သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် နှင့် အမေရိကန်အကူအညီ


မမြသဇင်အောင်နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၄)
မမြသဇင်အောင်နှင့် အယ်ဒီတာဦးကျော်ဇံသာ (အယ်ဒီတာနဲ့ဆွေးနွေးခန်း၊ ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၄)

ရုရှားကျူးကျော်မှုကို ယူကရိန်းဘက်က တန်ပြန်ထိုးစစ်ဆင်နေချိန်မှာပဲ ရုရှားတို့က နယ်မြေတွေ သိမ်းပိုက်အောင်ပွဲခံနေပါတယ်။ ဒါဟာ အမေရိကန် နဲ့ မဟာမိတ်တို့ရဲ့ အကူအညီ မရနိုင်ခဲ့လို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပအကူအညီ အထူးသဖြင့် အမေရိကန်အကူအညီဟာ ယူကရိန်းအတွက် ဘယ်လောက် အရေးကြီးသလဲ။ ရှေ့ဆက် ဘာဖြစ်လာနိုင်သလဲဆိုတာကို ဒီတပတ် အယ်ဒီတာနဲ့ဆွေးနွေးခန်း အစီအစဉ်မှာ ဦးကျော်ဇံသာကို မမြသဇင်အောင် ဆွေးနွေးမေးမြန်းထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာရှင်။ အခုဆိုရင် ယူကရိန်းစစ်ပွဲက (၃) နှစ်ထဲကို ဝင်လာပါပြီ။ အခြေအနေ ဘယ်လိုရှိလဲရှင့်။ ဘယ်ဘက်က နိုင်နေတာလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ယူကရိန်းဘက်က နည်းနည်းအ‌ရေးနိမ့်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ အခု (၃) နှစ်ထဲ ဝင်လာပြီ (၂) နှစ်ထဲရောက်တော့ ယူကရိန်းဘက်ကဘာ စဥ်းစားလာလဲဆိုတော့ Counter Offenses တန်ပြန်ထိုးစစ်ဆင်မယ် ဆိုပြီးတော့ ကျူးကျော်လာတဲ့ ရုရှားတပ်တွေကို တန်ပြန်ထိုးစစ်ဆင်ပြီးတော့၊ သူတို့အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ပထမဆုံး ရုရှားတွေက သူတို့ရဲ့ ယူကရိန်းမြို့ဖြစ်တဲ့ Bakhmut ကို ပြန်သိမ်းသွားခဲ့တယ်။ နောက်မကြာသေးခင် လပိုင်းအတွင်းမှာပဲ Avdiivaka သိမ်းတယ်။ ဆိုတော့ဒါ Landmark victory For Russia ဒါဟာရုရှားတွေအတွက် မှတ်လောက်သားလောက် အောင်ပွဲဖြစ်ပါတယ်။ ဒါကို ယူကရိန်းသမ္မတတို့ဟာလည်း ဝန်ခံကြတယ်။ ဒါကို စစ်အင်အားဖြင့် ယှဥ်မယ်ဆိုရင်လည်း ရုရှားက ယူကရိန်းထက် အများကြီး အင်အားသာပါတယ်။ ရှရှားက အမေရိကန်ပြီးရင် ကမ္ဘာမှာ စစ်အင်အားအကြီးဆုံးနိုင်ငံ ဖြစ်တယ်။ ယူကရိန်းက သူများအကူအညီနဲ့လည်းနေရတာ ဖြစ်ပါတယ်။ စစ်အင်အားဖြင့်လည်း စစ်သားအရေအတွက်ကအစ (Military service) ဝန်ထမ်းတွေ ကြည့်မယ်ဆိုရင်လည်း၊ ယူကရိန်းမှာ (၃) သိန်းကျော်လောက်ရှိရင် ရှရှားမှာ (၈)သိန်းကျော်လောက် ရှိတယ်။ ပစ္စည်း၊ လက်နက်ကိရိယာအားလုံးကို ရှရှားအဘက်ဘက်က သာပါတယ်။ အခုအခါမှာလည်း ရှရှားဘက်က အင်အားတောင့်နေတယ် ပြန်သိမ်းနိုင်တဲ့ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် မအောင်မြင်တဲ့အခြေအနေ ဖြစ်တယ်လို့ဘဲ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ သတင်းတွေထဲမှာတော့ ယူကရိန်းက ရှရှားရဲ့ ဒရုန်းတွေ၊ လေယာဥ်တွေကို ပြန်ပြီးတော့ ပစ်ချနေတာဘဲ မဟုတ်ဘူးလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ဒရုန်းတွေ၊ လေယာဥ်တွေက ကျနော် နားလည်သလောက် ပြောရရင် စစ်ရေးကျွမ်းကျင်လို့တော့ မဟုတ်ပါဘူး။ လေတပ်ဆိုတာကတော့ အောက်က ခြေလျှင်တပ်တွေ၊ အမြှောက်တပ်တွေသွားဖို့၊ လမ်းရှင်းပေးတဲ့ သဘောပေါ့လေ။ Artillery ခေါ်တဲ့ အမြှောက်တပ်က သိပ်ကိုအင်အားကောင်းတဲ့ ရုရှားဘက်က အဲဒါကြောင့်မို့လည်း သူတို့ နယ်မြေတွေတက်တက် သိမ်းထားတာပေါ့။ အဲ့ဒီအပေါ် ကျော်လာတဲ့ လေယာဥ်တို့၊ ဒရုန်းတို့ကိုတော့ ယူကရိန်းဘက်က ပြန်ပစ်နိုင်တာတော့ ရှိတယ်။ သို့ပေမယ့်လည်း Artillery ကိုတော့ တွန်းလှန်နိုင်ခြင်း ရုရှားရဲ့ Artillery ကြည်းတပ် တက်လာတာတွေ ၊ အမြှောက်တပ်တက်လာခြင်းတို့ကို တွန်းလှန်နိုင်ခြင်းမရှိလို့ အခုလို အရေးနိမ့်နေရခြင်း ဖြစ်တယ်။

