတယ်။ ဒါပေမဲ့ အဓိကပြောလိုတာကတော့ ဖက်ဒရယ်စနစ်ဟာ တကယ်မျှော်မှန်းနေကြတဲ့ စနစ် ဖြစ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

မေး ။ ။ ဟုတ်ပါတယ်။ စိုးရိမ်တာကတော့ မတူကွဲပြားမှုတွေ များလွန်းတဲ့ကိစ္စပါ။ အဲ့ဒီတော့ ဒီလူမျိုးစုတွေ အင်အားစုတွေကြားမှာ မတူကွဲပြားမှုတွေကို ညီညွတ်ဖို့ အလားအလာ ဘယ်လောက်ထိ မျှော်မှန်းထားနိုင်ပါသလဲ။

ဖြေ ။ ။ အဲ့ဒါ အဓိကပါပဲ -- အခုလက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ အင်မတန်ကို အင်အားဆုတ်ယုတ်ကျဆင်းလာနေပါတယ်။ ဆိုတော့ တော်လှန်ရေးအင်အားစုတွေဘက်က အလေးသာတော့မယ်။ စစ်ကောင်စီ ပြုတ်တော့မယ်၊ တဲတဲလေး ကျန်တော့တယ်ဆိုတဲ့ သုံးသပ်ချက်တွေ အများကြီးရှိပါတယ်။ တချို့ကလည်း အလျော့မပေးသေးဘူး။ စစ်ကောင်စီက ဒီလိုလွယ်လွယ်ကူကူနဲ့ မကျနိုင်ဘူးပြောတဲ့ လူလည်း ရှိပါတယ်။ ဒါပေမယ့်လည်း ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က နယ်မြေသိမ်း စိုးမိုးမှုတွေ ပိုများလာတယ်ဆိုတာကတော့ ဘယ်သူမှ မငြင်းနိုင်တဲ့ ကိစ္စပါ။ နောက်ဆုံးဆိုရင် လားရှိုးကိစ္စတို့ ဘာတို့ပေါ့။ တိုင်းရင်းသားတွေ မတူကွဲပြားမှု ရှိတာကလည်း မတူကွဲပြားမှု ရှိတယ်။ သို့ပေမယ့် မတူကွဲပြားတာကို အခြေခံပြီးတော့ လက်ညှိုးထိုးပြီး ပြဿနာဖြစ်နေတာက ပိုပြီးတော့ အရေးကြီးပါတယ်။ ဒီလိုဖြစ်ရတာကလည်းပဲ စောစောကလည်း ပြောခဲ့ပြီးပြီ၊ Diversity, Identity Politics ပေါ့။ လူတွေကိုတော့ အပြစ်မပြောချင်ပါဘူး။ စနစ်ကိုက အဲ့ဒီလို ဖန်တီးခဲ့လို့ အဲ့ဒီလို ဖြစ်နေကြတာပါ။ ဒီဟာကို ပြေပျောက်နိုင်အောင် အများကြီး ကြိုးပမ်းဖို့လိုပါတယ်။ အထူးသဖြင့် ရှမ်းမြောက်မှာ ပိုဆိုးတာပေါ့လေ။ အဲ့ဒီ ရှမ်းဘက်မှာဆို KIA, TNLA, SSPP စသည်ဖြင့် နယ်မြေအားဖြင့် ပဋိပက္ခ ဖြစ်နေတာတွေလည်း ရှိပါတယ်။ ပိုဆိုးတာက ဒီနေ့ တနင်္လာနေ့ အခုမနက်တင်ပဲ ဒီကို ဆင်းမလာခင်မှာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကို ကျနော် နားထောင်ကြည့်တယ်။ အဲ့ဒီထဲမှာလည်း ရှမ်းမြောက်မှာတဲ့ သူပြောထားတာဆိုရင် ဘယ်လို ပြောထားသလဲဆိုရင် -- ကိုးကန့်က ဝင်တိုက်တယ်။ အဲ့ဒီမှာ နေတဲ့သူတွေဟာ များသောအားဖြင့် သူတို့တွေက နည်းနည်းပဲ ရှိတယ်။ ရှမ်းတွေနဲ့ ပလောင်တွေ ရှိတယ် စသဖြင့်ပေါ့လေ။ ပအို့ဝ်နဲ့ ကရင်တို့ကိုလည်း ဆီဆိုင်မှာပြောတော့။ ဗမာတွေကို ကိုးကန့်တွေက ဖမ်းသွားတာလည်း ရှိတယ်။ ကိုးကန့်လူမျိုးက နည်းနည်းသာ ရှိတယ် ရှမ်း ဘာညာ ပြောထားတော့ ကျနော် နားထောင်ရင်းနဲ့ အဲ့ဒါ တကယ်တော့ လူမျိုးရေးကို သွေးထိုးပေးတဲ့ စကားမျိုးလို့ ယူဆရပါတယ်။ နိုင်ငံခေါင်းဆောင်က ပြောတဲ့အခါမှာ ဘယ်လူမျိုးကို ဘယ်လူမျိုးက ဘယ်လို ဖြစ်တယ်ဆိုတာ ဘယ်ပြောကောင်းမလဲ။ တကယ်တမ်း ညီညွတ်တဲ့ သဘောက မရှိဘဲနဲ့ စစ်ရှုံးလာတဲ့အခါမှာ အဲ့ဒီလို ထွက်ပေါက်အဖြစ်နဲ့ သူတို့ကို တိုက်ခိုက်နေတဲ့သူတွေ အင်အားနည်းသွားအောင် သွေးခွဲတဲ့စကားမျိုး ပြောတယ်လို့လည်းပဲ အဓိပ္ပာယ်ကောက်ယူရင်ရနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ရခိုင်ဘက်မှာကကျတော့ ရခိုင်လူမျိုး ၉၀ ရာခိုင်နှုန်းတွေကိုကျ ကိုယ့်လူမျိုးကိုယ် နှိပ်စက်နေတယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့က သင်တန်းသားလို့ မသတ်မှတ်တဲ့လူတွေကို လက်နက်တပ်ဆင်ပြီးတော့ တိုက်ခိုက်နေတာကျတော့ သူက ဘာမှမပြောသွားဘူး။ အဲ့ဒီလိုဟာတွေ ရှိတယ်ဆိုတော့ နဂိုကတည်းမှလည်းပဲ နိုင်ငံရေးစနစ်ကြောင့် ဖြစ်လာတဲ့ နိုင်ငံခေါင်းဆောင်တွေကလည်းဘဲ၊ နိုင်ငံရေးသမားတွေကလည်းဘဲ သူတို့လိုချင်သလို သပ်လျှိုသွေးခွဲပေးတာတွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလို မတူကွဲပြားမှုတွေ ရှိနေတယ် ဆိုတာကတော့ အမှန်ပဲ။ အထူးသဖြင့် ရှမ်းမြောက်မှာ လောလောဆယ် တွေ့နေရပါတယ်။

