သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှိန်မြင့်လာတဲ့ ရခိုင်တိုက်ပွဲ ဂယက်


မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဇွန် ၁၉၊ ၂၀၂၄)
မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဇွန် ၁၉၊ ၂၀၂၄)

ရခိုင်ဒေသတွင်းရှိ မြို့နယ်ပေါင်း ထက်ဝက်ကျော်ကို သိမ်းပိုက်ပြီးခဲ့တဲ့ AA အာရက္ခတပ်တော်က အခုအခါမှာ ကျန်မြို့နယ်တွေကိုပါ ဆက်လက်သိမ်းပိုက်ဖို့ လုပ်နေပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွါးအများအပြား ရှိနေပြီး ကျန်အင်အားကြီးနိုင်ငံတွေကပါ စောင့်ကြည့်နေတဲ့ ကျောက်ဖြူကိုရော သိမ်းပိုက်လာနိုင်ခြေ ရှိပါသလား။ ရခိုင်ဒေသ တိုက်ပွဲအရှိန် မြင့်လာတာဟာ ဒေသတွင်းနဲ့ နိုင်ငံတကာကို ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ လက်ရှိ ရခိုင်ဘက်က အခြေအနေတွေကို ကြည့်မယ်ဆိုရင် AA က မောင်တောကို သိမ်းလိုက်မယ်ဆိုရင် ဒီနောက်မှာ ဘာတွေဖြစ်လာနိုင်သလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မမြသဇင်။ မောင်တောကို သိမ်းမည့်အခြေအနေကတော့ တာစူနေပြီ။ မကြာခင်မှာပဲ သိမ်းဖို့ဆိုပြီးတော့ စီစဉ်နေတယ်။ နေရာတော်တော်များလည်း သိမ်းပြီးပြီဖြစ်တယ်။ မောင်တော သိမ်းပြီးတဲ့နောက်မှာလည်း ဆက်ပြီးတော့ တိုက်ပွဲတွေ ဖြစ်နေအုံးမယ်လို့ ထင်ပါတယ်။ တနင်္လာနေ့မနက် သတင်းတွေအရပဲ ရခိုင်ပြည်နယ်အနှံမှာ သံတွဲ၊ တောင်ကုတ်နဲ့ စစ်ဌာနချုပ်ရှိတဲ့ အမ်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုပြီးတော့ သတင်းတွေထွက်တယ်။ နောက်ပြီးတော့ စစ်တွေတောင် ဝင်တိုက်တော့မယ်။ ဒေသခံတွေ ဖယ်ကြဆိုပြီး စစ်ကောင်စီဘက်ကလည်း ညွှန်ကြားချက်တွေ ထုတ်ထားတာကို တွေ့တယ်။ မောင်တောမှာလည်း အလားတူပါပဲ ဝင်သိမ်းဖို့ လုပ်နေတယ်။ နောက်ပိုပြီးတော့ အကဲဆတ်တဲ့နေရာက ကျောက်ဖြူ - အဲဒီနေရာကိုမှပဲ ကျောက်ဖြူနဲ့ ၁၁ မိုင်လောက်ပဲဝေးတဲ့ မင်းတပ်တောင် လမ်းခွဲမှာ တိုက်ပွဲတွေဖြစ်တယ်ဆိုပြီးတော့ ဒေသခံတွေရဲ့အပြောကို ကိုးကားပြီးတော့ ကျနော်တို့ VOA သတင်းထောက်က တနင်္လာနေ့မှာ သတင်းပေးပို့ထားတာကို တွေ့ရပါတယ်ဆိုတော့ တိုက်ပွဲကတော့ ပြီမှာမဟုတ်ပါဘူး။ AA ကတော့ ရခိုင်တပြည်နယ်လုံးကို သိမ်းဖို့အတွက် ရည်ရွယ်ချက်နဲ့ ဆက်လက်လှုပ်ရှားနေတယ်ဆိုတာကတော့ သိပ်ပေါ်လွင်ထင်ရှားတယ်လို့ ပြောရမှာပါ။

မေး ။ ။ ဒါပေမဲ့ စစ်ကောင်စီက တခြားနေရာတွေမှာလည်း တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။ ရခိုင်ဘက်မှာကြတော့ ပုံစံက မတူတာကို တွေ့ရပါတယ်။ အဲဒါ ဘာကွာတာပါလဲ။

