သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၁) လပြည့် ၁၀၂၇ စစ်ဆင်ရေး


အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ် - မမြသဇင်အောင် နှင့် အယ်ဒီတာ ဦးကျော်ဇံသာ
အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ် - မမြသဇင်အောင် နှင့် အယ်ဒီတာ ဦးကျော်ဇံသာ

၁၀၂၇ စစ်ဆင်ရေး (၁) လပြည့်တဲ့နေ့မှာပဲ ညီနောင်မဟာမိတ် (၃) ဖွဲ့က စစ်ဆင်ရေး နောက်တဆင့်တိုးချဲ့မယ်လို့ ကြေညာပါတယ်။ တချိန်ထဲမှာပဲ တရုတ်ကလည်း နယ်စပ်ဒေသ အပစ်ရပ်ဖို့ တိုက်တွန်းတောင်းဆိုနေတာပါ။ စစ်ဆင်ရေး ကျယ်ပြန့်လာမယ်ဆိုရင် တရုတ်နိုင်ငံအနေနဲ့ ဘာလုပ်နိုင်ပါမလဲ။ ရှေ့ဆက်တိုက်ပွဲတွေအခြေအနေ ဘယ်လို ဖြစ်လာနိုင်ပါမလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင် က ဆွေးနွေးမေးမြန်းထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ အခု ရှမ်းမြောက်တိုက်ပွဲတွေရဲ့ အခြေအနေက လတ်တလောမှာ ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဦးကျော်ဇံသာ ။ ။ ကျယ်ပြန့်လာပါတယ်။ ရှမ်းမြောက်တိုက်ပွဲတွေက ကျယ်ပြန့်လာပါတယ်။ ၁၀၂၇ က စခဲ့တဲ့ စစ်ဆင်ရေးဟာ အခု ၁၁၂၇ ဆိုတော့ (၁) လပြည့်တဲ့နေ့မှာ တနိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် တိိုက်မယ်ဆိုပြီးတော့ တိုင်းရင်းသားညီနောင် မဟာမိတ်တွေက ကြေညာထားတာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာလည်း ကျင်းစန်းကြော့ တကယ့် အဓိကကုန်သွယ်တဲ့နေရာမှာ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒီနေရာကို သိမ်းပြီးပြီလို့ဆိုတယ်။ နောက်တခါ သီပေါ၊ လားရှိုး၊ ကျိုင်းတုံဘက်မှာလည်း လမ်းတွေက လုံးဝသုံးလို့မရအောင် ပိတ်ထားပါတယ်။ TNLA က အဲဒီမှာအမြဲတမ်း တပ်စွဲနေတယ်။ သူတို့ဖျက်ထားတဲ့ တံတားတွေကိုတောင် ပြန်ပြင်လို့တောင် မရဘူး။ ပြန်ပြင်ဖို့နေနေ အဲဒီတံတားနားတောင် စစ်တပ်က မချဉ်းကပ်နိုင်ဘူးဆိုပြီးတော့ ဒေသခံတွေဆီကတဆင့် ကြားရပါတယ်။ ရခိုင်ဘက်မှာလည်း ကျယ်ပြန့်လာတယ်။ ပုဏ္ဍာကျွန်း၊ ပေါက်တော၊ ရသေ့တောင်ဘက်ထိ ကျယ်ပြန့်လာတယ်ဆိုတော့ တိုက်ပွဲတွေက နေရာအနှံကျယ်ပြန့်လာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲပေါ့။

မေး ။ ။ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး တရုတ်ဘက်က နယ်စပ်ဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေကို လုပ်လာပါတယ်။ နောက်ပြီးတော့ တချိန်တည်းမှာပဲ ဒီနယ်စပ်မှာ အပစ်အခတ် ရပ်စဲဖို့ကိုလည်း တိုက်တွန်းလာတာကို တွေ့ရပါတယ်။ တဘက်မှာပြောမယ်ဆိုရင် တရုတ်က မီးစိမ်းပြလိုက်လို့ ဒီပြဿနာ ဖြစ်လာတယ်ဆိုပြီးတော့ ပြောတဲ့လူတွေကလည်း ရှိပါတယ်။ အဲဒါကို ဘယ်လိုနားလည်ရပါမလဲ။

