သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေး ဥပဒေပြင်ဆင်ချက် အစီရင်ခံစာ အမျိုးသား လွှတ်တော်မှာ တင်သွင်း


အမျိုးသားလွှတ်တော်
အမျိုးသားလွှတ်တော်

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က လက်ခံဆွေးနွေးသင့်တယ်လို့ အကြံပြုထားတဲ့ အစီရင်ခံစာကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက ဒီကနေ့မှာပဲ လွှတ်တော်ကို တင်သွင်းခဲ့ ပါတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်၊ ပညာရေး အသုံးစာရိတ် တိုးမြင့်ရေး အပါအဝင် ပညာရေး ကဏ္ဍ အပေါ် ဗဟိုချုပ်ကိုင်မှု လျှော့ချရေး အပါအဝင် တင်သွင်းလာတဲ့ ကော်မတီရဲ့ အစီရင်ခံစာက ကျောင်းသားတွေ လိုလားတဲ့ မြန်မာ့ ပညာရေး ပြုပြင်ပြောင်းလဲရေးကို အာမခံချက် ပေးနိုင်မလားဆိုတာတွေကို မသိင်္ဂ ီထိုက်က စုစည်း တင်ပြထားပါတယ်။

အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ နိုင်ငံလုံးဆိုင်ရာ ကွန်ယက် NNER၊ ကျောင်းသားကိုယ်စားလှယ်တွေ၊ ပြည်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အမျိုးသားလွှတ်တော်မှာ ကြားနာပြီးနောက် သောကြာနေ့မှာတော့ အမျိုးသား လွှတတော် ဥပဒေကြမ်း ကော်မတီက လွှတ်တော်ထံမှာအစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် လွှတ်တော်အမတ် ဦးကျော်ကျော်က အခုလို ပြောပါတယ်။

"ဟုတ်ကဲ့ သမဂ္ဂဖွဲ့တဲ့ ကိစ္စကိုလည်း ကျနော်တို့က သဘောတူတယ်လေ။ အဲဒါလည်း ပါတယ်။ ဒီနှစ် ဘတ်ဂျက်ရဲ့ အခြေအနေကို ဒီနှစ်ဘဲ ဥပဒေကြမ်း ပြုပြီးတော့ကား ညှိပြီးတော့ကား အတည်ပြုချက် ယူရတယ်။ ဒါကြောင့် ဒါက တရားသေ သတ်မှတ်လို့ မရဘူး။ ဒီ ၂၀ ရာနှုန်း တောင်းထားတယ် သူတို့က။ ၂၀ ရာနှုန်း ဆိုတာက ဘတ်ဂျက် အခြေအနေ လိုက်ပြီးတော့ ပေးနိုင်တဲ့ နှစ်တွေလည်း ရှိမယ် မပေးနိုင်တဲ့ နှစ်တွေလည်း ရှိမယ်။ ဒါပေမယ့် သူတို့နဲ့ သဘောတူညီမှု ရခဲ့တာက ဒီ ၅ နှစ် အတွင်းမှာ တဖြည်းဖြည်း တိုးမြှင့်သွားတာ ၂၀ ရာနှုန်း အထိ ရအောင် တိုးမြှင့်ပေးမယ် ဆိုတာ သဘောတူညီမှု ရခဲ့ပါတယ်။ အဲဒါလည်း ပါပါတယ် အစီရင်ခံစာမှာ။"

ဒီလိုခွဲခြားထားတဲ့ အချက်တွေဟာ ကျောင်းသားတွေနဲ့ ကြားနာပွဲက တောင်းဆို ချက်တွေကို အခြေခံပြီး ရေးသားခဲ့ တာ ဖြစ်ပါတယ်။ ကျောင်းသားတွေ အဓိက တောင်းဆိုထားတဲ့ ပညာရေး စနစ်အပေါ် ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်ရေး အတွက်လည်း ကော်မတီ အစီရင်ခံစာက အကျယ်တဝင့် ရှင်းလင်း ဖော်ပြ ထားတယ်လို့လည်း လွှတ်တော် အမတ် ဦးကျော်ကျော်က ပြောပါတယ်။