ဖြေ ။ ။ ကွာပါတယ်။ တိုက်ပွဲဖြစ်တဲ့ ကျန်တဲ့နေရာတွေကို အကုန်လုံး ကြည့်မယ်ဆိုရင် နယ်စပ်ဒေသတွေ များတယ်။ ရှမ်းမြောက်ဆိုရင် တရုတ်နယ်စပ်မှာ ဖြစ်တယ်။ မြဝတီဆို ထိုင်းနယ်စပ်မှာ ဖြစ်တယ်။ အဲဒီလို နယ်စပ်မှာဖြစ်တိုင်း နယ်စပ်ကို ကျော်လွန်ပြီးတော့ အကျိုးသက်ရောက်မှုတွေ၊ အကျိုးဆက်တွေ ဖြစ်နိုင်တယ်။ Cross-Border Implications အဲဒီလို ဖြစ်လာနိုင်တယ်။ ရခိုင်မှာလည်း ရခိုင်ပြည်နယ် နယ်စပ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ ရှိနေတော့ နယ်စပ်ဖြတ်ပြီးတော့ အကျိုးသက်ရောက်မှု cross border အပြင်၊ ရခိုင်မှာ တရုတ်အကျိုးစီးပွားလည်း ရှိနေတော့ Regional Implications လို့ ခေါ်မှာပေါ့။ နယ်စပ်ဖြတ်တာတင်မကဘူး၊ ဒေသတွင်းပါ အကျိုးစီးပွားနဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်။ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ တရုတ်ကသာ ပြင်းပြင်းထန်ထန် လုပ်လာရင် တရုတ်ရဲ့ ရည်မှန်းချက်ထဲမှာ အိန္ဒိယသမုဒ္ဒရာဘက်ကို ရခိုင်ကဖြတ်ပြီးတော့ ထွက်ဖို့ဆိုတာလည်း ပါတယ်။ အိန္ဒိယသမုဒ္ဒရာ လုံခြုံရေးအတွက် စိုးရိမ်ပြီး ဖွဲ့ထားတဲ့ အမေရိကန် ဦးဆောင်တဲ့ QUAD အဖွဲ့လည်း ရှိပါတယ်။ အိန္ဒိယပါတယ်။ ဗြိတိန်၊ ဂျပန်၊ သြစတြေးလျတို့လည်း ပါတယ်။ ဒီအဖွဲ့တွေလည်း ပတ်သက်လာနိုင်တယ်။ တရုတ်က လုံလုံခြုံခြုံ ဖြစ်လာပြီဆိုရင် International Implications ပါ ဖြစ်လာနိုင်တယ်။ Cross-border, Regional, International နိုင်ငံတကာ ပတ်သတ်မှုပါ ဖြစ်လာနိုင်တယ်။ ဒါကြောင့် ရခိုင်ရဲ့ တိုက်ပွဲဟာ ကျန်ဒေသတွေမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေထက် ပိုပြီးတော့ ထူးခြားတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒီတော့ AA က ကျောက်ဖြူဘက်ကိုကော ဆက်ပြီးတော့ သိမ်းလာနိုင်ပါသလား။ အဲဒီဘက်မှာ တရုတ်ရဲ့ စီမံကိန်းတွေ ရှိပါတယ်။ တရုတ်ရဲ့ သဘောထားက ဘယ်လိုဖြစ်ပါမလဲ။

