သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သစ်သီးပုပ် ရွေးထုတ်သလိုပုံစံနဲ့ မဲပေးကြ


၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒမပါဘဲ ကြောက်စိတ်နဲ့၊ လိမ်ညာမှုနဲ့ မျက်လှည့်ပြမှုနဲ့ အဓမ္မနည်းနဲ့ ကျင်းပတော့မယ်။ အကောင်းဆုံးက ပြည်သူတွေ ရာနှုန်းပြည့် မဲမပေးကြဖို့ပဲ။

ပြည်သူ့တော်လှန်ရေးကတော့ မပြီးဆုံးတာ သေချာတယ်။ ဒီမိုကရက်တစ် အင်အားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ပြည်သူတွေ မှန်ကန်တဲ့ဘက် တဘက်မှာ စုစည်းပြအုံးမှာပဲ။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအရေးအတွက် ဆက်လက်ပြီး လက်တွဲကြအုံးမှာပဲ။

ဒါကြောင့် (၁) ကိုယ်ကျိုးစီးပွားအတွက်၊ (၂) ကိုယ်ကျိုးစီးပွားကာကွယ်ဖို့အတွက်၊ (၃) ပြည်သူလူထုနဲ့ ဒီမိုကရေစီအင်အားစုတွေကို နှိပ်ကွပ်အမြစ်ဖြတ်ဖို့အတွက် ပေါ်ထွက်လာမယ့် ၂၀၁၀ လွှတ်တော် စစ်တပ် အစိုးရကို ပြည်သူ့တော်လှန်ရေးတွေ ဆက်လက်တိုက်ပွဲဆင်နွဲရအုံးမှာ မြေကြီးလက်ခတ် မလွဲ ပါပဲ။

တော်လှန်ရေးကား မပြီးဆုံးသေး၊ မကြာခင်ရက်ပိုင်းအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ လူထု အများစု မဲရုံမသွားဘဲ နေကြလိမ့်မယ်။ စား၊ ဝတ်၊ နေရေးအတွက် လုံးပမ်းနေရပြီး ဘာမှမထူး ပါဘူး ပဲဆိုတဲ့ စိတ်ဓာတ်ကြောင့်ပဲ ဖြစ်တယ်။ မဲရုံသေချာပေါက်သွားမယ့်လူတွေ အများစုကလည်း စပါးလုံးရွေးတာလို၊ သစ်သီးပုပ်ရွေးထုတ်တဲ့ပုံစံနဲ့ မကြိုက်တဲ့ပါတီကိုပယ်ပြီး ဖြူသည်၊ နီသည်၊ ဝါသည်၊ မည်းသည် မဟူ မဲပေးရေးအတွက်ပဲဖြစ်တယ်။

ကြံ့ဖွံ့ပါတီကတော့ သူ့ဝန်ထမ်းတွေနဲ့ ရိုးသားပြီး အကြောက်လွန်တဲ့ မဲဆန္ဒရှင်တွေကြောင့်ပဲ မိသားစု လိုက် ကြိုတင်မဲနဲ့ပဲ ကျားကန်ထားမယ်။ ဘာပဲပြောပြော တကယ့်ရွေးကောက်ပွဲမှာ သူတို့ဘက်က အလားအလာ မကောင်းနိုင်ပါဘူး။ သေချာပေါက် လိမ်မယ်၊ ညာမယ်၊ အဓမ္မနည်းနဲ့ အနိုင်ယူမယ်၊ သူတို့လျာထားသူတွေနဲ့ အစိုးရဖွဲ့မယ်။

အသက် ၃၈ နှစ်အောက် အရွယ်မှာ ပိုင်စိုးမယ့် အနာဂတ် လူငယ်တွေနှလုံးသားမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အနာတရဖြစ်ကျန်မှာတော့ စိုးရိမ်မိပါတယ်။ ဒီအနာတွေ၊ မခံချင်စိတ်တွေနဲ့ အင်အားသစ်တွေ ဖြစ်လာပါစေ။

XS
SM
MD
LG