ဖြေ ။ ။ ပထမဦးဆုံး မမြသဇင် မေးခွန်းထဲက သူတို့စစ်ရေးလေ့ကျင့်ခန်းလုပ်တာ အရင်လည်း လုပ်ပါတယ်။ ၂၀၀၉၊ ၂၀၁၇ တုန်းကလည်း အဲဒီဘက်မှာ ပြဿနာဖြစ်ရင် တရုတ်ဘက်ကို ရိုတ်ခတ်လာတာကြောင့် ငါတို့ဘက်ကို မထိစေနဲ့ ငါတို့နယ်စပ်ကိုတော့ လုံခြုံအောင် ကာကွယ်ရမယ်ဆိုပြီးတော့ လေတပ်နဲ့ ကြည်းတပ်ပေါင်းပြီးတော့ လက်နက်အစစ်တွေနဲ့ အဲဒီလို စစ်ရေးလေ့ကျင့်မှုတွေ မကြာခဏ လုပ်ခဲ့ပါတယ်။ အခုလဲပဲ အဲဒီဘက်ကို နယ်စပ်အခြေအနေနဲ့ တိုက်ပွဲတွေ ကူးစက်လာမှာစိုးလို့ အဲဒါကို ဟန့်တားလိုတဲ့သဘောလို့ ယူဆပါတယ်။ သူတို့က ဟန့်တားမယ်။ တော်ကြပါတော့လို့ ပြောတာကလည်း မှန်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က သူတို့လိုချင်တာရပြီလေ။ တဘက်က သူတို့ မီးစိမ်းပြလို့ တိုက်ပွဲဖြစ်တယ်ဆိုရင်တောင် သူတို့ အဓိက လိုချင်တာက မြန်မာနိုင်ငံဘက်မှာ ဖြစ်နေတဲ့ ဒုစရိုက်ဂိုဏ်းတွေ၊ ဒုစရိုက်မှုတွေက သူတို့တိုင်းပြည်ကို နစ်နာတယ်၊ ဂုဏ်သိက္ခာ ကျစေတယ်။ တရုတ်လူမျိုးတွေက ကျွန်လို အခိုင်းခံနေရတယ်။ သေရတယ်။ နောက်ပြီးတော့ လိမ်ညာမှုတွေကြား တရုတ်ပြည်ကလူတွေ စီးပွားနစ်နာတယ် အစရှိသဖြင့် အများကြီးဆိုတော့ ဒါကို မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တာကို စစ်ကောင်စီက အစတုန်းကတော့ ထိထိရောက်ရောက် မဟန့်တားပေးခဲ့ဘူးဆိုတော့ ဒီဟာကို အခုလုပ်လိုက်တဲ့အခါမှာ စစ်ကောင်စီက ပြန်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ပါမယ်ဆိုကာ လိုက်နာလာတယ်ဆိုတော့ တရုတ်က သူတို့ လိုချင်တာရပြီဆိုတော့ တော်ကြတော့လို့ ပြောမှာပါ။ ဒီဟာမျိုးတော့ သူတို့က သိပ်မဖြစ်စေချင်ဘူး။ မြန်မာနိုင်ငံ ထိန်းမနိုင်သိမ်းမရ ပြိုကွဲသွားမှာလည်း သူတို့ မလိုချင်ဘူး။ အပြင်ကလူတွေ ဝင်လာမှာ။ မြန်မာနိုင်ငံ အစိတ်စိတ်ပြိုကွဲနေမှ သူတို့ဝင်ပြီးတော့ ဆရာကြီး လုပ်ချင်တယ်၊ သူတို့ လိုသလို ချယ်လှယ်ကစားနိုင်အောင်ပဲ တရုတ်က လိုချင်တာပါ။ သူတို့လိုချင်တဲ့ အတိုင်းအတာ ဖြစ်နေပြီဆိုတော့ တရုတ်က ဒီအခြေအနေကို ရပ်တန့်စေချင်တယ်။ တကယ်ပဲ ဖြစ်ပါလိမ့်မယ်။

မေး ။ ။ အဲဒီတော့ သူက နှစ်ဘက်အပစ်ရပ်ဖို့ ပြောတော့၊ တရုတ်ရဲ့ တိုက်တွန်းချက်က ဘယ်လောက်ထိ ထိရောက်ပါသလဲ။ တကယ်လို့များ ဒီထက်ပိုပြီးတော့ တိုက်ပွဲတွေက ကျယ်ပြန့်လာမယ်ဆိုရင် တရုတ်က ထဲထဲဝင်ဝင် ဝင်လာနိုင်ပါသလား။