ဖြေ ။ ။ အဓိကကတော့ ကျောက်ဖြူက အဓိကကျတယ်။ ကျောက်ဖြူ စီမံကိန်းတွေထဲမှာ ပိုက်လိုင်းစီမံကိန်းကတော့ ဆက်လက်ပြီးတော့ အလုပ်ဖြစ်နေတယ်။ ကျောက်ဖြူကနေတဆင့် တရုတ်ပြည်ဘက်ကို ပိုက်လိုင်းကဆက်ပြီးတော့ အလုပ်လုပ်နေတယ်ဆိုပြီးတော့၊ ဒေသခံတွေက ပြောပါတယ်။ ဒါပေမဲ့ တရုတ်ရဲ့နောက် အဓိက စီမံကိန်းက ရေနက်ဆိပ်ကမ်းစီမံကိန်း၊ အဲ့ဒီ စီမံကိန်းက ရပ်ဆိုင်းထားရတယ်လို့ ဆိုပါတယ်။ ဆိုတော့ အဲ့ဒီ စီမံကိန်းက သင်္ဘောတွေ ဆိုက်ကပ်နိုင်ပြီးတော့ အဲ့ဒီ စီမံကိန်းကတဆင့် အိန္ဒိယသမုဒ္ဒရာကို ထွက်နိုင်တဲ့ ရေလမ်းကြောင်း ဖြစ်တယ်။ ဒီကိစ္စက သိပ်အရေးကြီးတယ်။ ဆိုတော့ ဒီကိစ္စကြောင့်လည်းပဲ ကျောက်ဖြူကို ပိတ်မယ်ဆိုရင် သိပ်ပြီးတော့ စဥ်းစားရမယ့်ကိစ္စ ဖြစ်တယ်။ ဥပမာ AA အနေနဲ့ စဥ်းစားကြည့်မယ်ဆိုရင် AA ဟာ အခုချိန်ထိ အင်အားကြီးလာတာဟာ တရုတ်ရဲ့ အကူအညီ သွယ်ဝှိုက်လို့ ဖြစ်စေလို့ လူတွေက သုံးကြတယ်ပေါ့။ တရုတ်ရဲ့ အကူအညီကြောင့် တရုတ်ရဲ့လက်နက်တွေကြောင့် အင်အားကခိုင်မာလာတာ ဖြစ်တယ်။ သို့သော်လည်းပဲ အခုနောက်ဆုံး အခြေအနေမှာတော့ ကျောက်ဖြူကိုသိမ်းမယ် ဆက်ပြီးတိုက်မယ်ဆိုရင်တော့ AA ဟာ တရုတ်လက်နက် မလိုတော့ဘူး။ သူတို့က အင်အားသိပ်ကောင်းနေတယ်လို့ သုံးသပ်သူတွေ ရှိတယ်။ သူတို့ သိမ်းမယ်ဆို သိမ်းနိုင်တယ်။ ကျောက်ဖြူကိုလည်း သိမ်းနိုင်တယ်။

