သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အညွှန်းကိန်း သတ်မှတ်ချက် သက်ရောက်မှု ရှိသလား


အညွှန်းကိန်း သတ်မှတ်ချက် သက်ရောက်မှု ရှိသလား
please wait

No media source currently available

0:00 0:12:28 0:00

အညွှန်းကိန်း အဆင့်သတ်မှတ်ချက်တွေ ထုတ်နေတာက လက်တွေ့ အကျိုးရှိနိုင်ပါသလား။ အညွှန်းကိန်းတွေကို ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လို အသုံးချနိုင်ပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင် ဆွေးနွေးမေးမြန်းထားပါတယ်။

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ မေလထဲ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံပေါင်း ၁၈၀ ရဲ့ ၂၀၂၂ ခုနှစ် သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းမှာ မြန်မာနိုင်ငံက ၁၇၆ နဲ့ ၂၀၂၃ ညွန်းကိန်းမှာ အဆင့်၁၇၃ ချိတ်ပါတယ်။ အလားတူ ၂၀၂၂ ဆင်းရဲဒုက္ခအညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၅၇ နိုင်ငံမှာ မြန်မာနိုင်ငံက အဆင့် ၃၉ မှာ ရှိပါတယ်။ ဒီလို အညွှန်းကိန်း အဆင့်သတ်မှတ်ချက်တွေ ထုတ်နေတာက လက်တွေ့ အကျိုးရှိနိုင်ပါသလား။ အညွှန်းကိန်းတွေကို ပြုပြင်ပြောင်းလဲရေးမှာ ဘယ်လို အသုံးချနိုင်ပါသလဲ။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင် ဆွေးနွေးမေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးတင်မောင်သန်းရှင်။ ပြီးခဲ့တဲ့မေလထဲမှာ နယ်စီးမခြား သတင်းထောက်များအဖွဲ့ကနေ ၂၀၂၂ ခုနှစ်အတွက် သတင်းလွတ်လပ်ခွင့်အညွှန်းကိန်း အတိုင်းအတာတွေကို ထုတ်တဲ့နေရာမှာ နိုင်ငံ ၁၈၀ မှာ မြန်မာနိုင်ငံက ၁၇၆ ချိတ်ပါတယ်။ အလားတူပဲ Hungry Misery Index - ဆင်းရဲဒုက္ခ တိုင်းတာမှုပေါ်မှာလည်း မြန်မာက ၁၅၇ မှာ ၃၉ ချိတ်ပါတယ်။ အဲဒီတော့ ဒီလို နိုင်ငံရဲ့ အညွှန်းကိန်းတွေ၊ သတ်မှတ်ချက်တွေ၊ တိုင်းတာတွေကို ထုတ်နေတာဟာ လက်တွေ့မှာ အကျိုးရှိတယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ကျနော်တို့ အဲဒီအညွှန်းကိန်း၊ အဆင့်တွေကို ထုတ်ပြန်တဲ့အဖွဲ့ရဲ့ ရည်ရွယ်ချက်ကို ကြည့်ရမှာပေါ့။ များသောအားဖြင့် ဒီလို တိုင်းတာကြတယ်ဆိုတာက အဲဒီနိုင်ငံတွေမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့အတွက် အထောက်အကူပြုအောင်ဆိုတဲ့သဘော။ အကျိုးရှိမရှိဆိုတာကတော့ အဲဒီနိုင်ငံရဲ့ မူဝါဒ ရည်မှန်းချက်တွေပေါ် မူတည်မယ်။ ပြီးရင် အဲဒီကာလ အစိုးရရဲ့ သဘောထားပေါ် မူတည်မယ်။ ပြီးရင် ကျနော်တို့ အကျိုးရှိလား၊ မရှိလားဆိုတာကတော့ ကြည့်တဲ့သူရဲ့ သတ်မှတ်ချက်ပေါ် မူတည်တာပေါ့။ ဒီအထဲမှာ ပါဝင်ပတ်သက်တဲ့ လူတွေအားလုံးပေါ် သက်ရောက်မှု မရှိဘူးဆိုရင်တောင် အစိတ်အပိုင်းတချို့ပေါ် သက်ရောက်မှု ရှိမယ်လို့ ကျနော် ထင်တယ်။ ဥပမာ အစိုးရဆိုရင်တော့ အစိုးရထဲမှာ လက်ရှိအာဏာရထားတဲ့ လူရှိမယ်။ ပြီးတော့ လက်ရှိ အာဏာရထားတဲ့ လူတွေထဲမှာ ပြုပြင်ပြောင်းလဲရေး လုပ်ချင်တဲ့လူ ရှိတယ်။ မလုပ်ချင်တဲ့လူ ရှိတယ်ဆိုရင် ဒီလိုအညွှန်းကိန်းတွေက ပြုပြင်ပြောင်းလဲရေး လုပ်ချင်တဲ့လူတွေအတွက်တော့ တနည်းတဖုံ သူသုံးဖို့အတွက် အကျိုးရှိတယ်။ တပြိုင်တည်းမှာပဲ လွှတ်တော်ထဲမှာ ရှိတယ်။ လွှတ်တော်က အစိုးရကို စောင့်ကြပ်ကြည့်ရှုနေရတယ်။ အဲဒီတော့ အစိုးရနဲ့ လွှတ်တော်ကြားထဲမှာ နိုင်ငံရေးပါတီ။ တခါတလေ လွှတ်တော်မှာ အများစုရတဲ့ပါတီ ဖြစ်ချင်ဖြစ်မယ်။ ညွှန့်ပေါင်း ဖြစ်ချင်ဖြစ်တယ်။ အဲဒီလို ဝေဖန်ဖို့အတွက်၊ သုံးသပ်ဖို့အတွက် အခြေအနေကြည့်ဖို့အတွက်လည်း အကျိုးရှိတတ်တယ်။