မေး ။ ။ နောက်တခုက လူမျိုးကြီးဝါဒ - ဗမာကြီးစိုးရေးဝါဒ ရှိတယ်ဆိုတဲ့အပေါ်မှာ အစွဲအလမ်းတွေ အပြောအဆိုတွေလည်း ရှိပါတယ်။ ဒါတွေကကော ဘယ်လောက်ထိ အရေးပါပါသလဲ။

ဖြေ ။ ။ အဲ့ဒါလည်း စောစောကလိုပါပဲ ဒီလိုအမြင် ဖြစ်စေခဲ့တာပေါ့။ လွတ်လပ်ရေးရပြီးကတည်းက ဗဟိုအစိုးရမှာက ဗမာကပဲ အဓိကချုပ်ကိုင်ပြီးတော့ နေခဲ့တဲ့ပုံစံမျိုး ဖြစ်လာတယ်ဆိုတော့ တိုင်းရင်းသားတွေနဲ့ သူတို့အမြင်ချင်း ကွဲပြားတယ်။ အမျိုးမျိုးဖြစ်လာတယ်။ ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာကတော့ ကျနော်က သိပ်အားတက်စရာ ကောင်းတာတွေ့ရပါတယ်။ PDF တွေက တိုင်းရင်းသားအဖွဲ့တွေက လေ့ကျင့်ပေးတယ်။ သူတို့နဲ့အတူတူ ပေါင်းတိုက်ကြတယ်။ သူတို့နဲ့ သိပ်ရင်းရင်းနှီးနှီး ရှိကြတယ်။ တော်တော်လေး PDF တွေနဲ့ PDF တွေက များသောအားဖြင့် ဗမာမျိုးဆက်သစ်လူငယ်၊ ပညာတတ်လူငယ်တွေ ဒီလူငယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကြားမှာ ပဋိပက္ခ ဘာမှ ကျနော် မကြားဘူး။ အခုလောလောဆယ် ကြားနေတာကတော့ တိုင်းရင်းသားအချင်းချင်းကြားမှာပဲ သူ့နယ်မြေ ငါ့နယ်မြေဆိုပြီးတော့ ဖြစ်နေကြတယ်။ ဒါလေးတွေကတော့ အဓိက ညှိရမယ့်ကိစ္စပါ။ နယ်မြေဆိုတာကလည်း တနိုင်ငံလုံးဟာ ကိုယ့်နယ်မြေလိုပဲ သဘောထားပြီးတော့ သွားလာလှုပ်ရှားနေလို့ရရင် ပြီးတာပါဘဲ။ ဘာဖြစ်လို့ ငါ့နယ်မြေ သူ့နယ်မြေဆိုပြီးတော့ ဆိုင်းဘုတ်တပ်ချင်နေကြတာလဲ။ လူမျိုး၊ ယဥ်ကျေးမှု့အားဖြင့် ရပိုင်ခွင့်တွေကို ဖော်ထုတ်နိုင်တယ်ပေါ့ - ဒီဟာက အဲ့ဟာကတော့ ကာကွယ်ပေးရမယ်။ သို့ပေမယ့်လည်း သူ့နယ်မြေ မင်းမလာရဘူး။ ငါ မသွားရဘူးဆိုတာ လုပ်ကြတာ၊ လုပ်လို့မဖြစ်တာ။ အားလုံး ပြည်ထောင်စုနယ်မြေဆိုတော့ အတူတကွ နေရမှာပဲ။ ကျနော် ထင်ပါတယ် ဒီကိစ္စကလည်း ဗမာလူမျိုးရေးဝါဒ ဆိုတာကလည်း ဗမာတွေလည်း တနိုင်ငံလုံးအနှံ့မှာ ပျံ့နှံ့နေထိုင်ကြတာပါပဲ။ ဆိုတော့ အခု လူငယ်တွေ ခေါင်းဆောင်လာတဲ့ မျိုးဆက်သစ်တွေက ဒီဟာကို ကောင်းကောင်းသဘောပေါက်လာကြတော့ တိုင်းရင်းသားတွေနဲ့ အများကြီး ရင်းနှီးမှု့ ရှိလာတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ သူတို့နဲ့ လက်ပွန်းတသီး နေကြတာကိုလည်း တွေ့ရတယ်။ ကျနော်ကတော့ သိပ်ပြီးတော့ အားရစရာ ကောင်းတယ်လို့ ထင်ပါတယ်။ ဒီဟာလည်း တဖြည်းဖြည်း ပပျောက်သွားနိုင်ပါတယ်။

မေး ။ ။ နောက်တခုက ဒေသအလိုက် လူနည်းစု လူများစု နယ်မြေ အငြင်းပွားတာတွေ ဒီဟာတွေမှာရော စုစည်းညီညွတ်ဖို့ အလားအလာကကော ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ အဲဒါပြောတာ - စောစောကပြောသလိုပဲ သူ့နယ်မြေ ငါ့နယ်မြေဆိုပြီးတော့ ဒီဘက်ကမ်းက ငါ့နယ်မြေ ဟိုဘက်ကမ်းက မင်းနယ်မြေဆိုပြီး‌တော့ မြေပုံမှာပဲ နာမည် တပ်လို့ရမှာပေါ့။ လူတွေ သွားလာနေတာကတော့ အတူတူပါပဲ။ မြေပုံမှာ နာမည်တပ်ဖို့ အဓိကထားပြီး ပြဿနာတက်နေကြတာလား။ အဲ့ဒီလူမျိုးစု အသေးလေးတွေက - ကျနော် အဲဒါကိုပဲ ပြောချင်တယ်။ အကုန်လုံး တညီတညွတ်ထဲပဲ စောစောကပြောခဲ့သလို သူတို့ ယဥ်ကျေးမှု့ သူတို့ လွတ်လပ်ခွင့် သူတို့ ကြိုက်သလို လုပ်တာ။ စီးပွားရေး နိုင်ငံရေးအားဖြင့်တော့ အကုန်လုံးတန်းတူ။ အဲ့ဒီ နာမည်တွေကို ဖယ်ထားလိုက် Identity ကို ဖယ်ထားလိုက်၊ ကိုယ့်နိုင်ငံပဲဆိုပြီး တပေါင်းထဲလုပ် အဲ့ဒီလို အခွင့်မျိုး ရှိနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အဲ့ဒီတော့ ဒီဟာလည်းပဲ သိပ်ပြီးတော့ ပြဿနာကြီးတော့ မဟုတ်ဘူး။ သို့ပေမဲ့ သဘောထားကြီးပြီးတော့ ဒီဟာကို နားလည်ဖို့ လိုတယ်။ အချင်းချင်းလည်း သဘောပေါက်ဖို့ လိုတယ်။ ခေါင်းဆောင်တွေက သဘောပေါက်သလို အောက်ခြေက လူတွေလည်းပဲ ပြည်သူတွေလည်း သဘောပေါက်ဖို့၊ ပညာပေးဖို့၊ ဟောပြောသည်းရုံးဖို့ လိုတယ်လို့ ထင်ပါတယ်။

