အခုရက်ပိုင်းအတွင်း ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ညည်းညူသံတွေ ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားလာရတယ်၊ ပထမတော့ စစ်အစိုးရက ၂ဝ၁ဝ ထဲမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့သာ ပြောထားတာ။ တကယ်ရော ကျင်းပနိုင်ပါ့မလားဆိုတဲ့ သံသယစိတ်တွေနဲ့ စောင့်ကြည့်နေခဲ့ကြတယ်။ တကယ်လည်း သံသယဖြစ်စရာပါပဲ။ ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်တဲ့ NLD နဲ့လည်း ဆွေးနွေးညှိနှိုင်း အဖြေမရှာဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆက်ဖမ်းထားတယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ရေးအတွက် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတာလည်း အကြိမ်ကြိမ်ရှိပြီး မပြေလည်သေးဘူး။ ဒါ့အပြင် နိုင်ငံရေးသမားတွေကိုလည်း ရာနဲ့ချီထောင်ထဲထည့်ထားဆဲ၊ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ ဘယ်လို့မှမသင့်တော်ပါဘူး။ ဒါပေမယ့် မြန်မာစစ်အစိုးရက အဲ့ဒီအခြေအနေ တွေကို လုံးဝတွက်ပုံမရဘူး။ ရွေးကောက်ပွဲွရက်ကို ဆိုင်းမဆင့် ဗုံမဆင့် ကြေညာလိုက်တယ် နိုဝင်ဘာလ (၇) ရက်နေ့တဲ့၊
ရွေးကောက်ပွဲ ကျင်းပမယ့်ရက် သတ်မှတ်ကြေညာလိုက်တော့ ရွေးကောက်ပွဲ ဝင်ချင်သူတွေ။ ရွေးကောက်ပွဲဟာ ထွက်ပေါက်ပဲလို့ ယူဆထားသူတွေဟာ အတော်ကလေး စိတ်သက်သာရာ ရသွားပုံ ပေါ်ပါတယ်။ ဒါပေမယ့် ဆက်လက်ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကတော့ အစီအစဉ်မကျ၊ ဥပဒေနဲ့လည်းမညီ၊ အတော့ကို ကမောက်ကမ နိုင်လှတာကို တွေ့ရတယ်၊ ပါတီတွေမှတ်ပုံ တင်တာမပြီးသေးဘူး ပါတီဝင်အင်အား တင်ပြနေကြဆဲ။ အဲ့ဒီလို အခြေအနေမှာ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် ပါတီအသီးသီးရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို တင်သွင်းခိုင်းတယ်။ အချိန်က နှစ်ပတ်သာသာ ၁၆ ရက်ပဲ ရကြတယ်။ ဘယ်လိုလုပ်ကြမလဲ။ ပါတီခေါင်းဆောင်တွေ ခေါင်းချင်းဆိုင်ကြ ဆွေးနွေးကြနဲ့ မျက်ဖြူဆိုက်ကုန်ပြီ။
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုသလိုပါပဲ။ နိုင်ငံရေးပါတီတွေ အကြပ်ရိုက်နေချိန်မှာ လက်ရှိအာဏာရ ဝန်ကြီးတွေ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကတော့ နိုင်ငံနှင့်အဝှမ်း စည်းရုံးရေးလုပ်ငန်းတွေကို ခြိမ်းတစ်ခါ ခြောက်တစ်လှည့်။ ချော့တစ်ခါ မြူတစ်လှည့်နဲ့ အားသွန်ခွန်စိုက် ဆောင်ရွက်နေကြတယ်။
အစိုးရစရိတ်နဲ့သွား အစိုးရအာဏာကို အသုံးပြု၊ အစိုးရရဲ့ သတင်းစာ ရေဒီယို ရုပ်သံတွေကို အသုံးပြု ဝါဒဖြန့်နေလိုက်ကြပုံများ တကယ့်ကို တရားကျလောက်ပါရဲ့ ကမ္ဘာပေါ်မှာ သူတို့လောက် ပြည်သူကို လေးစား တန်ဘိုးထား သူ မရှိဘူးဆိုတဲ့ စတိုင်တွေနဲ့ ဒီနေရာမှာ ကြုံလို့ ရန်ကုန်မြို့တော်ဝန်ကြီးရဲ့ စကားကို တင်ပြပါရစေ။
ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မယ့် အလုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို မြို့တော်ဝန်ကြီးက
“အမတ်မင်း ဘာမှမပူနဲ့ ခင်ဗျားနိုင်အောင် အားလုံး စီစဉ်ထားပြီးပြီ၊ ရွေးကောက်ပွဲနေ့မှာ မဲ ငါးထောင်ပဲရ၊ ခင်ဗျားနိုင်ပြီ၊ အမတ်ဖြစ်ပြီ” တဲ့ဗျာ၊ ဘယ်လောက် ပိုင်သလဲ၊ ရွေးကောက်ပွဲမပြီးခင် အမတ်ဖြစ်နေပြီ။
အဲဒီလို အခြေအနေမျိုးမှာ တည်ထောင်စ ပါတီတွေ၊ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေ ဘယ်လိုယှဉ်ပြိုင်ကြမှာလဲ။ စဉ်းစားကြပါ၊ နိုင်ငံရေးဆိုတာ လက်တွေ့ကျဖို့လိုပါတယ်။ အခုအချိန်မှာ လက်တွေအကျဆုံးနဲ့ ဂုဏ်သိက္ခာ အရှိဆုံးလုပ်ရပ်ကတော့ တရားမျှတမှုမရှိ၊ လွတ်လပ်မှု မရှိတဲ့ နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲကို ကျောခိုင်းလိုက်ကြဖို့ပါပဲ။ ကြံ့ခိုင်ရေးပါတီ တစ်ကောင်တည်းပြေးပြီး ပထမ ပန်းဝင်သွားပါစေ။ အဲ့ဒါ ပွဲပြီးသွားတာ မဟုတ်သလို အဖြေလည်းမဟုတ်ပါဘူး၊ ပါတီစုံ ဝင်ပြိုင်တယ်။ အလွှာစုံပါတယ်၊ အင်အားစုတွေ အားလုံးပါဝင်တယ်လို့ စစ်အစိုးရက အာဆီယံ အပါအဝင် နိုင်ငံတစ်ကာကို ပြနိုင်ဖို့အတွက် အသုံးချ မခံရရေးက ပိုအရေးကြီးပါတယ်၊ ဒီနေရာမှာ လယ်သမားတွေ သုံးလေ့ပြောလေ့ ရှိတဲ့ စကားလေးတစ်ခု ဥပမာ ပေးပါရစေ “မစပ်မယ့်လယ်ပွဲ စောစောဖြုတ်ကွာ” တဲ့ ဆိုလိုတာကတော့ ဒီနေ့ ထယ်ထိုးလို့ လယ်ထွန်လို့ မပြီးမယ့် အတူတူ နေမြင့်အောင် အချိန်လင့်အောင် အပင်ပန်း မခံတော့ဘဲ ထယ်ရှဉ်းကို စောစောဖြုတ်မယ်ဆိုတဲ့ သဘောပါ။
ဒါ့ကြောင့် စစ်အစိုးရ ထောင်ခြောက်ထဲက ရုန်းထွက်ကြပါ၊ ရွေးကောက်ပွဲကို စွန့်ခွာကြပါ၊ ရွေးကောက်ပွဲပြီးတာဟာ ပွဲပြီးသွားတာ မဟုတ်ပါဘူး၊ ပွဲစတာသာဖြစ်ပါလိမ့်မယ်။