သုံးရလွယ်ကူစေသည့် Link များ

ပြည်သူ့လွှတ်တော်မဟုတ်၊ ကြက်ခြင်းလွှတ်တော်

  • ပြည်တွင်ဂျာနယ် အယ်ဒီတာတဦး

ရွေးကောက်ပွဲကျင်းပဖို့ နီးလာပါပြီ။ ဒီရွေးကောက်ပွဲဟာ ဘာများပါလိမ့်။

သူတို့က လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံ ရွေးကောက်ပွဲလို့ ဟစ်ကြွေးနေကြပါတယ်။ ဟုတ်နိုင်ပါ့မလား။ စဉ်းစားကြည့်ကြပါအုံး။ ပြည်သူတွေက အစိုးရအဆက်ဆက် ရွေးကောက်ပွဲတွေကို ပုံသဏ္ဌန်မျိုးစုံနဲ့ ကြုံခဲ့ ဆုံခဲ့ကြပါတယ်။

ဖ.ဆ.ပ.လ ကာလရွေးကောက်ပွဲ။ မ. ဆ. လ ကြီးစိုးတဲ့ကာလ ရွေးကောက်ပွဲ။ ပြီးတော့ မ.၀.တ ကာလ ရွေးကောက်ပွဲ။

ဖ.ဆပ.လ ကာလရွေးကောက်ပွဲကို လေးလောင်းပြိုင်၊ ခြောက်လောင်းပြိုင် ရွေးကောက်ပွဲတွေလို့ ကင်ပွန်းတပ်ခဲ့ပေမဲ့ အတိုက်အခံ အင်အားစုတွေရဲ့အသံတွေက တိတ်ဆိတ်မနေခဲ့ပါဘူး။ ကျယ်ကျယ်လောင်လောင်ကြားခဲ့ကြရတယ်။ လွတ်လွတ်လပ်လပ် ရှိခဲ့ကြတယ်။ အသည်းကြားက မဲတပြားဆိုတာ ပြည်သူတွေရဲ့ရင်ထဲက ခံစားချက်ပါ။

၁၉၆၂ မှာ ဓား..ဓားချင်း၊ တုတ် ..တုတ်ချင်းလို့ ကြွေးကြော်ပြီး ကျောင်းသားတွေကိုသတ်၊ အလုပ်သမားတွေကို ဖိနှိပ်ကာ အာဏာလု ယူခဲ့တဲ့ စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ မ. ဆ. လ ခေတ်က ရွေးကောက်ပွဲတွေကတော့ အတိုက်အခံဆိုတာ နတ္ထိနဲ့ တယောက်တည်း ပြေးခဲ့တဲ့ ပွဲတွေပါပဲ။

တပါတီအာဏာရှင်အောက် ပေးတာယူ ကျွေးတာစားကြရတဲ့ဘ၀မှာ ဖြူ... ဆိုရင် ဖြူလိုက်ကြရတဲ့ လက်​ညှိုးထောင်၊ ခေါင်းငြိမ့် လွှတ်တော်။ ပါတာ..ဖတ် လွှတ်တော်၊ ရာဘာ တံဆိပ်တုံးခတ်တဲ့ လွှတ်တော်ဆိုတာ အားလုံးသိကြပါတယ်။

ကဲ...ပြောရအုံးမယ်။

၁၉၉၀ န.၀.တ ခေတ်ကာလတုံးကလည်း ပါတီစုံရွေးကောက်ပွဲ လုပ်ခဲ့ဖူးသေးတယ်။ အဲန်အယ်လ်ဒီ နိုင်ခဲ့တာ တကမ္ဘာလုံးအသိ။ အဲဒါကို ဘာလုပ်ထားခဲ့သလဲ။ သူတို့နဲ့ မဆိုင်သလို၊ မသိသလို၊ တာဝန်မရှိသလို နေ နေကြတယ်မဟုတ်လား။

အဲဒီတုံးက တာဝန်ရှိတဲ့ ဗိုလ်စောမောင်ကို သူတို့ ဘာလုပ်ခဲ့ကြသလဲ။ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်..ဆိုခဲ့လို့ မဟုတ်လား။ ငြင်းရဲရင် ငြင်းကြစမ်းပါ။ အဲဒီရွေးကောက်ပွဲရလဒ်ကို မသိကျိုးကျွံပြုနေကြတာကို ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်းမှာ မကျေမချမ်း ဖြစ်နေကြရဆဲပါ။