မေး ။ ။ အဲ့ဒီတော့ အခုချိန်မှာ NUG ရဲ့ ရပ်တည်ချက်ကရော။

ဖြေ ။ ။ NUG အပေါ်မှာ ကျနော် မြင်တာကတော့ တိုင်းရင်းသားတွေနဲ့ PDF လူငယ်တွေနဲ့ ချစ်ခင်ရင်းနှီးမှု့က သိပ်ရင်းရင်းနှီးနှီး တွေ့တယ်။ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေနဲ့ဟာ ဒီလောက်ထိ ရင်းရင်းနှီးနှီး ဖြစ်သလားဆိုတာကတော့ သိပ်ပြီးတော့ မတွေ့ရဘူး။ ရင်းနှီးမှု့တော့ ရှိပါတယ်။ ဒါပေမယ့် သူတို့က တညီတညွတ်ထဲ ဖြစ်ပါတယ်ဆိုပြီး ပြောတယ်။ ဒါပေမယ့် တချို့ဝေဖန်ချက်တွေမှာ NUG ဟာ NLD ရဲ့ အစဥ်အလာကို ဆက်ခံသလား။ ဘာလားညာလားစသဖြင့် ပြောကြတယ်။ NUG ဘက်ကလည်း ဒီတခါ တိုင်းရင်းသားကိစ္စတွေကို သိပ်ပြီးတော့ လိုက်ရောတယ် ဆိုတာတွေ တင်ထားရေးထားတာတွေ တွေ့ပါတယ်။ တိုင်းရင်းသားတွေဟာ ငါတို့ လွတ်လပ်ရေး ရပြီးကတည်းက ဟိုးဖွဲ့စည်းပုံမှာ ပါခဲ့တဲ့အတိုင်းပဲ ၁၀ နှစ် နေကြည့်ပြီးလို့ သဘောမတူရင် ခွဲထွက်နိုင်တဲ့ ပြည်နယ်လို့ သတ်မှတ်ထားသလို ငါတို့ အာမခံနိုင်ပါတယ်ဆိုတာ ပြောတာဆိုတာလည်း တွေ့ရပါတယ်။ NUG နဲ့ သူတို့ကတော့ ပိုပြီးတော့ ညီညွတ်အောင် တည်ဆောက်ပေးဖို့ လိုပါတယ်။ ဒီနေရာမှာတော့ အဓိကအားဖြင့် တချို့ကြည့်မယ်ဆိုရင် ဘေးနိုင်ငံတွေပေါ့။ ဘေးနိုင်ငံဆိုတာကတော့ ကျနော် တရုတ်ကို အဓိကပြောချင်ပါတယ်။ သူဟာ တိုင်းရင်းသားတွေနဲ့ အကုန်လုံး တညီတညွတ်ထဲ ဖြစ်သွားပြီဆိုတာကို လိုလားရဲ့လား။ တချို့က သံသယ ရှိကြတယ်။ မညီမညွတ် ဖရိုဖရဲ ဖြစ်နေလေ သူတို့အတွက် ပိုပြီးကောင်းလေဆိုပြီးတော့ ယူဆပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ်တော့ သူတို့က သိပ်အယုံအကြည် မရှိဘူး။ ဒီနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ထဲမှာတော့ ဝ နဲ့ တရုတ်ကိုတော့ နာမည်တပ်ပြီး တခွန်းမှတော့ သူ မပြောသွားဘူး။ ဒါပေမယ့် စောင်းမြောင်းပြီးတော့ အများကြီး ပြောသွားတယ်။ ထို့နည်းတူစွာ တရုတ်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အမြင်မကြည်ဘူးဆိုတာကတော့ အားလုံးသိကြတဲ့ကိစ္စ ဖြစ်ပါတယ်။ အဲ့ဒီတော့ သူတို့က ဘယ်သူ့ကို အစားထိုးပြီးတော့ လုပ်မလဲ ဒီနေရာမှာ အပြောင်းအလဲ လုပ်ခိုင်းနေတယ်။ အဲ့ဒီအချိန်မှာ NUG နဲ့ တိုင်းရင်းသားတွေ ညီညွတ်ပြီးတော့ တညီတညွတ်ထဲ တက်လာမယ်ဆိုတာကတော့ တရုတ်က လိုလားပါ့မလား အဲ့ဒါလည်း အရေးကြီးပါတယ်။ အချင်းချင်းညီညွတ်ဖို့ကတော့ အဓိကပါပဲ။ ဒါက ကြည့်ရမယ့် ကိစ္စ ဖြစ်ပါတယ်။