မေး ။ ။ အမေရိကန်ဘက်ကအခုစစ်ရေး အကူအညီတွေက ရပ်ဆိုင်းသွားတယ်ပေါ့နော်။ အဲ့ဒီတော့ အမေရိကန်က ကတိတွေပေးထားပြီးတော့ ဘာကြောင့် တွန့်ဆုတ်နေရတာပါလဲ။ ပါတီနိုင်ငံရေးကြောင့်လား။

ဖြေ ။ ။ ပါပါတယ်။ ပါတီနိုင်ငံရေးကြောင့်ဆိုရင် ပါတီနိုင်ငံရေးအကြောင်း အဓိကပြောပါမယ်။ ဒီမိုကရက်သမ္မတဂျိုးဘိုင်ဒန်က ကူညီပေးဖို့တောင်မှ အဓိက ကွန်းပရက်မှာ သူတို့ ဥပ‌ဒေတင်သွင်းတယ်။ အဲ့ဒီ့ဥပဒေကို ယခုအခါမှာ နောက်ဆုံးအသုတ်ပေါ့လေ ဘီလီယံ(၅၀)ကျော်ပေးမယ့် ကိစ္စကို ရီပတ်ကလစ်ကန်က ကန့်ကွက်ထားတာကြောင့် ရှေးမတက်နိုင် ဖြစ်နေပါတယ်။ ယူကရိန်းကိုနိုင်ငံ‌ရေးအားဖြင့် ထောက်ခံတယ် သို့သော်လည်းဘဲ သမ္မတဘိုင်ဒန်ရဲ့ တခြားဥပ‌ဒေတွေဖြစ်တဲ့၊ သမ္မတဘိုင်ဒန်ကလည်း နယ်စစ်ကို လူဝင်မှုတင်းကြပ်ရေးမှာ သိပ်ပြီးတော့ တင်းတးင်ကြပ်ကြပ် မဟုတ်ဘူးပေါ့လေ။ ရီပတ်ကလစ်ကန် ဖြစ်ချင်သလို မလုပ်ဘူးသူက၊ မက်ဆီကိုနယ်စစ်မှာ လူဝင်မှုကြီးကြပ်ရေးတို့ စသဖြင့်ပေါ့လေ။ Asylum ကိစ္စ တုန်းက ရီပတ်ကလစ်ကန်တွေ မကျေနပ်ဘူး။ အဲ့ဒါကို မကျေနပ်တာကြောင့် ယူကရိန်းကိုပေးမယ့် ဥပဒေကိုလည်း ကန့်ကွက်တယ်ဆိုပြီးတော့ ကွဲပြီးတော့ ကန့်ကွက်တာပါ။ အဲ့ဒါက Senate အထက်လွှတ်တော်ရဲ့ လူနည်းစု Mitch McConnell က ပြီးခဲ့တဲ့ (၂) ပတ်လောက်က ကျနော် ဖတ်ရတာ ဖြစ်ပါတယ်။ ဒါကနိုင်ငံရေးကိစ္စ၊ ဒါပေမယ့် အဲ့ဒီလောက် သဘောထား မပျော့ပြောင်းဘဲနဲ့ ပိုတင်းမာတဲ့ ရီပတ်ကလစ်ကန်တွေ ရှိတယ်။ အဲ့ ရီပတ်ကလစ်ကန်တွေကတော့ ပေးကိုမပေးသင့်ဘူး။ ဒီကိစ္စမှာ ငါတို့ ပါကိုမပါသင့်ဘူးလို့ ပြောတဲ့ သဘောထား ရှိတယ်။ အဲ့ဒီ ရီပတ်ကလစ်ကန် တွေထဲမှာ ‌‌များသောအားဖြင့် ဒေါ်နယ်ထရန့်ကို ထောက်ခံတဲ့ မဲဆန္ဒနယ်က ရီပတ်ကလစ်ကန်တွေ နောက်ပြီးတော့ သူရဲ့ မဲဆန္ဒနယ်က ပြည်သူတွေကို ဆန္ဒသဘောတရား ကောက်ကြည့်တဲ့အခါမှာ ၆၃ ရာခိုင်နှုန်းက မပေးသင့်ဘူး။ ဒီဟာပေးတာ မှားတယ်ဆိုပြီး ကန့်ကွက်ကြတာ ရှိပါတယ်။ ဒါက ပါတီနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အဖုအထစ်ဖြစ်နေတာ