အခု လာပြန်ပါပြီ။၂၀၁၀ ရွေးကောက်ပွဲ-တဲ့။

သိပ်မကြာတော့ပါဘူး။ လာမယ့် နိုဝင်ဘာ ၇ ရက်မှာပါ။ အဲဒီရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲပါ။ အဲဒီ အခြေခံဥပဒေ ဘယ်လိုဖြစ်လာခဲ့သလဲ။ ပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ဘယ်လိုကောက်ယူခဲ့ကြသလဲ။ အားလုံးအသိ။ အမည်းကို အဖြူပြောင်းခဲ့တဲ့ အကြံအဖန်နဲ့ ကလိန်ကကျစ်လုပ်ခဲ့လို့ နာဂစ်ဥပဒေလို့ တွင်ခဲ့တာဖြစ်တယ်။

စစ်အာဏာရှင်ခေတ်ကာလတလျှောက်လုံး ဖိနှိပ်ချုပ်ခြယ်မှုတွေမျိုးစုံနဲ့ ပြည်သူကို ပြားပြားဝပ်အောင် စစ်ဖိနပ်အောက်မှာ နင်းထားခဲ့တယ်။ စစ်ခေါင်းဆောင်တွေ တယောက်လက်တယောက်ပြောင်းခဲ့ပေမဲ့ ဘာမှ မထူးခြားဘူး။ စစ်အာဏာရှင်ဟာ စစ်အာဏာရှင်ပါပဲ။ ကျောင်းသားတွေကို သတ်ခဲ့တယ်။ အလုပ်သမားတွေကို နှိပ်စက် ညှင်းပမ်း သတ်ခဲ့ကြတယ်။ ဒါတွေဟာ ပုံပြင်မဟုတ်ပါဘူး။ သမိုင်း ဖြစ်ရပ်တွေပါ။ သူတို့စစ်အာဏာရှင်ဘ၀ တည်မြဲဖို့ ပြည်သူလက်ထဲက အာဏာကို မတရားသိမ်းယူခဲ့တဲ့ သမိုင်းဖြစ်ရပ်ကို နိုင်ငံတကာက တရားဝင် အသိအမှတ် ပြုလာအောင်လို့ သူတို့ရဲ့လိမ်ဆင်အတိုင်း လုပ်လိုက်တာဖြစ်တယ်။

သူတို့ရဲ့ဒေါက်တိုင် ကြံ့ဖွံ့အသင်းကို နိုင်ငံရေးအသွင်ပြောင်း။ စစ်ဗိုလ်ချုပ်တွေက လူဝတ်လဲ-၀င်အရွေးခံပြီး ကလိမ်ကကျစ်လုပ်ကြဖို့ ဉာဏ်နီဉာဏ်နက်တွေ သုံးကြတာပါပဲ။

အဲဒီမှာ ငရဲပန်းကို စိန်ပန်းထင်တဲ့သူတွေကထင်နေကြသေးတယ်။ ဘာဖြစ်လာမှာလဲ။ ဒီ ရွေးကောက်ပွဲက ဖြစ်လာမယ့် လွှတ်တော်ဆိုတာ ပြည်သူ့လွှတ်တော်မဟုတ်ဘူး။ ကြက်တွေကို ခြင်းတခုထဲ စုထည့်ထားသလိုဖြစ်လာမယ့် ကြက်ခြင်း လွှတ်တော်ပါပဲ။ အဲဒီအထဲမှာ ငြိမ်ငြိမ်လေး၊ တိတ်တိတ်လေး နေကြရမှာကလွဲပြီး ဘာမှ မရှိပါဘူး။

အင်း…ဒီလိုမနေဘဲ ထောင်ထောင် ထောင်ထောင်လုပ်မယ်၊ ဟိုအော်…ဒီအော် လုပ်မယ်ဆိုရင်တော့ အဲဒီကောင်ဟာ ခေါင်းကြီးပြီး အမြီးရှည်တဲ့ကောင်…လို့ ဆိုကာ ကြက်ခြင်းထဲက ဆွဲထုတ်ခံရပြီး ဟင်းစားအိုးထဲရောက်သွားမှာကတော့ ကြိုတင်ဟောကိန်းထုတ်ဖို့ လိုမယ်မထင်ပါဘူး။

XS
SM
MD
LG