"ဥပမာ အားဖြင့် ကျောင်းသား သမဂ္ဂ ကိုယ်စားလှယ်တွေ ပါတယ်။ ဆရာများ သမဂ္ဂ ကိုယ်စားလှယ်တွေ ပါတယ်။ အမျိုးသား လွှတ်တော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေက တင်သွင်းမယ့် အဖွဲ့ဝင်တွေ ပါတယ်။ ပညာရှင်တွေ ပါတယ်။ တော်တော်များများ ပါပါတယ်။ ဗဟိုချုပ်ကိုင်မှုကို မသက်ဝင်အောင် လျှော့ချ တဲ့ဟာ အကုန်လုံး ဖြစ်သွားအောင် ဆိုပြီးတော့ကား တော်တော်ကို သိုင်းသိုင်းဝိုင်းဝိုင်း ဆွဲထားတာ တွေ့ရပါတယ်။ အဓိက ကတော့ ဒီ မူဝါဒပိုင်းဆိုင်ရာကိုဘဲ ကြီးကြပ်မှာ။ ဟို လုပ်ရပ်တွေ အသေးစိတ် ဘာမှ မကြီးကြပ်ပါဘူး။ မူဝါဒပိုင်းကိုဘဲ ကြီးကြပ်မှာ။"

လွှတ်တော် ဥပဒေကြမ်း ကော်မတီက အခု တင်သွင်းတဲ့ အစီရင်ခံစာကို ဆွေးနွေးလိုတဲ့ လွှတ်တော် အမတ်တွေ အနေနဲ့ တနလာၤနေ့ နောက်ဆုံးထား အမည်စာရင်း တင်သွင်းကြဖို့လည်း ရှိပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကတော့ ကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာက ဥပဒေနဲ့ အညီ အတော်လေး ပြည့်ပြည့်စုံစုံ ရေးထားတယ်လို့ ယေဘူယျ သုံးသပ်တဲ့ အကြောင်း ပြောပါတယ်။

"ယေဘူယျ အမြင်အရဆိုရင်တော့ ကျောင်းသားတွေ လိုချင်တဲ့ အခြေအနေနဲ့ရော နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပါအဝင် ဥပဒေကြောင်းအရ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဥပဒေ ရေးထုံးအရ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အနှစ်သာရ အချက်တွေရောကို အတော်လေး အလေးအနက် ထားပြီးတော့ ပြုစုထားတယ်လို့တော့ ကျနော် မှန်းဆလို့ ရတယ်ဗျ။ ထပ်ပြီးတော့ အသေးစိတ် ပြန်ပြီး လေ့လာရဦးမှာပေါ့။ လေ့လာပြီးတော့မှ ဘယ်လိုတွေ ဒါ ပြင်ဆင်ထားတဲ့ အထဲမှာ ထပ်ပြီး ပြင်ဆင်တာ၊ ဘယ်ဟာတွေက အကြံပြုစရာ ရှိတာတွေကတော့ ပေါ်ပေါက်လာနိုင်သေးတယ်လေ။ အသေးစိတ် လေ့လာမယ်ဆိုရင်တော့နော်။"

အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ အစီရင်ခံစာမှာတော့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ လက်ခံသင့်တဲ့ ပြဌာန်းချက် ၁၃ ချက်၊ ဥပဒေ ကျင့်ထုံးနဲ့အညီ ပြန်လည်ရေးသားသင့်တဲ့ အချက်၂၅ ချက်၊ စကားရပ် အစားထိုး ပြန်လည်ရေးသားသင့်တဲ့ အချက်၂၄ ချက်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တည်ဆဲ ဥပဒေနဲ့ မကိုက်ညီတဲ့ အချက် ၁၉ ချက် အဖြစ် ကဏ္ဍ ၄ ရပ်ခွဲခြားထားပြီး အမျိုးသား လွှတ်တော် အနေနဲ့ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လက်ခံဆွေးနွေးသင့်တယ်လို့လည်း ကော်မတီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာ့ ပညာရေး စနစ်မှာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ အသုံးစားရိတ် တိုးမြှင့်ပေးရေး၊ တိုင်းရင်းသား စာပေ သင်ကြားခွင့်ရရေးနဲ့ ကျောင်းသား သမဂ္ဂများ တရားဝင် ဖွဲ့စည်းနိုင်ခွင့် အပါအဝင် ပညာရေး ဥပဒေ ပြုပြင်ပြောင်းလဲရေး တောင်းဆို ခဲ့ကြတဲ့ ကျောင်းသား ၁၀၀ ကျော်ကတော့ သာယာဝတီ အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေရပြီး တည်ဆဲ ဥပဒေတွေနဲ့ ရင်ဆိုင်နေကြရပါတယ်၊

XS
SM
MD
LG