ဒါ့အပြင် အမေရိကန်သမိုင်းကြောင်းကိုကြည့်ရင် အမေရိကန်ရဲ့ နိုင်ငံခြားရေးဝါဒဟာ သီးခြားအထီးကျန် နေချင်တဲ့ဝါဒ (Isolationist) လို့ ခေါ်ရမှာ ဖြစ်ပါတယ်။ ဆိုတော့ ပထမကမ္ဘာစစ်ပြီးတုန်းကဆိုရင် အမေရိကန်က ဝင်တိုက်ပေးခဲ့တာ အများကြီး။ အဲဒီမှာ Woodrow Wilson ဟာ သိပ်အာဏာကြီးလာပြီးတော့ သူကိုယ်တိုင် နောင်ကို စစ်ပွဲမဖြစ်ရအောင် League of Nations လို့ခေါ်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးကို တည်ထောင်ပေးခဲ့တယ်။ နိုင်ငံတကာက သဘောတူပြီး လက်မှတ်ရေးထိုးကြတယ်။ ဒါပေမယ့် Woodrow Wilson ရဲ့ နိုင်ငံက အဖွဲ့ဝင် ဖြစ်မလာဘူး။ ကွန်ဂရက်က ကန့်ကွက်တယ်။ ငါတို့က သူများနိုင်ငံရေး စိတ်မဝင်စားဘူး။ သီးခြားနေမယ်ဆိုတဲ့ သဘောထားမျိုးရှိတဲ့အတွက် သူတို့ သမိုင်းကြောင်းမှာကိုက (isolationist) အိုင်ဒီယာလေး မသိမသာ ကျန်သေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်တော့ League of Nations ဆိုတာ ကုလသမဂ္ဂရဲ့ ရှေ့ပြေးပေါ့။ ကုလသမဂ္ဂ ပေါ်ပေါက်လာက ဒုတိယကမ္ဘာစစ်ပြီးမှ ပေါ်ပေါက်လာတယ်။ League of Nations က ပထမကမ္ဘာစစ်ပြီးထဲက ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်။ အဲ့လိုသမိုင်းကြောင်းနဲ့ အစဥ်လာတွေလည်း စိတ်ထဲမှာ ရှိနေသေးတယ်လို့ ထင်ပါတယ်။ ဒါကြောင့် အမေရိကန်ရဲ့ အကူအညီက နှောင့်နှေးနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ ဥရောပကတော့ ဘယ်လိုအကူအညီတွေ ဆက်ပေးနေသေးပါလဲ။ နောက်ပြီးတော့ ဥရောပက အကူအညီကကော ယူကရိန်းအတွက် ဘယ်လောက် အရေးပါပါသလဲ။

ဖြေ ။ ။ အရေးပါပါတယ်။ အမေရိကန်ပြီးရင် ဥရောပပေါ့။ ဥရောပက အမေရိကန်လောက်တော့ မပေးနိုင်ဘူး။ အခု ဥရောပက အကူအညီလည်းပဲ နှောင့်နှေးနေတယ်။ စောစောက ... ကျသွားပြီးတော့ နောက်မှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောတယ် သူတို့ရဲ့ အကူအညီတွေ နှောင့်နှေးခဲ့လို့ ငါတို့ဘက်က ထိခိုက်ခဲ့ရတာ ဖြစ်တယ်လို့ ပြောတယ်။ နောက်သူ့ကို သူပြောတဲ့ စကားပြောရရင် သူ့ကို ပြီးခဲ့တဲ့ညီလာခံမှာ European တွေက မေးတယ်။ ဒီစစ်ပွဲပြီးဖို့ အခြေအနေ အလားအလာ ဒီကိစ္စကို ကျနော့်ကို မမေးနဲ့၊ ခင်များတို့ဘာသာ ခင်များတို့ ပြန်မေး။ ခင်များတို့ ဘယ်လောက်တောင် ကူညီပေးနိုင်သလဲ။ ဘယ်လောက် မြန်မြန်ဆန်ဆန် ပေးနိုင်သလဲဆိုတဲ့ပေါ်မှာ မူတည်တယ်။ ခင်များတို့က ယူကရိန်းကို ကူညီနေရတဲ့ဟာက Charity မဟုတ်ဘူး။ သနားဂရုဏာသက်လို့ အလှူပေးနိုင်တယ် မမှတ်နဲ့။ ခင်များတို့နိုင်ငံ ခင်များတို့ လွတ်လပ်ခွင့်ကို ရှေးတန်းက ကျုပ်တို့က ကာကွယ်ပြီး တိုက်နေရတာ။ ယူကရိန်းပြီးရင် ရုရှားက ဆက်ပြီးတော့ ဥရောပအန္တရာယ် ဖြစ်လာနိုင်တယ်ဆိုပြီးတော့ ပြောသွားတာ ဖြစ်တယ်။ အခုကိစ္စမှာ ဥရောပကလည်းပဲ ဆက်ပြီးတော့ မပေးနိုင် ဖြစ်နေတယ်။ အမေရိကန် ပေးနိုင်တဲ့ တဝက်လောက်တောင်မှ မရှိတရှိပါပဲ။ ဒါပေမယ့်လည်း သူတို့က နှောင့်နေတယ်။ သူတို့ နှောင့်နှေးတဲ့ အကြောင်းအရင်းကတော့ သူတို့ဆီမှာ ခွဲတမ်းချထားတယ်။ ဥရောပသမဂ္ဂနိုင်ငံတွေမှာ စီးပွားရေး ဘာညာ ပူးပေါင်းဆောင်ရွက်ကြတဲ့ ဥပ‌‌ဒေကိစ္စမှာ စစ်ရေးဟာ သူ့ National Affairs သာဖြစ်တယ်၊ စစ်ရေးနဲ့ပက်သက်ပြီးတော့။ စစ်ရေးမှာ သဘောတူမှုမရှိဘူး NATO မှာ ရှိတယ်။ စစ်ရေးမှာ ဥရောပသမဂ္ဂအနေနဲ့ မရှိဘူး။ ဆိုတော့ ဥရောပသမဂ္ဂတွေမှာ သူတို့နိုင်ငံရဲ့ တိုင်းပြည် ဘဏ္ဍာရေး အချိုးအစား လိုက်ပေးရတယ်။ ဂျာမနီက ဘဏ္ဍာရေး အတောင့်တင်းဆုံးမို့ သူတို့အများဆုံး ပေးရတယ်။ အဲ့ကိစ္စမှာလည်း နည်းနည်း မကျေမလည်ဖြစ်တယ်။ သူနဲ့ ငါနဲ့ ကြားဆိုပြီး ကိစ္စရှိတယ်လို့ သိရပါတယ်။ နောက်တချက်ကလည်း အမေရိကန်‌ နှောင့်နှေးနေတဲ့ကိစ္စ။ အမေရိကန်မှာ နောက်ပိုင်းမှာ ဘာတွေဖြစ်လာမလဲဆိုပြီး သူတို့ စောင့်ကြည့်ချင်တဲ့သဘောလည်း ဖြစ်မယ်။ အဲ့ဒီဟာလည်း ပါမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဒီမှာ အမေရိကန်ရဲ့ ယူကရိန်း‌‌ပေါ်သဘောထားက ဥရောပနိုင်ငံတွေနဲ့ ဘာကွာလို့ပါလဲ။