တခါ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ မီဒီယာ။ များသောအားဖြင့်တော့ အကျိုးရှိတတ်တာများတယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ ဒီတော့ ဒီလို တိုင်းတာမှုအညွှန်းကိန်းတွေက မြန်မာနိုင်ငံအတွက်ကော သက်ရောက်မှု ရှိမယ်လို့ ထင်သလား ဆရာ။

ဖြေ ။ ။ တချို့အညွှန်းကိန်းတွေက မြန်မာနိုင်ငံအတွက် သက်ရောက်မှု ရှိခဲ့တယ်။ လက်ရှိ စစ်ကောင်စီပေါ်မှာ သက်ရောက်သလား၊ မသက်ရောက်ဘူးလား ဆိုတာကတော့ မပြောတတ်ဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လက်ရှိအနေအထားအရ သူက နိုင်ငံရေးတိုက်ပွဲတခုလို မြင်နေတဲ့အတွက်ကြောင့်မို့ ဒါတွေက သူ့ကို တိုက်ခိုက်ဖို့အတွက် နိုင်ငံကြီးတွေက လုပ်နေကြတဲ့ အစီအစဉ်တွေအဖြစ်နဲ့ ရှုမြင်ကောင်းရှုမြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒါကို ဖွံ့ဖြိုးတိုးတက်ရေးထောင့်ကနေ ရှုမြင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ တိုင်းတာမှုအတိုင်းကိုတော့ မကြည့်ဘူး။ ဆိုလိုတာက အဲဒီအချိန်မှာ တက်လာတဲ့ အစိုးရက စိတ်ဝင်စားမှု၊ တက်လာတဲ့ အစိုးရဆိုတာတောင်မှပဲ အစိုးရတဖွဲ့လုံးအနေနဲ့ လူတိုင်းက စိတ်ဝင်စားချင်မှ စိတ်ဝင်စားမယ်။ သက်ဆိုင်ရာဌာနတခုရဲ့ ဝန်ကြီး။ သူ့ရဲ့တာဝန်အရ စိတ်ဝင်စားတဲ့အပေါ်မှာ မူတည်တတ်တယ်လို့ ကျနော် ထင်တယ်။