ဖြေ ။ ။ တရုတ်ရဲ့ ဟန့်တားမှုက အခုထိတော့ မထိရောက်ပါဘူး။ အဲဒီတော့ စောစောက ပြောခဲ့သလိုပဲ တရုတ်က အပစ်ခတ်ရပ်ကြဖို့ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ကြ အပြင်းအထန် တိုက်တွန်းတဲ့နေ့မှာပဲ မဟာမိတ်ညီနောင် (၃) ဖွဲ့က ငါတို့တိုးချဲ့မယ်ဆိုပြီး ပြောလာတယ်။ တရုတ် တိုက်တွန်းတာကို လုံးဝလက်မခံဘူးဆိုတဲ့သဘော ဖြစ်ပါတယ်။ အစကတော့ တရုတ်က သိပ်ကူညီတယ်ဆိုတာက မီးစိမ်းပြရုံလောက်ပဲလို့ သုံးသပ်သူတွေက ပြောခဲ့တာပါ။ တရုတ်က ထဲထဲဝင်ဝင် ဝင်ခဲ့တာ မဟုတ်ပါဘူး။ တရုတ်က ထဲထဲဝင်ဝင် ကူညီမယ်ဆိုရင် AA ရခိုင်တပ်တော်ရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောတယ် - မီဒီယာတခုနဲ့ အင်တာဗျူးလုပ်တဲ့နေရာမှာ တရုတ်ကသာ ငါတို့ကို ထဲထဲဝင်ဝင် ကူညီရင် နေပြည်တော်ကို တက်သိမ်းပြစ်လိုက်တာကြာပြီလို့ ပြောတယ်။ အမှန်ပါပဲ တရုတ်က ဒီလောက်ထိ မကူညီပါဘူး။ အခု သူတို့တိုက်ခဲ့တဲ့ လက်နက်တွေမှာလည်း 'ဝ'ကတဆင့် ကိုးကန့်ကို ပေးတယ်လို့ သုံးသပ်သူတချို့က ပြောကြပါတယ်။ အဲဒီလိုပေးတာလည်း တကယ့် မြေပြင်က ဝေဟင်ပစ်နိုင်တဲ့ဟာတွေ ဝမှာ ရှိနေတယ်ဆိုတဲ့ သတင်းကြားပါတယ်။ အဲဒီလောက်လည်း သူတို့မပေးပါဘူး။ တော်ရုံတန်ရုံပဲ ပေးပြီးတော့၊ နည်းနည်း စစ်ကောင်စီကိုသာ တရုတ်က သူတို့ပြောတာ နားမထောင်လို့ တရုတ်က နဂါးမှန်သိအောင် အမောက်ကလေး လှုပ်ပြတာပဲလို့ ယူဆရမှာ ဖြစ်ပါတယ်။ ဒီဟာထက်ပိုပြီး ကျယ်ပြန့်လာစရာတော့ မရှိဘူးလို့ ထင်ပါတယ်။ တရုတ်ကလည်း ဝင်လိမ့်မယ် မဟုတ်ပါဘူး။

မေး ။ ။ အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဌာနက မကြာသေးခင် ရက်ပိုင်းအတွင်းက NUG အပါအဝင်၊ မြန်မာ့အရေးမှာ အဓိက ပတ်သက်တဲ့လူတွေနဲ့ သူတို့တွေ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်။ ဆွေးနွေးမှုတွေမှာ အလားအလာကောင်းတယ်လို့လည်း ပြောပါတယ်။ တခါ NUG ဘက်ကတော့ သူတို့က စစ်ကောင်စီနဲ့ လုံးဝတွေ့ဆုံဆွေးနွေးတာ မဟုတ်ဘူးလို့ ပြောတယ်။ အဲဒီတော့ ဒါက ဘာကြောင့်ပါလဲ။