ဖြေ ။ ။ ဥရောပက ပိုအရေးကြီးတယ်။ အစထဲက ဥရောပဟာ ကမ္ဘာစစ်ဖြစ်ရင်၊ ဥရောပမှာပဲ ဖြစ်မယ်လေ။ အခုရုရှားနဲ့ စစ်ဖြစ်ရင်လည်း ဥရောပမှာပဲ ဖြစ်မှာ။ အမေရိကန်က သမုဒ္ဒရာကြီး ခြားထားတာ။ ရောက်လာမှာ မဟုတ်ဘူး။ ဆိုတော့ ဥရောပမှာ စစ်ဖြစ်တိုင်း အစမှာ အမေရိကန်က တက်တက်ကြွကြွ မပါခဲ့ဘူး။ ဒုတိယကမ္ဘာစစ်... Pearl Harbor ဖြစ်လာမှ သူတို့ ပါခဲ့တယ်။ များသောအားဖြင့် ဥရောပက ပိုခံရတယ်။ ဥရောပနဲ့ အမေရိကန် ကွာတာက ဓနအင်အားခြင်း ကွာတယ်။ နောက်ပြီးတော့ စစ်ရဲတဲ့ဒဏ်ကို ပထမဦးဆုံး ထိတွေ့ကြုံတွေ့ရမယ့် အနေအထားမှာ အမေရိကန်က နည်းနည်းရှောင်နေလို့ရတဲ့ အနေအထားမျိုး ရှိတယ်။ ဥရောပက ခံရမယ်။ သို့သော် အမေရိကန်ဟာလည်း ဥရောပဟာ အမေရိကန်အတွက် သိပ်အရေးကြီးတယ် ဘာကြောင့်လဲဆိုတော့ အမေရိကန်ရဲ့ Prosperty ချမ်းသားကြွယ်ဝမှုဟာ ဥရောပရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ဆက်နွယ်နေတယ်။ ဥရောပ ချွတ်ခြုံကျရင် အမေရိကန်လည်း ချွတ်ခြုံကျ သွားမှာဘဲ။ ဒါကြောင့် ဒုတိယကမ္ဘာစစ်ပြီးတဲ့အခါမှာ ဥရောပ ချွတ်ခြုံကျပြီးတော့ နလန်မထူနိုင် ဖြစ်နေတဲ့အခါမှာ မာရှယ်ပလန်တို့ ဘာတို့ စီမံကိန်းတွေ လုပ်ပြီးတော့ အမေရိကန်က ဥရောပ နံလန်ထူနိုင်ရေးကို လုပ်ပေးခဲ့ရတာ ဖြစ်တယ်။ ဆိုတော့ အဲ့ဒီ့နှစ်ခုတော့ ဆက်စပ်နေပါတယ်။ သို့သော်လဲ စစ်ဒဏ်ကို တိုက်ရိုက်ခံရတာတော့ ဥရောပက ပိုပြီးတော့ ခံရတယ် ဒါ့ကြောင့် ဥရောပကပိုပြီး စိုးရိမ်သင့်တယ်လို့ ယူဆကြပါတယ်။