မေး ။ ။ ဘယ်လိုတိုင်းတာမှုမျိုးကို အလေးထားခဲ့တာ ရှိပါသလဲ။

ဖြေ ။ ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာတော့ အထူးသဖြင့် ကျနော်တို့ ကြည့်ခဲ့တာက Doing business လုပ်ငန်း လုပ်သာကိုင်သာ ပတ်ဝန်းကျင် ကမ္ဘာ့ဘဏ်က တိုင်းတာတာက ကြည့်ခဲ့ရှုခဲ့ လုပ်ကိုင်ခဲ့တာတွေ တွေ့ရတယ်။ အဲဒီအချိန်တုန်းကဆိုရင် ကျနော်တို့ သမ္မတရုံးကနေမှ ကမ္ဘာ့အစီရင်ခံစာထွက်ပြီး၊ ချက်ချင်းပဲ နောက်နှစ်ရက်လောက်အကြာမှာ အစည်းအဝေးကိုခေါ်တယ်။ နောက်နှစ်ရက်လောက်မှာ ကျင်းပတယ်။ ကျင်းပပြီးတော့ သက်ဆိုင်ရာဌာနတွေထဲမှာ တိုင်းတာချက်ထဲမှာပါတဲ့ လုပ်ငန်းတွေနဲ့ နွယ်နေတဲ့ဌာနတွေက ဘယ်လိုပြုပြင်ပြောင်းလဲရေး လုပ်ကြမလဲဆိုတာကို လုပ်ကြတယ်။ နောက်ပြီးတော့ တောက်လျှောက်ဆက်ပြီးတော့ လတိုင်းမှာ အစည်းအဝေး ကျင်းပသွားတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် လုပ်ငန်းလုပ်သာကိုင်သာ လုပ်ပိုင်ခွင့်။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ ဒီ Measurement က တကယ့်ဖွံ့ဖြိုးတိုးတက်မှုဘက်ကို မသွားဘူးဆိုပြီးတော့ ပြန်လည်ဝေဖန်သုံးသပ်ချက်တွေ ရှိတာကြောင့်မို့ ကမ္ဘာ့ဘဏ်က ၂၀၁၇ ခုနှစ်မှာ ရပ်ပစ်လိုက်တယ်။ ဒါပေမဲ့ မကြာခင်မှာ တိုင်းတာချက်တခု အသစ်တခုနဲ့ ပြန်ပြီးထွက်လာနိုင်မယ့် နိုင်ငံတွေကို ကြည့်အုံးမယ်ဆိုပြီးတော့ ဖတ်ရတယ်။

မေး ။ ။ နောက်တခုက မီဒီယာလွတ်လပ်ခွင့်ကို အဖြေလျှော့တဲ့အခါမှာ ဒီလိုတိုင်းတာမှုတွေကို အသုံးပြုခဲ့ပါသလား။

ဖြေ ။ ။ ကျနော် စကားပြောမိသလောက်ထိတော့ အသုံးပြုခဲ့တယ်လို့ မထင်ဘူး။ ဒါပေမဲ့လို့ မီဒီယာကို လွတ်လပ်အောင်လို့ ဘာတွေလုပ်မယ်။ ဘယ်ဥပဒေတွေကို ဖြေလျှော့မယ်။ ဥပဒေတွေကို ဘယ်လို အစားထိုးမလဲ။ နောက်ပြီးတော့ စာပေစီစစ်ရေးကစပြီးတော့ ဖျက်သိမ်းဖို့အထိ နောက်ဆုံးလျှော့သွားဖို့၊ ဖျက်သိမ်းဖို့အထိ ကျနော်တို့ စီမံခန့်ခွဲခဲ့တာတွေတော့ ရှိတယ်။

မေး ။ ။ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ကော ဒီလိုတိုင်းတာချက်တွေနဲ့ ဆောင်ရွက်ခဲ့တာ ရှိပါသလား။