ဖြေ ။ ။ အင်ဒိုနီးရှားကတော့ သူက အာဆီယံဥက္ကဋ္ဌ သူ့မှာ တာဝန်ရှိတယ်။ သူက သိပ်လုပ်ပြခဲ့ချင်တယ်။ သူလုပ်နိုင်မယ်လို့လည်း ထင်တယ်။ ထင်တိုင်းမပေါက်တော့ သူက အတတ်နိုင်ဆုံး ကြိုးစားတယ်။ ကြိုးစားနေတော့ အကောင်းမြင်စကားနဲ့ ပြောတာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အဓိက NUG က ပယ်ချလိုက်တယ်ဆိုတော့ ဒါက ရှေ့တိုးနိုင်စရာအကြောင်း မရှိပါဘူး။ NUG နဲ့ တိုင်းရင်းသားအင်အားစုတွေကလည်း စစ်ကောင်စီကို မယုံပါဘူး။ စစ်ကောင်စီ မဟုတ်ဘူး၊ မြန်မာနိုင်ငံ စစ်တပ်ကို မယုံပါဘူး။ မြန်မာစစ်တပ်ဟာ ၆၂ အာဏာသိမ်းပြီးကတည်းက ငြိမ်းချမ်းရေးဆိုတာ အကြိမ်ကြိမ် လုပ်လာခဲ့တာ။ တကြိမ်မှ စစ်မှန်သော ဆန္ဒနဲ့ တကယ် ငြိမ်းချမ်းရေး ရစေချင်တာ မဟုတ်ဘူး။ သူတို့က အပေါ်စီးကနေ တဘက်လူကို ချေမှုန်းလိုက်ဖို့ကိုသာ ရည်ရွယ်ချက်ထားခဲ့တာကို လူတိုင်း သဘောပေါက်ကြပါတယ်။ တော်လှန်ရေးကောင်စီ လက်ထက်ကလည်း ငြိမ်းချမ်းရေးခေါ်တယ်။ ငြိမ်းချမ်းရေး ပျက်သွားတော့ ငြိမ်းချမ်းရေး လိုချင်သူတွေကို တပြည်လုံးမှာ လိုက်ဖမ်းပြီးတော့ ထောင်ထဲထည့်တယ်။ အမြဲတမ်း ပျက်ပြယ်ခဲ့ပါတယ်ဆိုတော့ ဘယ်အဖွဲ့အစည်းမဆို အင်အားသာပြီးတော့ စစ်ကောင်စီကို ချေမှုန်းနိုင်တဲ့ အခြေအနေ ရှိမယ်ဆိုရင် စစ်အုပ်ချုပ်ရေးကို အမြစ်ပြတ်ဖယ်ရှားပြစ်ချင်တဲ့ လူတွေကြီးပဲ ဖြစ်လိမ့်မယ် ထင်ပါတယ်။ အခုအခြေအနေက သူတို့ဘက်က ယုံကြည်မှု ပိုရှိလာတဲ့ အခြေအနေပေါ့။ NUG အပါအဝင် အားလုံးက ပြည်သူ့ထောက်ခံမှုကို ဒီစစ်ဆင်ရေးတွေမှာ အရေးသာတဲ့သဘော ဖြစ်လာတယ်။ နိုင်ငံတကာလည်း သူတို့ဘက်မှာ ရှိနေတယ်ဆိုတော့ သူတို့က ယုံကြည်တယ်လို့ မထင်ပါဘူးဆိုတော့ ငြိမ်းချမ်းရေးက အခုလောလောဆယ်မှာတော့ ဖြစ်လာနိုင်လိမ့်အုံးမယ်လို့ ကျနော် မထင်ပါဘူး။

မေး ။ ။ နောက်တခုက ရခိုင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေက ပြန်ဖြစ်လာတယ်။ ဒါက အိမ်နီးချင်းနိုင်ငံတွေကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကို ဘယ်လို ရိုက်ခတ်နိုင်မလဲ။ တရုတ်ကကော ဒီအပေါ် ဘယ်လိုသဘောထား ရှိပါသလဲ။