မေး ။ ။ ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့က အမေရိကန်တွေနဲ့ အနောက်နိုင်ငံတွေပေါ်မှာ လုံးဝမူတည်နေတယ်ဆိုတဲ့ သဘော ပါသလား။

ဖြေ ။ ။ ပြောနိုင်ပါတယ်။ ယူကရိန်းဟာ ရှရှားကို ဘယ်လိုမှ စစ်အင်အားဖြင့် မမှီနိုင်ပါဘူး။ အဲ့ဒါကြောင့်နဲ့ပဲ အဓိကဒီလိုဖြစ်တာ။ နောက်ပြီး ရုရှားကလည်း ယူကရိန်းကို ဝင်တိုက်ရတဲ့ အကြောင်းအရင်းပေါ့လေ ၂၀၁၄ Crimean ဘာညာဖြစ်ကာ၊ သူတို့ဟာ ယူကရိန်းဟာ အနောက်နဲ့ သိပ်နီးစပ်သွားမယ်၊ တကယ်တော့ ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်သွားတဲ့ ပြည်နယ်တွေ၊ သမ္မတနိုင်ငံ သီးခြားဖြစ်လာတဲ့ဟာတွေ တကယ်တော့ အဲ့နိုင်ငံတော်တော်များများဟာ ရုရှားနဲ့ ဆက်ဆံရေးမပျက်ဘူး၊ ချစ်ချစ်ခင်ခင်နေတယ်။ ယူကရိန်းကြတော့ တချို့က အနောက်ဘက်ကို ယိမ်းလာပြီးတော့၊ ဥရောပသမဂ္ဂ ဝင်မလိုလို၊ နေတိုး ဝင်မလိုလို အဲ့ဒီလိုကိစ္စမျိုး ဖြစ်လာတဲ့အတွက်ကြောင့် စပြီးတော့ ယူကရိန်းကို အဲ့ဒီလို မဖြစ်အောင် ဟန့်တားချင်တဲ့သဘောနဲ့ စလာတယ်လို့ သုံးသပ်ကြတာ ဖြစ်ပါတယ်။ ဆိုတော့ ဒါဟာ ဆက်တော့ဆက်စပ်နေတယ်ပေါ့လေ။