ဖြေ ။ ။ တိုင်းတာချက်နဲ့ ဆောင်ရွက်တယ်လို့တော့ မကြားဖူးဘူး။ ဒါပေမဲ့လို့ တရားဥပဒေ စိုးမိုးရေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပင်မမူဝါဒ ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် အဲဒီအစိုးရလက်ထက်မှာ တရားဥပဒေ စိုးမိုးရေးကို အဓိကထားပြီး ဆောင်ရွက်တဲ့အခါမှာ ဒီလိုပြုပြင်ပြောင်းလဲချင်တယ်ဆိုရင် ကျနော်တို့ အကူအညီပေးတဲ့ အဖွဲ့အစည်းတွေက အစီအစဉ်တွေ လုပ်လာတယ်။ ဥပမာ USAID ဆိုရင်၊ Rule of Law Program ဆိုပြီးတော့ လုပ်လာတယ်။ ကျနော် မှတ်မိသလောက်ဆိုရင် လားရှိုးဆိုရင် Rule of Law Center ဆိုပြီးတော့ Center တခု ဖွင့်တယ်။ ဖွင့်ပြီးတော့ တရားဥပဒေနဲ့ သက်ဆိုင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေကို သင်တန်းတွေ ပေးကြတယ်။ နောက်ပြီးတော့ သူတို့က တိုင်းတာကြည့်ရှုတာတွေ ရှိကြတယ်။ တရားဥပဒေ စိုးမိုးရေးကိုယ်က သူ့ရဲ့လုပ်ငန်းက အတော်ကြာတယ်။ ယေဘုယျနိုင်ငံတွေကို တရားဥပဒေ စိုးမိုးမှု ရှိလာပြီလို့ နိုင်ငံတွေကို လေ့လာတဲ့အခါမှာကိုယ်က ပြုပြင်ပြောင်းလဲလုပ်ငန်းတွေအတွက် ပျှမ်းမက နှစ်ပေါင်း ၄၀ လောက် လိုအပ်တယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ အကြာဆုံးလုပ်ငန်းထဲမှာ ပါပါတယ်။ ဒီတော့ လူတွေထင်သလို ချက်ချင်းလက်ငင်း အဆင့်တွေတက်သွားတာ၊ အဆင့်တွေများသွားမှာကတော့ ဒီလိုနဲ့ မဖြစ်နိုင်ပါဘူး။

မေး ။ ။ မြန်မာနိုင်ငံက အကျင့်ပျက်ခြစားမှု အညွှန်းကိန်းမှာလည်း တော်တော်လေးကို ဆိုးဝါးတဲ့အဆင့်မှာ ရှိပါတယ်။ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကော်မတီကိုလည်း အရင်တုန်းက ဖွဲ့စည်းခဲ့တာလည်း ရှိပါတယ်။ ဒါပေမဲ့ ဒီကော်မတီပေါ်မှာလည်း သိပ်ပြီးတော့ ထိရောက်မှု မရှိဘူးဆိုပြီးတော့ ဝေဖန်ခဲ့ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုသုံးသပ်ပေးချင်ပါသလဲ ဆရာ။

ဖြေ ။ ။ အကျင့်ပျက်ခြစားမှု ကော်မတီကို ကျနော်တို့ အဓိကအတိုင်းအတာအဖွဲ့ကတော့ Transparency International နိုင်ငံတကာ ပွင့်လင်းမြင်သာရေးအဖွဲ့ကြီး။ တိုင်းတာတဲ့ အချက်အရလည်း မြန်မာနိုင်ငံရဲ့ အကျင့်ပျက်ခြစားမှုက အတော်လေးအောက်မှာ ရှိနေတယ်။ ဆိုးဆိုးဝါးဝါး ရှိတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စလုပ်လာတယ်။ ဦးသိန်းစိန်လက်ထက်နဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ။ အဲဒီမှာ အတွေ့အကြုံက ကျနော်တိို့ ဘာလာပြီး တွေ့ရသလဲဆိုတော့ ချက်ချင်းလက်ငင်း တိုးတက်အောင်လုပ်ဖို့က တခြားဟာတွေလည်း သွားချိန်းရတယ်။

ဥပမာ ဦးသိန်းစိန်လက်ထက်မှာဆိုလို့ရှိရင် အရင်အစိုးရလက်ထက်မှာ အင်မတန် အကျင့်ပျက်ခြစားပြီးတော့ နေခဲ့ရတယ်။ ပြောင်းလဲခဲ့ရတယ်။ ပြောင်းလဲရေးမှာ တခြားပြုပြင်ပြောင်းလဲရေးတွေ၊ စောစောကပြောသလို စီးပွားရေး လုပ်သာကိုင်သာ ပတ်ဝန်းကျင်အတွက် ဖြေလျှော့ရမယ့်ဟာတွေ ရှိတယ်။ အဲဒီအခါမှာ ဒီလိုအကျင့်ပျက်ခြစားမှုကို လုပ်လိုက်တဲ့အတွက်ကြောင့်မို့ ဒီဘက်က ပြုပြင်ပြေင်းလဲရေးကို သွားပြီးထိခိုက်မလားဆိုတဲ့ဟာကိုလည်း ပြန်ပြီးချ်ိန်းရတယ်။ ချိန်းကြတယ်လို့ ကျနော် နားလည်တယ်။ ဆိုတော့ အဲဒီအချိန်တုန်းကဆိုရင် အဲဒီအချိန်မှာ စခါစ၊ Transparency International က နိုုင်ငံတွေကို ကူညီဖို့ဆိုပြီး ဖြောင့်မတ်မှုစနစ်တွေကို ဘယ်လိုများ တည်ဆောက်မလဲဆိုတာကို သူတို့ အကဲဖြတ်တယ်။ ပြီးရင် နိုင်ငံတွေကို ကူညီတာတွေ ရှိတယ်။ အဲဒီကနေတခါ သူက model တခုအနေနဲ့ နိုင်ငံတွေက အဲဒီလိုသွားဖို့ အခက်အခဲ ရှိနေလို့ရှိရင် ပိုပြီးလွယ်ကူအောင်ဆိုပြီးတော့ မြို့နယ်တနယ်မှာ စပြီးတော့ လုပ်ကြည့်ရအောင်ဆိုပြီးတော့ ကျနော်တို့ အဆိုပြုတာတွေလည်း မြန်မာပြည်မှာ ရှိတယ်။ ဒါပေမဲ့ မဖြစ်ခဲ့ဘူး။