ရခိုင် တပြည်နယ်လုံးကိုလည်း သိမ်းဖို့အတွက် သူတို့ တာဆူနေတယ်။ ဒါပေမဲ့ ကျောက်ဖြူကို သိမ်းမယ့်ကိစ္စမှာ သူတို့အများကြီး စဉ်းစားရမယ်။ အဓိက တရုတ်က ဘယ်လို သဘောထားမလဲ။ တရုတ်ကလည်း စဥ်းစားရမှာပဲ။ တရုတ်အတွက်လည်း ခေါင်းရှုပ်စရာပဲ။ AA သိမ်းတာကို သူတို့ လက်ပိုက်ကြည့်နေရင် သူတို့ စာချုပ်ချုပ်ပြီး လုပ်နေတာဟာ စစ်ကောင်စီနဲ့ တရားဝင်အစိုးရနဲ့ လုပ်နေတာ AA ကတော့ Non-state actor သူနဲ့က အဲ့ဒီလို လုပ်လို့မရဘူး။ ဆိုတော့ တရုတ်ကလည်း ဒါကို စဥ်းစားမယ်။ ဒါဖြင့် AA ကို လုံးဝနှိမ်လိုက်မလားဆိုရင် တရုတ်က စဥ်းစားပြန်ရင်လည်း အဲ့ဒီလို လုပ်လိုက်ရင်လည်းပဲ AA သည် တရုတ်တခုထဲကို အားကိုးဖို့ မလိုဘူး။ စောစောက ပြောခဲ့သလိုပဲ ဒီဒေသကို စိတ်ဝင်စားတာ QUAD အဖွဲ့အပါအဝင် အများကြီး နိုင်ငံတွေက ရှိတယ်။ အဲ့ဒီဘက်ကို တွန်းပို့သလိုလည်းဖြစ်မှာကို တရုတ်က စဥ်းစားမှာပဲ ထည့်သွင်းပြီး။ AA ကော တရုတ်ကော ဒီကိစ္စနဲ့ ပတ်သက်ပြီး အထူးစဥ်းစားနေရတဲ့ကိစ္စ ဖြစ်တယ်။ သိမ်းမယ်ဆိုရင်တော့ သိမ်းလို့ လွယ်လွယ်ကူကူ ဖြစ်ပါလိမ့်မယ်။ သို့ပေမဲ့လဲ အဲဒါတွေကို ချင့်ချိန်းပြီးတော့ စဥ်းစားနေရတယ်လို့ ထင်ပါတယ်။ စစ်ကောင်စီကတော့ တလောတုန်းကတော့ တရုတ်သံအမတ်ကိုလား အဲ့ဒီ့ဒေသကို ခေါ်ပြီးတော့ ပြတယ်။ ဆိုတော့ သတိပေးတာလည်း ဖြစ်ကောင်းဖြစ်မယ်။ တရုတ်ကတော့ အခုထိ ဝင်မစွက်သေးဘူး။ တရုတ်ကတော့ AA နဲ့ စစ်ကောင်စီကို မင်းတို့ ဆွေးနွေးကြ ငြိမ်းချမ်းမှုရတာကို လိုချင်တယ်လို့ ပြောတယ်ဆိုတာကို AA ဘက်က ပြောခွင့်ရက မကြာခဏ ပြောပါတယ်။ ဒါပေမဲ့ မြန်မာ့အရေး အထူးကျွမ်းကျင်တဲ့ Bertil Lintner ဝါရင့်သတင်းစာဆရာကြီးက သုံးသပ်တယ်။ တရုတ်ဟာ AA နဲ့ ဒီကျောက်ဖြူကိစ္စနဲ့ ပတ်သက်ပြီးတော့ AA နဲ့ စစ်ကောင်စီကြားမှာ ဝင်စွက်လာနိုင်တယ်ဆိုပြီးတော့ သူက တော်တော်လေး တိတိကျကျကို ခန့်မှန်းထားတယ်။ A matter of time အချိန်ပိုင်းပဲ စောင့်ကြည့်ရမှာ ဖြစ်တယ်။ စွက်တော့စွက်ဖက်တော့မှာပဲ တရုတ်ကတော့ ဒီကိစ္စမှာ ဝင်စွက်တော့မယ်လို့ သူကတော့ သုံးသပ်တယ်။ ဘယ်လောက်ထိ ဖြစ်လာမလဲ။ ဘယ်ပုံ ဘယ်နည်း ဝင်စွက်မလဲဆိုတာတော့ သူလည်း မခန့်မှန်းထားဘူး။ ကျနော်တို့လည်း ကြိုတင်ခန့်မှန်းရခက်ပါတယ် ဒါကို။

မေး ။ ။ ရခိုင်မှာ တရုတ်ရဲ့စီမံကိန်းတွေအပြင်၊ အိန္ဒိယဘက်က ကုလားတန် စီမံကိန်းတွေလည်း ရှိပါတယ်။ အဲ့ဒီတော့ အိန္ဒိယရဲ့ သဘောထားကကော။