မေး ။ ။ တကယ်လို့များပေါ့လေ ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲမှာ ‌ဒေါ်နယ်ထရမ့်က တကျော့ပြန် အနိုင်ရခဲ့မယ်ဆိုရင် ယူကရိန်းပေါ်မှာ အမေရိကန်ရဲ့ သဘောထား မူဝါဒတွေက ပြောင်းသွားနိုင်မှာလား။

ဖြေ ။ ။ ‌ဒေါ်နယ်ထရမ့်က ဘာပြောလဲဆိုတော့ ၂၄ နာရီအတွင်းမှာ သူတို့ ရပ်ပစ်လိုက်မယ်တဲ့။ အပြောကတော့ ဟုတ်နေတာပဲ။ ဒါပေမယ့် နိုင်ငံရေးမှာ ရွေးကောက်ပွဲမတိုင်ခင် ပေးတဲ့ ကတိပေါ့လေ။ Election promise နဲ့ တကယ်လက်တွေ့ အာဏာရှိလာတဲ့အခါ၊ လုပ်တတ်တာနဲ့တော့ ကွာတတ်ပါတယ်။ အဲ့ဒါ နဲ့ ထပ်တူမကျပါဘူး။ ဒါပေမယ့် ‌ဒေါ်နယ်ထရမ့်က သူက တစ်နည်းနည်းနဲ့ ကြိုးစားမှာ။ ရုရှားနဲ့ ပူတင်နဲ့ အသင့်အတင့်လည်း ဆက်ဆံဖို့ ကြိုးစားတဲ့လူ ဖြစ်တယ်ဆိုတော့ အဲ့ဒီလိုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တချို့ ကလည်း အဲ့ဒီလို မဖြစ်နိုင်ဘူးလို့ ပြောနေပါတယ်။ တချို့ကလည်း ဘယ်လို သုံးသပ်လဲဆိုတော့ ယူကရိန်း ဗိုလ်ချုပ်ကြီး တယောက်သုံးသပ်တာ ကျနော် ကြားလိုက်တယ်။ ‌ဒေါ်နယ်ထရမ့် အာဏာပြန်ရတော့မှာ သေချာလာရင် ရုရှားက ပိုပြီးတော့ စစ်ရေးကို အရှိန်မြှင့်ပြီးတော့ ပိုသိမ်းမယ်။ တကယ်လို့ စေ့စပ်မယ်ဆိုရင် သူက အပေါ်စီးရနေမှာပေါ့လေ။ ‌ဒေါ်နယ်ထရမ့်က ရပ်ကြတော့ဆို သူက အပေါ်စီးကနေ စေ့စပ်နိုင်တဲ့ အနေအထား ဖြစ်အောင်လုပ်လိမ့်မယ်ဆိုပြီးတော့ ပြောနေကြပါတယ်။ တကယ်ဖြစ်လာမယ် မဖြစ်နိုင်ဘူးတော့ မပြောနိုင်သေးဘူး။ သို့ပေမယ့် ‌ဒေါ်နယ်ထရမ့်ကတော့ ‌စစ်ပွဲကို ကန့်ကွက်နေတာ ဖြစ်တယ်။ ဒီ Issue ပင်လျှင် ရွေးကောက်ပွဲအတွက် အဓိက Issue တခုလည်း ဖြစ်လာနိုင်တယ်။ အမေရိကန်ပြည်သူတွေရဲ့ Tax payer money အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံနဲ့ ထောက်ပံ့နေရတာကို အဲ့ဒါကို တချို့လူတွေက မပေးသင့်ဘူး ဘာညာ အဲဒီလိုမျိုးထင်တဲ့ သဘောရှိတယ်ဆိုတော့၊ နောက်‌ ဒေါ် နယ်ထရမ့်က သူတက်လာမယ် Let’s make American great again ဆိုပြီးတော့ ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်မယ်ဆိုပြီးတော့ သူက ကြွေးကြော်နေတယ်။ ပြောင်းလဲသွားနိုင်ပါတယ်။ အခြေအနေကတော့။ အဲဒီဟာက စစ်ပွဲရပ်စဲဖို့အတွက် သူဟာ ကြိုစားကောင်း ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် အရှုံးအနိုင်က ဘယ်ဘက်က အပေါ်စီးရသွားမလဲဆိုပြီးတော့ သိပ်စဥ်းစားစရာပါဘဲ။ ရှရှားဘက်က အပေါ်စီးနဲ့ ဆုံးဖြတ်နိုင်တဲ့သဘော ဖြစ်ပါလိမ့်မယ်။