ဖြေ ။ ။ တရုတ်နဲ့ အိန္ဒိယကတော့ ပိုပြီးတော့ အရေးကြီးတာပေါ့။ ဘင်္ဂလားဒေ့ရှ်ကတော့ နယ်ချင်းဆက်နေပေမဲ့ ရခိုင်ဘက်မှာ သူ့ရဲ့အကျိုးစီးပွား ဒီလောက် မရှိပါဘူး။ နယ်စပ်ကုန်သွယ်ရေးလောက်ပဲ သူတို့ကရှိတာ ဖြစ်ပါတယ်။ သူကတော့ ဒီလောက် အရေးမပါဘူး။ အရေးတကြီးပြောတာ မတွေ့ရဘူး။ အခုပြောတာက အိန္ဒိက ပြောတယ် - ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါ။ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးဆိုတာကို စခဲ့တာကြာပြီ၊ အခုထိ ရှေ့မတိုးနိုင်ဘူး။ တိုက်ပွဲတွေဖြစ်လာတော့ - ဆိုတော့ သူတို့မကြာခဏ ခံရတယ်။ သူတို့လုပ်တဲ့ စီမံကိန်းထဲက သင်္ဘောတွေကိုတောင်မှ AA က ဖမ်းခဲ့တာတွေ ရှိတယ်ဆိုတော့ သူတို့အတွက် စိုးရိမ်စရာရှိတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းပါလိမ့်မယ်။ နောက် တရုတ်ကလည်း သူတို့ဘက်မှာ အကျိုးစီးပွားတွေ အများကြီးရှိတယ်။ အခုကို တရုတ်က ကျင်းစန်းကြော့တို့ဘက်မှာ သူတို့နယ်မှာ လုပ်ထားတဲ့ စီးပွားရေးက ဒေါ်လာ ဘီလီယံနဲ့ချီပြီးတော့ လုပ်ငန်းတွေ၊ စီမံကိန်းတွေ ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးကလည်း နေ့စဉ်သန်းတော်တော်များများ လုပ်နေကြတယ်ဆိုတော့ တရုတ်က ပိုပြီးတော့ အလေးထားပါလိမ့်မယ်။ အခုထိတော့ ပိုက်လိုင်းတို့ ဘာတို့ကို ထိတယ်ဆိုတာတော့ မကြားရသေးပါဘူး။ သို့သော်လဲ တရုတ်ကတော့ အမြဲတမ်း စိုးရိမ်နေမှာပါ။ ကျယ်ပြန့်လာမယ်ဆိုတဲ့ကိစ္စကို။ ဒါပေမဲ့ ဘယ်လောက်ထိ ဟန့်တားနိုင်မလဲ ဆိုတာကတော့ လောလောဆယ်မှာ သူတို့ပေါ်မှာ သူတို့ရဲ့ သြဇာဟာ တိုက်ပွဲဝင်နေတူဲ့လူတွေပေါ်မှာ သိပ်ပြီးတော့ သက်ရောက်မှု ရှိတယ်ဆိုတာကို မတွေ့ရသေးပါဘူး။

မေး ။ ။ ဒီလို အခြေအနေမျိုးမှာ အာဆီယံကရော ကြားဝင်လာနိုင်သလား။ အမေရိကန်ရဲ့ ရပ်တည်ချက်ကရော ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ အာဆီယံကတော့ စောစောကပြောသလိုပါပဲ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား တာဝန်အရှိဆုံးနိုင်ငံက ဒီလိုလုပ်ပါတယ်ဆိုတာကို ပြောတာကို တဘက်က ပယ်ချလိုက်တယ်ဆိုတော့ ဘာမှတော့ လောလောဆယ်မှာ မတတ်နိုင်ပါဘူး။ အခု သူတို့ထုတ်ပြန်တာက ပိတ်မိနေတဲ့ လူတွေအတွက် စိုးရိမ်မကင်း ဖြစ်တယ်ဆိုတာကတော့ - စိုးရိမ်မကင်းကတော့ မြန်မာပြည် အခြေအနေနဲ့ ပတ်သက်ပြီးတော့ တကမ္ဘာလုံးက ဖြစ်နေတာပဲ။ ကုလကစပြီးတော့ အာဆီယံအဆုံး ဒီလိုကြေညာချက်လောက်ပဲ ရှိပါတယ်။ လောလောဆယ်မှာ ဘာမှတတ်နိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။ နောက်တခုက အမေရိကလည်း စိုးရိမ်ပါတယ်။ သူတို့က ဒီကိစ္စမှာ တရုတ်ဘက်ကို အကုန်လုံးပါသွားမှာကို အတော်လေး စိုးရိမ်ပါတယ်။ အမေရိကန်က ကြိုသုံးသပ်သူတွေက သူတို့ ဒါကိုကာကွယ်သင့်တယ်။ အဲဒီအင်အားစုတွေနဲ့ အမေရိကန်က ချဉ်းကပ်သင့်တယ်ဆိုတာမျိုး ပြောလာပါတယ်။ တချိန်တည်းမှာပဲ တရုတ်ကတော့ အမေရိကန်နဲ့ နီးစပ်တဲ့အဖွဲ့ကို သိပ်ယုံကြည်ပုံ မရပါဘူး။ တော်လှန်ရေးအဖွဲ့ တချို့ကိုပေါ့။ ဖြစ်ခြင်းဖြစ်လာရင်တော့ တရုတ်ကလည်း စိုးရိမ်တယ်၊ အမေရိကန်ကလည်း စိုးရိမ်တယ်။ စိုးရိမ်စရာတခု ရှိတာက နှစ်ဘက်စလုံးက စိုးရိမ်နေတဲ့ အခြေအနေတော့ ရှိပေမဲ့ လက်တွေ့မှာ ဘယ်လိုလုပ်လာကြမလဲတော့ ဘာမှမပြောနိုင်သေးပါဘူး။

မေး ။ ။ အဲဒီတော့ ဒီတိုက်ပွဲတွေ ပြီဆုံးသွားနိုင်မယ့် အခြေအနေ အလားအလာက ဘယ်လို ရှိပါသလဲ။

ဖြေ ။ ။ အခုနနဲ့ တဆက်တည်း ပြောချင်ပါတယ်။ တိုက်ပွဲကတော့ ပြီဆုံးသွားမယ့် အလားအလာတော့ မတွေ့ပါဘူး။ မြန်မာနိုင်ငံမှာ တိုက်ပွဲက လွတ်လပ်ရေးရပြီးကတည်းက တိုက်လာတဲ့ တိုက်ပွဲတွေ။ ပြည်တွင်းစစ်က နည်းသွားတယ်၊ ဆုတ်သွားတယ်၊ ပိုပြီးကျယ်ပြန့်လာတယ်ဆိုတာပဲ ဖြစ်ပါတယ်။ အခုက တနိုင်ငံလုံးကို ကျယ်ပြန့်လာတယ်ဆိုပြီးတော့၊ ဆက်လက်ပြီးတော့ ကျယ်ပြန့်လာအုံးမယ် ဖြစ်ပါတယ်။ သို့သော်လဲပဲ ပထမဦးဆုံး ကျနော်တို့ ပြောခဲ့သလိုပဲ တော်လှန်ရေးအင်အားစုတွေအားလုံးက United Central Command တခုတည်းအောက်မှာ တပြိုင်နက်တည်း သိမ်းပိုက်ဖယ်ရှားနိုင်တဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။ ပြောက်ကြားစစ်နဲ့ သူ့နေရာနဲ့သူ အဖွဲ့လိုက် တိုက်နေရတာဖြစ်တော့ သူတို့သိမ်းပိုက်လိုက်တဲ့ နယ်မြေပိုများလာမယ်။ စစ်တပ် ထိန်းချုပ်ရနယ်မြေ ပိုအားနည်းသွားမယ်။ တိုက်ပွဲကတော့ ဆက်လက်ပြီးတော့ ဖြစ်နေမှာပါ။ စိုးရိမ်စရာတခုကတော့ - ကျနော် စိုးရိမ်လွန်တာလည်း ဖြစ်ကောင်းဖြစ်မယ်။ Proxy War တဘက်က အမေရိကန်ကလည်း သူတို့လိုလားတဲ့ လူတွေကို ပိုပြီးအားပေးတာမျိုး၊ ဥပမာ Burma Act တို့ ဖြစ်လာပြီဆိုပြီးတော့ အဲဒီဟာနဲ့ အားပေးတာမျိုး လုပ်လာမယ်။ တရုတ်ကလည်း သူတို့ရဲ့ လူတွေကို အမေရိကန် ဒီဘက်က အားပေးတာတွေ့ရင် သူတို့ကလည်း ဒီဘက်ကနေ ပိုပြီးအားပေးလာရင်တော့ Proxy War တဆင့်ခံစစ်ပွဲပုံစံမျိုး ဖြစ်ကောင်းဖြစ်လာနိုင်မလားဆိုတာ စိုးရိမ်စရာတခု ရှိပါတယ်။ ဒါပေမဲ့လဲ အဲဒါက ကျနော် အစိုးရိမ်လွန်ပြီး ပြောတာဖြစ်ပါလိမ့်မယ်။ တကယ် ဖြစ်လာနိုင်တာကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာ နယ်မြေတွေ ပိုရောက်ရှိပြီးတော့ စစ်ကောင်စီရဲ့ ထိန်းချုပ်နိုင်မှုက ပိုကျူံသွားမယ်ဆိုတာကတော့ တကယ်ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

မမြသဇင်အောင် ။ ။ ကျေးဇူးအများကြီးတင်ပါတယ် ဦးကျော်ဇံသာ။

XS
SM
MD
LG