ဖြေ ။ ။ အဲ့ဒါ အိန္ဒိယရဲ့ ကုလားတန် Project ဟာ တရုတ်ရဲ့ ကျောက်ဖြူစီမံကိန်းလိုပါပဲ။ သူတို့လည်း အပြိုင်အဆိုင်ပါပဲ။ ဆိုတော့ ကုလားတန်စီမံကိန်းနဲ့ ပတ်သက်လို့လည်း အိန္ဒိယလည်း အများကြီး စိုးရိမ်မှုရှိတယ်။ အခုလောလောဆယ် လက်ထဲမှာ AA က သိမ်းပိုက်ပြီးသားကို ဖြစ်နေတဲ့ အခြေအနေ အဲ့ဒီ ပလက်ဝဒေသဟာ။ ကျောက်ဖြူက မသိမ်းရသေးဘူးဆိုတော့။ အိန္ဒိယအတွက်က ပိုပြီ စိုးရိမ်စရာရှိတယ်။ AA နဲ့ သူက ထိတွေ့ဆက်ဆံမှ ဖြစ်မယ်ဆိုတော့သဘော။ AA က ကုလားတန်စီမံကိန်းကို ကျနော်တို့က လုံခြုံရေး ပေးထားတယ်ဆိုတာကို ပြောတယ်။ အဲ့တာကြောင့်လည်း ထင်ပါတယ်။ အိန္ဒိယကအထက်လွှတ်တော်အမတ် မီဇိုရမ်က Vanlalvena (မီဇို) ကို သူ့ကို AA နဲ့ သွားတွေ့ခိုင်းတယ်။ AA နဲ့ သွားတွေ့ခိုင်းတယ်ဆိုတာ အိန္ဒိယက မပြောဘူး။ အဲ့ဒီမှာ သူ သွားတွေ့တယ်ဆိုတာကို သတင်းတော့ထွက်တယ်။ အိန္ဒိယအစိုးရကို ကိုယ်စားပြုတယ်လို့ မပြောဘူး။ အိန္ဒိယမှာအခြေစိုက်တဲ့ မြန်မာ့အရေးသုံးသပ်သူ မြန်မာတွေပဲ ကျွမ်းကျင်သူတွေ အမြဲတမ်းစောင့် ကြည့်နေသူတွေက အိန္ဒိယအစိုးရ လွှတ်တာဖြစ်နိုင်တယ်၊ ကုလားတန်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့။ အိန္ဒိယက စစ်ကောင်စီနဲ့ အမြဲတမ်း သင့်မြတ်အောင် နေထိုင်နေတဲ့သူဆိုတော့ တရုတ်လိုလည်း စစ်ကောင်စီကို ဖိအားပေးတဲ့သူ မဟုတ်ဘူး။ စစ်ကောင်စီနဲ့ အကြောင်းအမျိူးမျိူးကြောင့် ဆက်စပ်နေတဲ့သူဆိုတော့ စစ်ကောင်စီ မလိုလားတဲ့ ပြိုင်ဘက်ဖြစ်တဲ့ AA က Non-state actor နဲ့ သူနဲ့ တရားဝင်အစိုးရဖြစ်တဲ့ အိန္ဒိယက သွားတွေ့လိုက်ရင် ငြိုငြင်မှာလည်း သူက စစ်ကောင်စီ ငြိုငြင်မှာကိုလည်း စိုးရိမ်မှာပေါ့လေ။ အဲ့ဒီတော့ လွှတ်တော့လွှတ်တယ် တရားဝင်လို့တော့ သူက မကြေညာဘူး။ သူက သွားတွေ့တယ်၊ ဆွေးနွေးတာလည်း ရှိပါတယ်။ အဲ့ဒီကိစ္စမှာလည်း အိန္ဒိယ သတင်းစာတွေက ရေးကြပါတယ်။ AA နဲ့ ထိတွေ့မဆက်ရင်တော့ ဒီစီမံကိန်း ပျက်မှာပဲ။ အဲဒီတော့ AA နဲ့ ထိတွေ့ဆက်ဆံမှ ဖြစ်မယ်ဆိုပြီးတော့ လုံးဝအကြံပေးတာတွေ တွေ့တယ်။ နောက် Bangladesh သတင်းစာကလည်း ရေးတယ်။ သူတို့က ပေါ်တင်ကိုညွှန်းပြီး ရေးတာပဲ။ အိန္ဒိယဆိုရင် AA နဲ့ ဆက်ဆံနေတာပဲ ဆိုပြီးတော့ ရေးထားတာတွေ့ရပါတယ်။ အိန္ဒိယအတွက်လည်း ကုလားတန်စီမံကိန်းကြောင့် ဘေးကျပ်နံကျပ် ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ရခိုင်ပြည်နယ်ရဲ့ တိုက်ပွဲအခြေအနေဟာ တရုတ်စီမံကိန်း၊ အိန္ဒိယစီမံကိန်းတွေကြောင့် အရှေ့ဘက်က တိုက်ပွဲတွေထက်ပိုပြီး အရေးကြီးတာ ဖြစ်ပါတယ်။

မေး ။ ။ ဟုတ်ပါတယ်။ ရခိုင်အရေးကို ပြောမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကိုလည်း မေ့ထားလို့ မရဘူးထင်ပါတယ်။