မေး ။ ။ ပြောင်းလဲသွားနိုင်တယ်ဆိုတာ ရှေ့မတိုးနောက်မဆုတ် အခြေအနေတွေကနေ ရုတ်တရက် ပြောင်းလဲသွားတဲ့ အနေအထား ဖြစ်နိုင်တာပါလား။ အဲ့ဒီလိုဖြစ်ဖို့ဆိုရင် ဘယ်အချက်တွေပေါ်မှာ မူတည်တာပါသလဲ။

ဖြေ ။ ။ ဒီဟာကို စဥ်းစားကြဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကတော့ ပြောနေကြတာပါဘဲ။ ပုပ်ရဟန်းမင်းကြီးတောင် မနေ့ကလား၊ ဒီနေ့လား ပြောသေးတယ်မှတ်လား။ ဒီဟာကို ငြိမ်းချမ်းစွာ ဖြေရှင်းရမှာ။ ဒါပေမယ့် ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နေရာမှာ တန်းတူအခြေအနေနဲ့ ဖြေရှင်းနိုင်မလား ဒီဟာကို သိဖို့ကတော့ သိပ်ခက်ခဲပါတယ်။ ‌ဒေါ်နယ်ထရမ့် တက်လာပြီးတော့ ပူတင်နဲ့ အပေးအယူလုပ်ပြီး၊ သူတို့ ရပ်လိုက်တယ်ဆိုသည့်တိုင်အောင် ဒီ ပဋိပက္ခက ငြိမ်းသွားမှာ မဟုတ်ဘူး။ အမြဲတမ်း ဆက်လက်ပြီးတော့ မကျေနပ်မှုတွေက ရှိနေကြမှာဘဲ။ တချို့ကလည်း သုံးသပ်ကြတယ် အမေရိကန်က ဘာမှမလုပ်ဘဲနဲ့ အလျှော့ပေးပြီးတော့ ရုရှားကို အသာပေးလိုက်ပြီးတော့ ဆုံးဖြတ်ခွင့်ပေးလိုက်တယ်ဆိုရင်လည်း တရုတ်က တစခန်းထလာလိမ့်မယ်တဲ့။ သူတို့က ထိုင်ဝမ်အရှေ့ဘက်မှာက ဒီကိစ္စနဲ့ ပက်သက်ပြီး သူတို့က ပိုပြီး ရောင့်တက်လာပြီး ထင်ရာလုပ်လာလိမ့်မယ်ဆိုပြီး ပြောနေကြတာ ရှိပါတယ်။ သမိုင်းဆိုတာကတော့ ကြိုတင်ပြီး ခန့်မှန်းဖို့ ခက်ပါတယ်။ အနာဂတ်ဆိုတာ မြင်ရခက်တယ်။ အတိတ်ကသာ ကျနော်တို့ မြင်ရတယ်။ အတိတ်က အနောက်မှာ ရှိတယ်ဆိုပေမယ့် အတိတ်ကို ကျနော်တို့ မြင်ရတယ်။ အနာဂတ်ကို ကျနော်တို့ မမြင်နိုင်ပါဘူး။

မမြသဇင်အောင် ။ ။ အခုလိုဆွေးနွေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်၊ ဦးကျော်ဇံသာ။

ဦးကျော်ဇံသာ ။ ။ ရပါတယ် မမြသဇင်။

Forum

XS
SM
MD
LG