မေး ။ ။ အဲ့ဒီတော့ အစပိုင်းမှာ ပြောခဲ့သလိုပေါ့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်စနစ်ကို လူတိုင်းက လိုချင်ကြပါတယ်။ ဒါပေမယ့် ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို ယှဥ်ရင် ဘယ်ဟာကို ဦးစားပေးရပါမလဲ။

ဖြေ ။ ။ နှစ်ခုလုံးကတော့ ဒင်္ဂါးတခုရဲ့ ခေါင်းနဲ့ပန်းလိုပဲ။ တွဲနေပါတယ်။ ဒါပေမယ့် ဖက်ဒရယ် မရှိလို့ ဒီမိုကရေစီ မအောင်မြင်တာ ဖြစ်တယ်လို့ ပြောလို့ရပါတယ်။ လွတ်လပ်ရေးရပြီးတော့ အင်္ဂလိပ်ဆီက ပါလီမန် ဒီမိုကရေစီစနစ်ကို ယူပြီးတော့၊ အခြေခံပြီးတော့ လုပ်ခဲ့ကြတယ်။ လုပ်ခဲ့ပေမယ့်လည်း အဲ့ဒီမှာ ဖက်ဒရယ် မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေရဲ့ မကျေနပ်မှုကြောင့် အဓိကအားဖြင့် ပြည်ထောင်စုကို စစ်တပ်က အာဏာသိမ်းစရာ ဖြစ်လာတယ်။ အာဏာသိမ်းပြီးနောက် တိုင်းရင်းသား ပုန်ကန်မှု့တွေ ပိုပြီးဖြစ်လာတယ်။ တိုင်းရင်းသားညီညွတ်ရေး ပြဿနာက အဓိကကျတယ်။ အဲ့ဒီဟာပေါ်မှာ အခြေခံပြီးတော့ ဒီမိုကရေစီရေးကို အရင်ရအောင် လုပ်ရမှာ ဖြစ်တယ်။ ဒီမိုကရေစီလို့ ဘယ်လောက်ပဲပြောနေ ပြောနေ စောစောကပြောတဲ့ ပြဿနာတွေ ရှိနေရင်တော့ ဖရိုဖရဲ ဖြစ်နေအုန်းမှာပဲလို့ ထင်ပါတယ်။ အဲ့ဒါကတော့ ပညာရှင်တွေလည်း အဲ့ဒီလို ရေးကြပါတယ်။ မြန်မာပြည်ရဲ့ အဓိကပြဿနာသည် ဒီမိုကရေစီ ထွန်းကားရေးထက် ဖက်ဒရယ် ပြည်ထောင်စု တိုင်းရင်းသားတွေရဲ့ ပြဿနာ ပြေလည်ရေး ဖြစ်တယ်။ တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြဿနာ ပြေလည်မှ ဒီမိုကရေစီ ဆက်လက်ရှင်သန်နိုင်မယ်လို့ ပြောကြပါတယ်။ ဒါပိုပြီး အဓိကကျမယ်လို့ ထင်ပါတယ်။

မမြသဇင်အောင် ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်။ အခုလို ဆွေးနွေးပေးလို့ ကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG