သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိအခြေအနေ NUG ဘယ်လိုမြင်သလဲ (အပိုင်း ၂)


လက်ရှိအခြေအနေ NUG ဘယ်လိုမြင်သလဲ (အပိုင်း ၂)
please wait

No media source currently available

0:00 0:10:40 0:00

မြန်မာနိုင်ငံအခြေအနေဟာ ယူကရိန်းအခြေအနေနဲ့ တူညီပေမဲ့ ယူကရိန်းလို နိုင်ငံတကာ အလေးထားခံရမှုနဲ့ အကူအညီ မရရှိနိုင်တာဟာ ယူကရိန်းမှာလို ထက်မြက်တဲ့ ခေါင်းဆောင်မှုမျိုး လစ်ဟာနေလို့ဖြစ်တယ်ဆိုတဲ့ သုံးသပ်သူတချို့ရဲ့ ဝေဖန်ချက် ကို NUG ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။

မြန်မာနိုင်ငံအခြေအနေဟာ ယူကရိန်းအခြေအနေနဲ့ တူညီပေမဲ့ ယူကရိန်းလို နိုင်ငံတကာ အလေးထားခံရမှုနဲ့ အကူအညီ မရရှိနိုင်တာဟာ ယူကရိန်းမှာလို ထက်မြက်တဲ့ ခေါင်းဆောင်မှုမျိုး လစ်ဟာနေလို့ဖြစ်တယ်ဆိုတဲ့ သုံးသပ်သူတချို့ရဲ့ ဝေဖန်ချက် ကို NUG ဘက်က ဘယ်လိုတုံ့ပြန်ပါသလဲ။ ဒီကိစ္စနဲ့အတူ လက်ရှိအခြေအနေ အလားအလာတွေနဲ့ ပတ်သက်ပြီး NUG ထိပ်တန်းခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာဇော်ဝေစိုးကို ဦးကျော်ဇံသာ မေးမြန်းဆွေးနွေးထားပါတယ်။

မေး ။ ။ ဆရာစောစောကပြောတဲ့ တိုင်းရင်းသားလူမျိုးစုတွေ။ ဒီအရေးကလည်း သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီရေးနဲ့ တန်းတူပါပဲ။ တစ်ခုမရှိရင် တစ်ခုမရနိုင်တဲ့ ကိစ္စ။ ဆိုတော့ ဒီတိုင်းရင်းသားအင်အားစုတွေ အရင်ကတည်းက လွတ်လပ်ရေးရပြီး သိပ်မကြာခင်မှာပဲ သူတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်လာတဲ့ အင်အားစုတွေရဲ့ ပူးပေါင်းပါဝင်မှုက ဒီနေ့အခါမှာ တပေါင်းတစည်းတည်း အပြန်အလှန် ယုံကြည်မှုအပြည့်နဲ့ လက်တွဲဆောင်ရွက်နေကြပြီလို့ ထင်ပါသလား။ အဲဒီလိုများ မဟုတ်သေးဘူးဆိုရင် ဆရာတို့ဘက်က ဘာများထပ်လုပ်ဖို့ လိုသေးတယ် ထင်ပါသလဲ။

ဖြေ ။ ။ ပိုမိုပြီး စည်းရုံးပြီး၊ ပိုမိုပြီးတော့ ပွင့်လင်းပြီး၊ ပိုမိုပြီးတော့ ယုံကြည်မှုတွေ ရဖို့အတွက် ကြိုးစားနေတယ်။ ရနေလည်း ရနေပါတယ်။ ပိုလည်း ရလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ ပိုမိုပြီးတော့ ကျနော်တို့တွေ တယောက်နဲ့တယောက် အပြန်အလှန် နားလည်မှု trust တွေကတော့ ရှေ့လျှောက်လည်း လိုနေအုံးမှာပါ ဆရာ။ ဒါမှသာလျှင် ကျနော်တို့နိုင်ငံက အများပြောသလို Failed ဖြစ်သွားမယ်၊ ကွဲသွားမယ် မဖြစ်တဲ့အပြင် ကျနော်တို့အားလုံး သွားချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို ရောက်မယ်လို့ မြင်တဲ့အပြင်။ တကယ်တော့ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း အဓိကက ပြည်သူပါပဲ။ ကျနော်တို့ ဘယ်သူပဲဖြစ်ဖြစ် ပြည်သူရဲ့ဆန္ဒက အားလုံးတိုင်းရင်းသားပြည်သူတွေကော ပြည်တွင်းပြည်ပ ပြည်သူတွေကော အားလုံးရဲ့ဆန္ဒက တကယ့် ဖက်ဒရယ်ဒီမိုကရေစီအစစ်နဲ့ ဒီမိုကရေစီနိုင်ငံအစစ်ကို ဖြစ်ချင်နေတာ ဖြစ်တဲ့အတွက် ဘယ်အဖွဲ့အစည်းမှ အဲဒီဟာကို သွေဖယ်ပြီးတော့ ဆုံးဖြတ်လိမ့်မယ် မထင်ဘူး။ ဒါကြောင့် အဲဒါကို အခြေခံပြီး ကျနော်တို့တွေဟာ အတူတူစုစည်းညီညွှတ်ပြီးတော့ ကိုယ်သွားချင်တဲ့ ရည်မှန်းချက်ကို အားလုံးသွားချင်တဲ့ ရည်မှန်းချက်ကို အတူတူသွားနေတာ ဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ စည်းလုံးညီညွှတ်မှုတွေ၊ အပေးအယူတွေ၊ နားလည်မှုတွေက ပိုပိုအားကောင်းလာမယ်။ အားကောင်းနေတယ်လို့ ကျနော်တော့ မြင်ပါတယ်။

မေး ။ ။ တော်လှန်ရေးအလွန်ကိုရော တွေးမိပါသလား။ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို။ ပြည်ထောင်စု လွတ်လပ်ရေး တိုက်ပွဲတုန်းကလည်း ပေါင်းပြီးတိုက်ခဲ့ကြတယ်။ နမူနာ အလွယ်ဆုံးပြောရမယ်ဆိုရင် - ဂျပန်ကို စုပေါင်းတော်လှန်ကြတယ်။ ပြီးတဲ့အခါမှာ ကိုယ့်ဆန္ဒနဲ့ကိုယ် အမျိုးမျိုးဖြစ်ကုန်ကြတယ်ဆိုတော့ အဲဒီကိစ္စကို လူတချို့က စိုးရိမ်ကြတယ်။ ဒီဟာက အခုလောလောဆယ် ဆရာတို့ဘက်က တိိုက်ပွဲတွေကို ဦးဆောင်လုပ်နေကြတဲ့အတွက်ကြောင့် စစ်ကောင်စီကတော့ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းသိမ်းရခက်လိမ့်မယ်။ တိုင်းရင်းသားတွေကိုလည်း တပေါင်းတစည်းတည်းဖြစ်အောင် လုပ်ဖို့ခက်မှာပဲ။ သို့သော် ဆရာတို့ အောင်ပွဲရလာမယ့်တနေ့မှာ တိုင်းရင်းသားပြဿနာကို ချောချောရှူရှူဖြစ်အောင် အဆင်ပြေအောင် ကိုင်တွယ်နိုင်မယ့် အလားအလာ မြင်ပါသလား။

ဖြေ ။ ။ တွေးမိရုံမကဘူး၊ ကျနော်တို့က လက်တွေ့ကို အခုကတည်းက စပြီးဆွေးနွေး အကောင်အထည်ဖော်နေပါပြီ။ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ လူနည်းစုအဖွဲ့အစည်း အားလုံးနဲ့ ထိတွေ့ပြီးတော့၊ ဒီနေ့ စပြီးဆွေးနွေးနေတယ်။ တချို့က အဲဒါကို တော်လှန်ရေးပဲလုပ်ပါ၊ ဘာဖြစ်လို့ တခြားစီမံခန့်ခွဲမှုတွေ၊ စောစောကပြောတဲ့ဟာတွေ လုပ်နေရတာလဲ။ တကယ်တော့ ဖွဲ့စည်းပုံကိစ္စတို့ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အခုကတည်းက ဆွေးနွေးနေပါတယ်။ တချို့ကိစ္စတွေဆိုရင် draft မူကြမ်းတွေတောင် ရှိနေပြီ။ တကယ်သာ အောင်ပွဲရတဲ့နေ့ကြရင် အတူတူထိုင်ပြီး အဲဒီဟာကို ဆွေးနွေးလိုက်မယ်ဆိုရင် ကျနော်ထင်တယ် ဖြေရှင်းလို့ရမယ်၊ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလည်း ကျနော်တို့တွေ အရင်တုန်းက ဒါတွေကို တယောက်နဲ့တယောက် ပွင့်ပွင့်လင်းလင်း မဆွေးနွေးနိုင်ခဲ့ကြဘူး။ အခုအချိန်မှာတော့ ဆွေးနွေးနေတဲ့အဆင့် ရောက်နေပါပြီ။ ဒါကို ဆရာတို့လည်း သိတဲ့အတိုင်းပဲ စစ်ကိုင်ဖိုရမ်၊ ဧရာဝတီတို့ ဒါတွေအကုန်လုံးက အဲဒါတွေကို အခြေခံပြီးတော့ ဒီအချိန်ကစပြီး ဆွေးနွေးတည်ဆောက်နေတာပါပဲ။ ကျနော်ကတော့ အဲဒါတွေဟာ ကောင်းတဲ့အလားအလာတွေပဲ ရှိတယ်။ ဒီဟာကို အခြေခံပြီးတော့ ကျနော်ကတော့ အကောင်းမြင်တဲ့လူမို့လား မသိဘူး၊ အကောင်းဆုံးနိုင်ငံတခု ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ အခုကတည်းက တွေ့ရုံတင်မဟုတ်ဘဲ၊ အားလုံးပြင်ဆင်နေတာပါ။

မေး ။ ။ နောက် စစ်ကောင်စီဘက်ကိုလည်း ကြည့်ကြရအောင်ပါ။ သူတို့ကတော့ နောက်ဆုံးနည်းလို့ ပြောကြတာပေါ့။ လူမခွဲမခြား indiscriminate လုပ်ပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ အရပ်သားတွေ သေကြေကြတာ အများကြီးဖြစ်လာတယ်ဆိုတော့ သူတို့ကိုတော့ ဝေဖန်ပြောဆိုမှုတွေ အများကြီးပိုများလာတယ်ဆိုတာတော့ ကျနော်တို့ မီဒီယာသမားတွေ တွေ့ရပါတယ်။ လက်တွေ့မှာကော သူတို့ရဲ့အင်အားကို ဆရာတို့ ဘယ်လိုမြင်ပါသလဲ။ ဒါပေမဲ့ သူတို့က ရုရှား၊ တရုတ်တို့ သူတို့ကို လက်နက်ပေးတဲ့ နိုင်ငံတွေကလည်း ရှိနေတယ်။ တခြားလူသိထင်ရှား မဟုတ်ဘဲနဲ့ တိုးတိုးတိတ်တိတ် မြန်မာနိုင်ငံ လက်နက်ထုတ်လုပ်ရေးကိုလည်း လည်ပတ်အောင် ကူညီပေးနေတဲ့ ကုမ္ပဏီတွေလည်း ရှိနေတယ်ဆိုတော့ သူတို့ရဲ့အင်အားကို ဆရာ ဘယ်လိုမြင်ပါသလဲ။ စည်းရုံးရေးအင်အားနဲ့ လက်နက်အင်အား။

ဖြေ ။ ။ သူတို့ရဲ့အင်အားကတော့ ကျနော်က သေချာတာ obivious ဖြစ်တာ၊ သိသာထင်ရှားတာ ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်၊ စပြီးတော့ အာဏာသိမ်းခါစနဲ့ အခုအချိန်ကြည့်ရင် အသိသာကြီးပဲ။ သူတို့ တော်တော်ကို အားနည်းသွားတယ်လို့ မြင်တယ်။ အခုန တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး စည်းရုံးနိုင်မှု မရှိဘူး။ အဲဒါလည်း သူတို့ အားနည်းတာပဲ။ စည်းရုံးနိုင်မှု မရှိဘူးဆိုတာ သူတို့ကို trust ယုံကြည်မှု မရှိဘူး။ သူတို့လှုပ်ရှားမှုတွေ၊ သူတို့လုပ်တာတွေ အားလုံးက ဘယ်လိုမှ ဒီဟာဖြစ်စရာ မရှိဘူးဆိုတာ သိသာနေတယ်။ နောက်တခုကတော့ သူတို့တွေရဲ့ နိုင်ငံတကာနဲ့ ပတ်သက်ရင်လည်း ကုလကနေ ဒီလို resolutions တွေ ဘာတွေ ထွက်တယ်ဆိုတာကတော့ ရှင်းပါတယ်။ ဒါက သူတို့ရဲ့ ကျဆုံးမှုတွေပါပဲ။ အဲဒီလိုမျိုးတွေ နိုင်ငံတကာမှာလည်း ရှိတယ်။ ဒါ့အပြင် အခု ကျနော်တို့ စစ်ရေးအရ၊ လူအင်အားတို့ကို ကြည့်မယ်ဆိုရင်လည်း သူတို့အများကြီး အားနည်းလာတာက သတင်းတွေကို ဖတ်ကြည့်ရင် အသိသာကြီးပါ။ ဆိုတော့ ကျနော်တော့ သူတို့ဟာ ဘယ်တုန်းကမှနဲ့ မတူအောင် အားနည်းနေတဲ့ အဖွဲ့အစည်းဖြစ်နေတာတော့ တွေ့နေရတာပေါ့။

မေး ။ ။ ဆိုတော့ ဘယ်အချိန်မှာ ပွဲပြတ်မယ်လို့ ဒီလိုပဲ သုံးကြပါစို့၊ အဲဒီလို ခန့်မှန်းလိုကော ရမလား ဆရာ။ ပြည်သူတွေကလည်း တော်တော်လေး ဒဏ်ခံလာရပြီဆိုတော့ မြန်မြန်ပြတ်လေ ကောင်းလေဆိုတော့။ နောက်ဆုံးအချိန်မှာ Breakthrough ဖြစ်နိုင်မယ့် အချိန်ကို ဆရာတို့ဘက်က တွက်ထားတာများ ရှိပါသလား။

ဖြေ ။ ။ ကြိုတင်ပြီးတော့ တွက်ထားတာ မဟုတ်ပေမယ့်၊ ကျနော်တို့က ဘာပဲဖြစ်ဖြစ် အစိုးရအဖွဲ့အနေနဲ့ကော အခုန လှုပ်ရှားမှုကြီးတခုအနေနဲ့ကော target တော့ ထားထားတာပေါ့။ ဆရာတို့လည်း သိမှာပါ - ၂၀၂၃ မှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ရမယ်ပေါ့။ ကျနော်ကတော့ ၂၀၂၃ ကို ပြီရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ရမယ်ဆိုတဲ့ စောစောကပြောတဲ့ ကျနော်တို့တွေရဲ့ နိုင်ငံရေးအရ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ ပေါင်းစပ်မှုတွေအရနဲ့ စစ်ရေး ကာကွယ်ရေးအရ ပြင်ဆင်မှုတွေကော ဒီဖွဲ့စည်းပုံနဲ့ ပတ်သက်ရင် တပြိုင်နက်တည်း သွားနေတာ။ အဲဒါကတော့ တကယ်တမ်းတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်နဲ့ အခုလည်း တွေ့နေရတာ၊ ဆရာတို့လည်း တွေ့မှာပါ ဘာပဲဖြစ်ဖြစ်တော့ တိုးတက်ပြောင်းလဲမှုတွေ ရှိတယ်။ ကရင်နီဆိုရင် အစိုးရ ဖွဲ့လာနိုင်တယ်။ ဒါနဲ့ပတ်သက်ပြီး ပိုပြီးအားကောင်းလာတယ်။ အလားတူပဲ ကျန်တဲ့နေရာတွေလည်း အားကောင်းအောင် လုပ်နေတယ်ဆိုတော့၊ ကျနော်တို့ အခုနပြောသလိုပါပဲ ဒီ ၁ နှစ် ၂ နှစ်အတွင်းမှာတော့ သိသာထူးခြားပြီးတော့၊ အခုလည်း ကျနော်တို့ စတင်စိုးမိုးထိန်းသိမ်းနိုင်တဲ့ နေရာတွေမှာ၊ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပိုလုပ်လာနိုင်တယ်။ တရားရေး စီမံခန့်ခွဲမှုတွေ ပိုလုပ်လာနိုင်တယ်။ ကရင်နီဆိုရင် အဲဒီဒေသတခုလုံးကို ထိန်းချုပ်နိုင်တဲ့ သဘောပဲ။ အဲဒီလိုမျိုးတွေက တကယ်တော့ ရည်မှန်းချက်တွေ အောင်မြင်နေတယ်လို့ ကျနော်မြင်တယ်။ အဲဒီအောင်မြင်မှု ရည်မှန်းချက်အတိုင်းသာ ဒီအရှိန်အဟုန်အတိုင်းသာ သွားမယ်ဆိုရင်တော့ ကျနော်ထင်ပါတယ် ၁ နှစ်ဆိုတဲ့အချိန်ဟာ အခုနပြောသလို သိသိသာသာ ထင်ထင်ရှားရှား ဖြစ်ပြီးတော့ နိုင်ငံတကာကကို ဒီတော်လှန်ရေး အောင်မြင်ပြီလို့ ပြောလို့ရတဲ့ အနေအထား ရောက်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်။

မေး ။ ။ ကရင်နီအစိုးရဆိုလို့ ကျနော် အဲဒီကိစ္စတခုကိုလည်း မေးချင်ပါတယ်။ ကရင်နီအစိုးရရဲ့ ကြေညာပုံကတော့ ဆရာတို့ရဲ့ NUG နဲ့ မဆိုင်တဲ့သဘောမျိုး သီးခြားလို့ ကြေညာတဲ့ကိစ္စမှာ တချို့က question mark - ဒါက ဘာသဘောလဲ။ တပေါင်းတစည်းတည်း ဟုတ်ချင်တဲ့ ဆန္ဒများ ရှိရဲ့လားဆိုြ့ပီ - နောက်ပြီး ကရင်နီတချို့က ကိုလိုနီခေတ်ကတည်းက သူတို့က သီးခြားဒေသအဖြစ် နေခဲ့ရတယ်ဆိုတော့၊ လွတ်လပ်ရေးမှာလည်း သူတို့မပါဘူးဆိုတော့ သီးခြား အဲဒီလို အစဉ်အလာလည်း ရှိခဲ့တယ်ဆိုတော့ အခုကြေညာတဲ့ဟာမှာလည်း သီးခြားလို့ပြောထားတော့ အဲဒီကိစ္စကို ဆရာတို့ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ ကျနော် စာလုံးလေး ပြန်ပြင်ရမှာပေါ့။ ကျနော်က ကရင်နီအစိုးရ မဟုတ်ပါဘူး။ ကရင်နီက စီမံအုပ်ချုပ်မှုကောင်စီ ဖွဲ့တဲ့သဘောပါ။ ဆရာခူလ်လဲတို့နဲ့။ သူတို့က ပြောထားပါတယ်။ ခွဲမထွက်ဘူးဆိုတာ ပြောထားပြီသာ။ ဆရာတို့အားလုံးလည်း ကြားမှာပါ။ နောက်တခုက ဒါက ဖက်ဒရယ် ဒီမိုကရေစီ charter ထဲက process အတိုင်း သွားနေတာပါ။ ဖက်ဒရယ် ဒီမိုကရေစီ ချာတာကို အားလုံးက သဘောတူညီထားကြတယ်။ အဲဒီချာတာထဲမှာ ဒီဟာက တဆင့်ပြီးတဆင့် ပြောင်းလဲရမယ်ဆိုတဲ့ဟာက သွားနေတာ ဖြစ်တဲ့အတွက် ဒီနေ့တော်လှန်ရေးမှာ စောစောက NUCC, NUG နဲ့ ကျနော်တို့ တော်လှန်ရေးစကတည်းက ရည်မှန်းချက်ထားခဲ့တဲ့ စစ်အာဏာရှင်၊ အာဏာရှင် ဖယ်ရှားပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်မယ်ဆိုတဲ့ Road Map Process ထဲက တခုပဲ ဖြစ်ပါတယ်။

မေး ။ ။ နောက်ဆုံးမေးခွန်းတခု မေးပါရစေ။ အဲဒါလည်း သုံးသပ်သူတွေတချို့က ပြောကြတယ်။ မြန်မာ့အရေးကို ထဲထဲဝင်ဝင် နားလည်သူတချို့က စစ်ကောင်စီကတော့ အုပ်ချုပ်လို့ မရတော့ဘူးဆိုတာ သေချာတယ်။ ဒါပေမဲ့ နောင်တက်လာမယ့် အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ဖြစ်အောင်လုပ်နိုင်ဖို့ သိပ်ခဲယဉ်းလိမ့်မယ်ဆိုတယ်။ ဆရာတို့ကော အဲဒါကို ကြိုတွက်မိပါသလား။

ဖြေ ။ ။ အခုနပြောသလိုပေါ့ ခက်လိမ့်မယ်လို့ ထင်တာဆိုတာကတော့ နိုင်ငံတကာနဲ့ အားလုံး၊ ကျနော်တို့တွေကတော့ ဒါတွေကို ကြိုစိုးရိမ်ပြီးတော့ စီစဉ်ထားရတာပေါ့။ ဒါကြောင့် ကျနော် ပထမပိုင်းမှာ ဖြေခဲ့တဲ့ထဲမှာပါပါတယ်။ ကျနော်ကတော့ optimistic ဖြစ်လို့လား မသိဘူး။ ကျနော်တို့တွေ အခုအချိန်မှာ တိုင်းရင်းသားတွေနဲ့ ချိတ်ဆက်ပြီး ဆွေးနွေးနေတယ်။ လူနည်းစုတွေအားလုံးနဲ့လည်း ချိတ်ဆက်ပြီး ဆွေးနွေးနေတဲ့အချိန်မှာ ကျနော်ကတော့ အဲဒီလိုမျိုး ဖြစ်လိမ့်မယ်လို့ မထင်ပါဘူး။ အားလုံးက အတွေ့အကြုံတွေလည်း ရှိခဲ့ပြီသား၊ နှစ်ပေါင်း ၇၀ ကျော်ကြာ ဒါတွေကို ရင်ဆိုင်ခဲ့ပြီသား၊ စဉ်းစားပြီးတော့မှ အခုလို ဒီတော်လှန်ရေး ဖြစ်လာပြီးတော့၊ ဒီတော်လှန်ရေးထဲမှာ ပါဝင်နေကြသူတွေဟာ ဒါကို အကောင်းဆုံး ထိန်းသွားနိုင်ပြီးတော့ အခုနပြောတဲ့ အများစိုးရိမ်နေတဲ့ Failed state ဖြစ်မှာတို့၊ တကွဲတပြားစီ ဖြစ်သွားမယ်ဟာမျိုးတော့ ကျနော်တော့ မမြင်ပါဘူး၊ မထင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်သူ တိုင်းရင်းသားတွေအားလုံး မျှော်မှန်းတဲ့ ငြိမ်းချမ်းသာယာဝပြောတဲ့ ဒီမိုကရေစီနိုင်ငံ အမြန်ဆုံး ဖြစ်ထွန်းပါစေလို့ ဆုတောင်းပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာ။

ဒေါက်တာဇော်ဝေစိုး ။ ။ ကျေးဇူးတင်ပါတယ် ဆရာ။

XS
SM
MD
LG