မေး ။ ။ အညွှန်းကိန်းတွေ နိုင်ငံတခုရဲ့ သတ်မှတ်ချက် အညွှန်းကိန်းတွေ ထုတ်တာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ အသုံးချပြီးတော့ အောင်မြင်သွားတဲ့ ဖြစ်ရပ်ကော ရှိခဲ့ပါသလား။ တခြားနိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ ဆရာအနေနဲ့ အဲဒါကို နည်းနည်းပြောပြပေးပါအုံး။

ဖြေ ။ ။ မြန်မာနိုင်ငံမှာတော့ ကမ္ဘာ့ဘဏ်ရဲ့ လုပ်ငန်းလုပ်သာခွင့် အဆင့်နည်းနည်းတက်သွားတယ်။ ဗီယက်နမ်နိုင်ငံကတော့ ဒီလိုအညွှန်းကိန်းကို တုံ့ပြန်တာထက်၊ သူတို့ရဲ့ အညွှန်းကိန်းတခုကို ပြန်ပြီးတော့ ဖန်တီးတာကို တွေ့ရတယ်။ ၂၀၀၀ ခုနှစ်ကျော်ကျော်မှာ ဗီယက်နမ်နိုင်ငံက စပြီးဖွင့်တဲ့အခါမှာ သူတို့ရဲ့ ခရ်ိုင်တွေ ပြိုင်ဆိုင်မှု၊ အညွှန်းကိန်းဆိုပြီးလုပ်တယ်။ အဲဒါက အမေရိကန်အစိုးရရဲ့ USAID ကနေ ဘဏ္ဍာငွေကြေးထောက်ပံ့တယ်။ ပူးပေါင်းဆောင်ရွက်ကြတာက ဗိယက်နမ် ကုန်သည်ကြီးများအသင်းနဲ့ အေရှားဖောင်ဒေးရှင်းတို့ တွဲပြီးတော့ PCI - provincial competitiveness index ကို လုပ်တယ်။ ဒီအညွှန်းကိန်းတွေရဲ့ သဘောက ဘာလဲဆိုတော့ ဒီနိုင်ငံတခုကိုသုံးလို့ အကုန်လုံး အံ့ခွင်ဝင်ချင်မှဝင်မယ်။ သို့သော်လဲ အချက်အလက် ယေဘူယျအခြေအနေ အနေအထားကို သိလို့ရတယ်။ အဲဒီအတွက် ပြုပြင်ပြောင်းလဲမယ်ဆိုရင်တော့ ပြန်ပြီးတော့ ဒီနိုင်ငံတွေမှာ ဘာတွေကြုံနေရသလဲ။ ပြဿနာတွေက ဘာတွေလဲဆိုတာကို ပညာရှင်တွေက ပြန်လေ့လာပြီးတော့မှ အဲဒီနိုင်ငံနဲ့ဆိုင်တဲ့ အညွှန်းကိန်းကို ပြန်ပြီးတော့ တည်ဆောက်ယူရတာတွေ ရှိပါတယ်။ ဗီယက်နမ်မှာ အဲဒီလို တည်ဆောက်ခဲ့တယ်။ တည်ဆောက်ခဲ့ရုံတင်မကဘူး၊ ဒီခရိုင်တွေကို ကြည့်တဲ့အခါမှာ PCI အညွှန်းကိန်းပေါ် ကြည့်ပြီးတော့ ရာထူးခရိုင်အုပ်ချုပ်ရေးမှူးတွေက၊ ရာထူးအတက်၊ ရာထူးအတိုး။ ပြီးတော့ အဲဒီမှာရှိတဲ့ ရာထူးအတက်၊ ရာထူးအတိုးတွေနဲ့မှ ဆက်စပ်လိုက်တဲ့အခါမှာ ဗီယက်နမ်မှာ သူများထက်ပိုပြီး ပွင့်တာလည်း မြန်ခဲ့တယ်။ ကမ္ဘာရဲ့ စီးပွားရေးကြီးထဲကို ဝင်ဖို့လည်း အခြေအနေ၊ အဆင့်အတန်း ဖြစ်ခဲ့တယ်လို့ ရှိတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလိုအထိ မသွားခဲ့ရသေးဘူး။

