သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောဘောလုံးပွဲကြီး လာတော့မည်


နှစ်ပေါင်း နှယ်ဆယ် ကြာအောင်ရွေးကောက်ပွဲနဲ့ဝေးခဲ့တဲ့ မြန်မာနိုင်ငံမှာ မကြာတော့တဲ့ ကာလအတွင်း ရွေးကောက်ပွဲကြီး ကျင်းပပေးတော့မယ်ဆိုတော့ ကမ္ဘာ့ကုလသမဂ္ဂကြီး အပါအဝင် နိုင်ငံတကာက ပြူးတူးပြဲတဲနဲ့ ကြိုဆိုတဲ့သူကကြိုဆို ဝေဖန်တဲ့သူကဝေဖန် ဘယ်လိုဖြစ်သင့်တယ် လို့ တောင်းဆိုတဲ့သူက တောင်းဆို လုပ်နေကြတဲ့အသံတွေ အတော်ကျယ်ပါတယ်။ စေတနာနဲ့ပါ။ ဒါပေမဲ့ ပြည်တွင်းက အကြောင်းသိနေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသား အများစုကြီးကတော့ စိတ်ဝင်တစား မရှိလှပါဘူး။

ဘာကြောင့်ဆို နာဂစ်မုန်တိုင်းကြီး ရက်စက်ခဲ့တဲ့ ဒဏ်ရာဒဏ်ချက်အောက်မှာ မတရားသဖြင့် အနိုင်ကျင့်ပြီး ရယူခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ ဆိုတာကြီးကတည်းက ပြည်သူတွေအားလုံးက သဘောပေါက်ထားခဲ့ကြပြီး လို့ပါပဲ။ ဒါကြောင့် မဲပေးရမယ်ဆိုရင် ယုံကိုမယုံ ကြတော့ပါဘူး။

အခု နအဖ ပြင်ဆင်လာတဲ့ ရွေးကောက်ပွဲ အခင်းအကျင်းကြီးကလည်း အဝေးမှပင်မြင်နိုင်ပါသည် ဆိုတာလို ပြိုင်ဘက်ကို မပြိုင်ခင်ကတည်းက ကြိုပြီး လည်ပင်းနင်းထားတဲ့ အခင်းအကျင်းကြီးပါ ဆိုတာ အများစုကြီးက သိနေကြပါတယ်။ အဲဒီမြင်ကွင်းကြီးကို သရုပ်ခွဲမယ်ဆိုရင်

နံပါတ်တစ် အချက်အနေနဲ့ ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေနည်း ဥပဒေတွေအားလုံးကို အသေအချာကြည့်ရင် သူ့ဥပဒေနဲ့သူကို ခြေခေါက် လဲလောက်အောင် ရှုပ်ရှုပ်ထွေးထွေး ကောက်ကောက်ကျစ်ကျစ်တွေ လုပ်ပြီး ဥပဒေအရ အသာစီးရယူထားပါတယ်။

နံပါတ်နှစ် အချက်က နိုင်ငံတော်ဘဏ္ဏာတေ ွအကြီးအကျယ်သုံးပြီး လူမှုရေးအဖွဲ့လိုလို အရေခြုံထားတဲ့ လက်မရွံတွေဖြစ်အောင် ဗိုလ်ချုပ်ကြီးသန်းရွှေ ကိုယ်တိုင် လက်သပ်မွေးထားတဲ့ ပြည်ခိုင်ဖြိုး ဆိုတာကြီးကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းလိုက်ပြန်ပါတယ်။

နံပါတ်သုံး အချက်က အဲဒီ ပြည်ခိုင်ဖြိုး ဆိုတာကို တာဝန်ယူ ဦးဆောင်နေတဲ့သူတွေကလည်း မကြာခင်ကမှ အရပ်ဝတ်လဲလိုက်လို့ ပုဆိုးတောင် မဝတ်တတ်တတ်ကြသေးတဲ့ စစ်ဗိုလ်ချုပ်တွေဖြစ်နေတာပါ။ ပြီးတော့လည်း ပါတီရဲ့ အဓိကခေါင်းဆောင် ဦးသိန်းစိန် ဆိုတာကလည်း လက်ရှိ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်နေဆဲ ပြည်သူ့ဘဏ္ဏာတွေ အာဏာပါဝါတွေ အပြည့်အဝ သုံးနိုင်နေဆဲ ဆိုတဲ့အခါ မရယ်ခင်ကတည်းက အစွယ် ငုတ်တုတ်ပေါ်တဲ့ ဘီလူးဆိုတာ အလွန်ကို သိသာနေတဲ့ကိစ္စပါ။

တကယ်တော့ ဝန်ကြီးချုပ် ဦးသိန်းစိန် ဟာ ဒီမိုကရေစီနိုင်ငံတွေက လက်ရှိဝန်ကြီးချုပ်တွေလို ရာထူးမစွန့်ဘဲ ရွေးကောက်ပွဲကို ဝင်လို့ မရပါဘူး။ ဘာကြောင့်ဆို ဒီမိုကရေစီနိုင်ငံတွေက ဝန်ကြီးချုပ်ဆိုတာက ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့ ဝန်ကြီးခုျပ်တွေဖြစ်ပြီးတော့ ဦးသိန်းစိန်ကတော့ အာဏာသိမ်း အစိုးရက ထုံးတို့ပြီး ဝန်ကြီးချုပ် ဖြစ်စေလို့ ဖန်ဆင်းထားတဲ့ ပြည်သူနဲ့ မပတ်သက်သော ဝန်ကြီးချုပ်ဖြစ်နေလို့ပါပဲ။ ဒီတော့ နအဖကို ဆန့်ကျင်ယှဉ်ပြိုင်မယ့် ပါတီတွေကို တုန့်ပြန်ယှဉ်ပြိုင်ဖို့ နအဖက အပ်နှင်းထားတဲ့ အာဏာအရှိန်အဝါ ဘဏ္ဏာတွေကိုမစွန့်ဘဲ ဝန်ကြီးချုပ်ဦးသိန်းစိန်က ရွေးကောက်ပွဲကို ပေါ်တင်ကြီးဝင်မယ်ဆိုတာဟာ ဝိုင်းအလယ်မှာ ဓားမြှောင်စိုက်ပြီးမှ ကိုယ့်ဘာသာ ကိုယ်ဆင်ထားတဲ့ ဖဲထုပ်ကို ချဝေနေသလိုမျိုးပါပဲ။

နောက်ဆုံးဖြစ်တဲ့ နံပတ် လေး အချက်ကတော့ အဲဒီလောက် ဘက်စုံဒေါင့်စုံကနေ သတ်ကွင်းပြင်ထားတဲ့ ရွေးကောက်ပွဲ ဆိုတာကြီးထဲကို မျက်စိစုံမှိတ် ဇွတ်ပေပြီး ဝင်ရပြီးရော ဝင်ကိုဝင်မယ် ဆုံးဖြတ်ထားတဲ့ နိုင်ငံရေး ပါတီလေးတွေအတွက်လည်း ကသီလင်တနဲ့ ပြင်ဖို့ဆင်ဖို့ အချိန်မရလောက်အောင်ထိ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အဆင့်ဆင့် အချိန်ဇယားကို တိုတိုတောင်းတောင်း နိုင်လွန်းအောင် တမင် ဖန်တီးပေးထားပါသေးတယ်။

ဒီလို အခြေအနေမျိုးတွေအောက်မှာ ရွေးကောက်ပွဲသံကြားရုံနဲ့ ဟုတ်ဟုတ်မဟုတ်ဟုတ် မဝင်ဘဲ မနေနိုင်လို့ အင်မရှိ အားမရှိ ငွေမရှိ အချိန်မရှိတဲ့ကြားက ဝင်မယ်ပြင်ထားတဲ့ ကျုပ်တို့ရဲ့ ဒီမိုအရက်တစ်ပါတီတွေက အမတ်လောင်းလေးတွေကို ကျုပ်တို့ပိုင်တဲ့ အသည်းကြားက မဲ တစ်ပြား သနားလို့ အားပေးတဲ့သဘောနဲ့ သွားပေးမယ်ဆိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာမှာ ဘယ်လောက်များများ ဝင်နိုင်ကြမှာမို့လဲ။

ဝင်နိုင်ကြတယ်ဆိုဦးတော့ သူတို့ ဥပဒေထဲမှာ ခြေမမြဲလက်မြဲစေ ဆိုတဲ့ ဥပဒေတစ်ခုရှိတယ်။ 'ရွေးကောက်ပွဲဥပဒေ များအရ လည်းကောင်း တည်ဆဲ ဥပဒေများအရလည်းကောင်း ငြိစွန်းခဲ့လျှင် ၎င်း ကိုယ်စားလှယ်လောင်းအား ကိုယ်စားလှယ်လောင်း အဖြစ်မှ ပျက်ပြယ်စေနိုင်သည်' ဆိုတဲ့ ဥပဒေပါ။ ဒီခေတ်ထဲက ဥပဒေဆိုတာက သိတဲ့အတိုင်း ဥပဒေအပေါ်မှာ တစ်ယောက်ရှိနေသေးတယ် ဆိုတဲ့ ဥပဒေပါပဲ။ လိုတစ်မျိုး မလိုတစ်မျိုး ဥပဒေဆိုတာ သိကြပြီးသားပါ။ ဒီတော့ ကိုယ့်အသည်းကြားက မဲတစ်ပြားပေးလိုက်ဦးတော့ အဲ့ဒီအမတ်လောင်းလေး သက်ဆိုးရှည်ဖို့ သိပ်မမြင်ရ ပါဘူး။

ထားတော့။ မြန်မာပြည် တစ်နံတစ်လျားက ပြည်သူတွေက ကြံ့ဖွတ်ကို မုန်းပြီးသားမို့ တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ်က အမတ်လောင်းကလေး တွေကိုပဲ မဲပေးလိုက်ကြလို့ ဗိုလ်ခုျပ်မှုးကြီးသန်းရွှေဖန်ဆင်းထားတဲ့ လွှတ်တော်ဆိုတာထဲ ဒီမိုကရက်တစ် အမတ်ကလေးတွေ အတော် များများ ရောက်သွားပြီတဲ့ ဆိုဦတော၊့ သမ္မတကြီးနေရာမှာ မိန့်မိန့်ကြီး ထိုင်နေဦးမယ့် ဦးသန်းရွှေ ရွေးချယ် တော်ကောက်ထားတဲ့ တိုက်ရိုက်ခန့် စစ်ဗိုလ် အမတ်ကလေးတွေက (၂၅) ရာခိုင်နှုန်းရှိနေဦးမှာ ဆိုတော့ လွှတ်တော်ထဲ ရောက်ဖူးတယ် ဆိုရရုံ ရှိမယ့် သဘောပါပဲ။

တစ်နိုင်ငံလုံးက မဲမပေးလည်း သူတို့ပဲ အနိုင်ရအောင်လို့ မဲဆန္ဒရှင်ဦးရေ ဘယ်နရာခိုင်နှုန်း မဲပေးမှ အထမြောက်သည် ဆိုတဲ့ အချက်မပါတဲ့ ဥပဒေကို ဒေါင့်စုံအောင် ရေးဆွဲထားပြီးသားပါ။ ဒီတော့ ပြည်သူတွေက မဲသွားပေးပေး မပေးပေး သူတို့နိုင်အောင် ကွက်တိလုပ်ထား ပြီးဖြစ်တဲ့အတွက် မထူးခြားပါဘူး။ အများစုက တစ်ညီတညွတ်တည်း မဲသွားမပေးကြရင်တော့ ကြည့်မယ့်သူ မရှိဘဲကန်တဲ့ သုဿန်နား လယ်ခွက်ထဲက တောဘောလုံးပွဲ လိုသာ ဖြစ်သွားမှာမို့ မဲသွားမပေးဖို့ ဆော်သြတိုက်တွန်းလိုက်ရကြောင်းပါခင်ဗျား။

XS
SM
MD
LG