သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မထူးတဲ့ ပြဇာတ်


လာမယ့် ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျနော်ယုံကြည်မှု မရှိပါ။ ရွေးကောက်ပွဲ အခြေခံဥပဒေမှာပါတဲ့ လွတ်တော် (၇) ရပ်မှာပါတဲ့ အမတ်လောင်းတွေကလည်း လက်ရှိစစ်အစိုးရက လူတွေကိုပဲ အရောင် ပြောင်းလိုက်ခြင်းသာ ဖြစ်ပါလိမ့်မယ်၊ လက်ရှိအနေအထားမှာလည်း စစ်အစိုးရ အရာရှိတွေ အကျီလဲနေကြဆဲပါ။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပါတီတွေကလည်း အိမ်ဖြည့်ကစားနေကြသလို ခံစားရပါတယ်။

ဘာကြောင့်လဲဆိုတော့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းခြင်း ပါတီကအတွင်းရေးမှုူး ကိုနေမျိူးေ၀ နဲ့ သူတို့ ပါတီလုပ်ငန်းစဉ်ကို ဆွေးနွေးကြည့်တဲအခါ နိုင်ငံရေးကို ကလေးတွေ ဆော့သလို ပေ့ါတီးပေါ့ပျက် တာဝန်မယူတဲ့ စကားတွေပြောနေတယ်။ ပါတီတိုင်းကလည်း သူတို့လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုပဲ ပြောနေကြတယ်။

စည်းရုံးရေးဆင်းနေကြပြီ၊ ဘယ်လိုစည်းရုံးလို့ရပြီလဲ၊ ရပ်ကွက်ထဲကိုလည်းမေးကြည့်ပါအုံး၊ ပါတီဘယ်နှစ်ခုရှိသလဲ၊ ဘယ်ပါတီတွေလည်းဆိုတာ ပြည်သူတွေက မသိကြဘူး၊ premier league ဘော်လုံးပွဲလောက်တောင် စိတ်မဝင်စားကြဘူး။ ဒါကလည်း စစ်အစိုးရက ပြည်သူတွေကို နိုင်ငံရေး စိတ်ဝင်စားမှု အရှိန်ကို ဖိနှိပ်ထားတာ၊ ကျနော်တို့လို ရွေးကောက်ပွဲကို တခါမှ မကြုံဘူးသူတွေဆိုရင် စာမဖတ်တဲ့ အုပ်စုတွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဘာမှမသိကြဘူး။

မြန်မာနိုင်ငံမှာ လူှုဦးရေ သန်း (၆၀) ရှိတဲ့အထဲ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်တွင်း လူဦးရေက အများဆုံးပဲလို့ စစ်တမ်းတွေက ဖော်ပြပါတယ်။ ရွေးကောက်ပွဲကို တကယ် မဲပေးဘူးသူတွေဟာ အသက် (၄၀) ဝန်ကျင်တွေပါ၊ ဒါ့ကြောင့် တနိုင်ငံလုံး မှာ လူဦးရေများတဲ့ အသက်အပိုင်း အခြားလူတွေက ရွေးကောက်ပွဲကို မဖြတ်သန်းဖူးသူတွေ၊ နားမလည်တဲ့ သူတွေများနေတယ်။ ရွေးကောက်ပွဲ ဝင်ဘူးတဲ့သူ၊ စည်းရုံးဖူးတဲ့ သူတွေကို ထောင်ထဲထည့်တာလုပ်နေတယ်။ လူငယ်တွေ ကြောက်ရွံနေအောင် စစ်အစိုးရက လုပ်နေတယ်။

ဒါ့ကြောင့် ကိုယ်ကမကြိုက်တာကို မကြိုက်တဲ့အတိုင်း ဆန့်ကျင်ပိုင်ခွင့်ရှိရမယ်။ ကိုယ်ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ အခုလက်ရှိမှာ ကြိုက်ရင်လည်းဒါပဲ၊ မကြိုက်ရင်လည်းဒါပဲ ဖြစ်နေတယ်။

ကျနော်နယ်ကို ပြန်သွားတဲ့တခေါက် ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံဖို့ ရပ်ကွက်လူကြီးက လာပြောတယ်။ နေ့လည် ၁၂ နာရီထက်မကျော်ရဘူးပေါ့၊ ကျနော်က နေ့လည် ၁၂နာရီထိုးဖို့ ၅မိနစ်လောက်အလို ရောက်သွားတော့ ရပ်ကွက်လူကြီးက ရပြီ ပေးစရာမလိုတော့ဘူး။ ပြည့်သွားပြီလို့ပြောတယ်။ ပြောလိုက်ပုံက တော်တော် ရီစရာကောင်းတယ်၊ တကယ်တရားမျှတတာဆိုရင် ဒီလိုမျိူးတွေလုပ်စရာမှမလိုတာ၊ အခု ၂၀၁၀ ရွေးကောက်ပွဲကို ပြန်ဆက်ရမယ်ဆိုရင် လက်ရှိ ပါတီထောင်တားတဲ့သူတွေ စည်ပင်ပိုင်နယ်မြေထဲမှာ စည်းရုံးမယ်ဆိုရင် စည်ပင်ခွင့်ပြုချက်ရှိမှ ဟောပြောပိုင်ခွင့်ရှိတယ်။ ဒါဟာ တရားမျှတယ်လို့ ပြောမလား၊ ပါတီထောင်တဲ့ သူတွေကရော ဒီလပိုင်းတွင်း တနိုင်ငံလုံးမှာ ရုံးခွဲတွေဖွင့်ပြီး စည်းရုံးနိုင်တဲ့ အင်အားရှိလို့လား၊ ဘဏ္ဍာရေးကော တောင့်တင်းသလား၊ တခုမှ မရှိဘူး။ ကြံဖွံပါတီက တနိူင်ငံလုံးမှာ ရုံးခွဲတွေရှိတယ်၊ အဲဒီလို ရှိအောင်လည်း အနှစ်(၂၀) စီမံကိန်းနဲ့ လုပ်ခဲ့တော့ သူတို့ပဲ လာမယ့် ရွေးကောက်ပွဲမှာ တဖက်သတ် အနိုင်ယူသွားမယ်လို့ ကျနော်မြင်မိပါတယ်။

XS
SM
MD
LG