မေး ။ ။ ဒီလိုအညွှန်းကိန်းတွေကို ဘယ်လိုအကျိုးရှိရှိ အသုံးချပြီးတော့ ပြန်ပြီးတော့ အသုံးပြုနိုင်မလဲ။

ဖြေ ။ ။ ပြန်ပြီးတော့ လေ့လာရေး ပြန်လုပ်ရပါတယ်။ အညွှန်းကိန်းက မိမိရဲ့ အနေအထား၊ တခြားနိုင်ငံတွေနဲ့ ယှဉ်လိုက်အနေအထားမှာ ရှိတယ်။ အဲဒီတော့ ကိုယ့်ရဲ့စနစ်က ဘယ်ကိုသွားမလဲ။၊ ဘာစနစ်လဲ။ ကိုယ်က ဘယ်လိုပြုပြင်ပြောင်းလဲချင်တာလဲ။ အဲဒီအတွက် ကျနော်တို့ ပြန်ပြီးလေ့လာရတယ်။ ဒါတွေအကုန်လုံးက ဘယ်လိုဆောင်ရွက်မလဲဆိုတာက ပြန်ပြီးတော့ ပြုပြင်ပြောင်းလဲရေးတခုကို လုပ်တော့မယ်ဆိုရင် ပညာရပ်ဆိုင်ရာထောင့်ကနေ အဖွဲ့အစည်းတခုရဲ့ structure အရ ပြောင်းချင်တာလား။ structure ဆိုတာ ဖွဲ့စည်းထားပုံအရ ပြောင်းချင်တာလား။ ယဉ်ကျေးမှုအရ ပြောင်းချင်တာလား။ ဒါမှမဟုတ်ရင် အဲဒီအဖွဲ့အစည်း လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဥပဒေတွေကို ပြောင်းချင်တာလား။ ပြီးရင် အဲဒီဥပဒေထဲက ထွက်လာတဲ့ regulation လို့ခေါ်တဲ့ ပြဌာန်းသတ်မှတ်ချက်တွေကို ပြန်ပြီးတော့ သုံးသပ်တဲ့ဟာကို သွားချင်တာလား။ အစရှိသဖြင့် အာဏာပိုင်ပုဂ္ဂိုလ်တွေနဲ့ ပညာရှင်တွေနဲ့ ဆွေးနွေးရပါတယ်။ ဆွေးနွေးပြီးတဲ့အခါမှာ ဒီရည်မှန်းချက်တခုကိုရောက်ပြီး၊ အဲဒီရည်မှန်းချက်ပေါ် မူတည်ပြီးတော့ လေ့လာရေးလုပ်ရတယ်။ လေ့လာရေးမှ ထွက်လာတဲ့ရလဒ်ကိုမှ ဘယ်လိုပြုပြင်ပြောင်းလဲရေးနဲ့ သွားမလဲဆိုတဲ့ပုံစံကို လေ့လာရပါတယ်။ အညွှန်းကိန်းတွေကနေ ယူလိုက်တာကတော့ ဖြတ်လမ်းကနေ ရလဒ်။ မြန်မြန်ဆန်ဆန်ရတဲ့ဟာမျိုး ရှိပါတယ်။ အဲဒီတော့ ရေရှည်တည်တန့်တဲ့ ပြုပြင်ပြောင်းလဲရေးကိုသွားမယ်ဆိုရင် စနစ်တကျလုပ်ဖို့ လိုအပ်ပါတယ်။

XS
SM
MD
LG