ဖြေ ။ ။ မှန်ပါတယ်။ ဒါပေမဲ့ အဓိက Interest နံပါတ်တစ်ကတော့ ဒုက္ခသည်ကိစ္စပေါ့လေ။ ဒီဘက်မှာ တိုက်ပွဲတွေဖြစ်ရင် ဟိုဘက်ကို ဒုက္ခသည်တွေ ရောက်လာမယ်။ သူတို့က ဒုက္ခသည်တွေကို ပြန်ပို့ချင်နေတဲ့အခြေအနေမှာ မောင်တောတို့ ဘူးသီတောင်တို့မှာ တိုက်ပွဲဖြစ်နေတာကြောင့် အဲ့ဒီဘက်ကို ဒုက္ခသည်တွေ ပိုပြီးရောက်လာနိုင်တဲ့ အခြေအနေရှိတယ်ဆိုတာကို အမျိူးမျိူး စိုးရိမ်နေကြတယ်။ အဲ့ဒါက ပြဿနာတခု။ အဲ့ဒါအပြင် တိုက်ပွဲက သူတို့ နယ်ဘက်ကို ပြန့်နှံ့လာတယ်။ ကုန်းတွင်းပိုင်းမှာတော့ သိပ်မရှိဘူး။ ဒါပေမဲ့ စိန်မာတင်ကျွန်းဘက်မှာပေါ့လေ၊ အဲ့ဒီမှာ တိုက်ပွဲတွေ ကျည်ဆံတွေ ကျတယ်ဆိုပြီးတော့ ပြောတယ်။ စိန်မာတင်ကျွန်းဟာ တကယ်တော့ မဟာဗျူဟာအရ သိပ်တော့အရေးပါတဲ့ ကျွန်းတကျွန်းတော့ မဟုတ်ဘူး။ သို့သော်လဲ ဘာပဲပြောပြော သူတို့ရဲ့နယ်မြေ သူတို့ကျော်လွန်မှာ ဖြစ်တယ်။ အဲ့ဒါကို ဘင်္ဂလားဒေ့ရှ် Prothomalo သတင်းစာက Editorial မှာ တနေ့က ရေးထားတာတွေ့ပါတယ်။ ဒီဟာကိုလည်းပဲ ငါတို့ ကြည့်နေလို့မရဘူး။ တုန့်ပြန်ရမှာ ဖြစ်တယ်။ ငါတို့ ပြန်ပြီးတော့ Counter Action လုပ်ရမှာ ဖြစ်တယ်။ Counter Action ဆိုတာက Counter Attack လို့ မပြောပါဘူးဆိုပြီးတော့ သူတို့ဘာသာသူတို့ ဖြေထားတယ်။ ဆိုတော့ များသောအားဖြင့် ဒီတိုက်ပွဲမှာ AAနဲ့ ဆက်ဆံမယ်ဆိုရင် စောစောကလိုပဲ AA ကတော့ Non-state ဆိုတော့ အစိုးရချင်း တိုက်ရိုက်မဟုတ်တောင်မှ အိန္ဒိယကိစ္စကို ညွှန်းပြီးတော့ ငါတို့လည်းပဲ ထိတွေ့ဆက်ဆံဖို့တော့ လိုတယ်ဆိုပြီးတော့ ဒီကိစ္စမှာ ပြောတယ်ဆိုတော့။ အခုလောလောဆယ်မှာတော့ သူတို့က ပြန်တောင်သတိပေးထားတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေကိုသာ ထိခိုက်လာတယ်ဆိုရင်တော့ သူတို့က ပြန်ပြီးလက်တုံ့ပြန်ရမှာ ဖြစ်ပါတယ် ဆိုပြီးတော့ သတိပေးပြောထားတာ ရှိပါတယ်ဆိုတော့ ဘင်္ဂလားဒေ့ရှ်ကိစ္စဟာလည်း တော်တော်အရေးကြီးတဲ့ ကိစ္စပါ။

မေး ။ ။ အခု ရခိုင်ဘက်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ အာဆီယံအဖွဲ့တို့ နောက်နိုင်ငံတကာ အဖွဲ့အစည်းတွေက ကြားဝင်လာနိုင်တဲ့ အခြေအနေ ရှိပါသလား။ နောက် အမေရိကန်ကကော ပါဝင်ပတ်သက်လာနိုင်ပါသလား။

ဖြေ ။ ။ အဓိက အမေရိကန်ကို အရင်ပြောရမယ်ဆိုရင်တော့ စောစောပြောသလိုပဲ တရုတ်က သိပ်ပြီးတော့ လွန်လာပြီး တရုတ်က အပေါ်စီး ဖြစ်သွားနေတယ်ဆိုရင်တော့ အမေရိကန်ဟာလည်း ဝင်လာမှာပဲ။ အမေရိကန်လည်း ပါဝင်ပတ်သက်လာမှာပဲ။ တရုတ်ကိုပဲ ထပ်ပြီးတော့ ကိုးကားပြောရင် Bertil Lintner က ပြောတယ် -- တရုတ်က ဝင်ရောက်စွက်ဖက်တော့မှာပဲ အချိန်ပိုင်းဘဲ လိုတော့တယ် As a matter of fact ဒါကို စောင့်ကြည့်ပေါ့ -- အဲဒီလိုဖြစ်လာရင်တော့ သူက သုံးသပ်တာက အမေရိကန်ကလည်း ပါလာမှာပဲဆိုတော့။ သူရဲ့အပြောကတော့ စစ်အေးတိုက်ပွဲတခုရဲ့ Proxy Conflict စစ်အေးတိုက်ပွဲတခုရဲ့ တဆင့်ခံပဋိပက္ခဟာ Brewing in Myanmar မြန်မာပြည်ထဲမှာ အစပျိုးနေပြီပေါ့လေ - လာဖိုဖြစ်နေပြီဆိုတော့။ ရခိုင်ကိစ္စကို အဓိကထားပြီးတော့ ပြောတယ်လို့ ယူဆပါတယ်။ တကယ်တော့ ဖြစ်နိုင်ပါတယ်။ သူတို့က ကျွမ်းကျင်တဲ့သူက သုံးသပ်တာပေါ့လေ။ အဲ့ဒီကိစ္စကြောင့် တရုတ်က ဒီဘက်မှာ ပါဝင်လာမယ်ဆိုရင် အိန္ဒိယကလည်း ပါဝင်မယ်ဆို‌တော့ အမေရိကကလည်း ဒီကိစ္စကို ထိန်းဖို့အတွက် ပါဝင်လာရင် သူတို့အချင်းချင်းတော့ ထိပ်တိုက်တွေ့မှာ မဟုတ်ဘူး။ Proxy တဆင့်ခံတွေကတဆင့် ပဋိပက္ခတွေ ပြင်းထန်လာနိုင်တယ်။ ဟိုးတုန်းက စစ်အေးတိုက်ပွဲမှာတုန်းကလိုပဲ သူတို့က တဆင့်ခံတွေကတဆင့် မြန်မာနိုင်ငံထဲမှာ အဲဒီလို ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်တာရှိပါတယ်။

အာဆီယံက သိပ်ပြီးတော့ အရေးမပါလှသလိုပဲ။ အာဆီယံကိုတော့ လူတိုင်းက သိပ်အားမကိုးကြပါဘူး။ အာဆီယံကတော့ အတတ်နိုင်ဆုံး ကြိုးစားနေတယ်။ ဒါပေမဲ့ အချင်းချင်းတောင်မှ မညီညွတ်ပါဘူး။ အခု ထိုင်းနိုင်ငံခြားရေးဝန်ကြီးအသစ်က မြန်မာ့ပြဿနာ ဖြေရှင်းရေးဟာ သိပ်အရေးကြီးတယ်။ ဦးစားပေးမယ်လို့ ပြောပါတယ်။ ဘယ်လောက်ထိ ကိုင်တွယ်နိုင်မလဲ အများကြီး သံသယရှိစရာ ကောင်းပါတယ်။ ဘယ်သူမှတော့ သူ့စကားကို အားတက်သရော ထောက်ခံတာတော့ မတွေ့ရသေးပါဘူး။

မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင်၊ အခုလို ဆွေးနွေးပေးတာကို ကျေးဇူးတင်ပါတယ်။
ဖြေ ။ ။ ရပါတယ်။

Forum

XS
SM
MD
LG