သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေမူကြမ်း လွှတ်တော်ကိုလွှဲ


ရန်ကုန်အရောက်ချီတက်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း။ (ဓာတ်ပုံ- မာတင်ဆွေ fb)
ရန်ကုန်အရောက်ချီတက်ကြဖို့ ကြေညာချက်ထုတ်ပြန်ထားတဲ့ ကျောင်းသားသပိတ်စစ်ကြောင်း။ (ဓာတ်ပုံ- မာတင်ဆွေ fb)

ဒီကနေ့ကျင်းပတဲ့လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ NNER ရဲ့မူကြမ်းကို ပညာရေးဝန်ကြီးဌာနက အပြန်အလှန်ဆွေးနွေးညှိနှိုင်းတာမျိုးမရှိဘဲ လက်ခံ သဘောတူလိုက်ပါတယ်။ ဒါ့အပြင် ဒီဥပဒေမူကြမ်းကိုပဲ လွှတ်တော်မှာတင်သွင်းသွားမယ်လို့ အစိုးရဘက်ကပြောကြောင်း ဗကသကိုယ်စားလှယ် မဖြိုးဖြိုးအောင်က ဗွီအိုအေကိုပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

အစိုးရပညာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တွေ ရေးဆွဲလာတဲ့ ပညာရေးဥပဒေပြင်ဆင်ချက်မူကြမ်းနဲ့ ကျောင်းသားတွေပါဝင်ရေးဆွဲထားတဲ့ ပညာေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) ကရေးဆွဲထားတဲ့ မူကြမ်းနှစ်ခုကိုလေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ နှစ်ဘက်လုံးက တင်ပြခဲ့တာပါ။ ဒီလထဲမှာ NNER ရဲ့ပညာရေးဥပဒေပြင်ဆင်ချက် မူကြမ်းကို လွှတ်တော်မှာတင်ဖို့ အစိုးရဘက်က သဘောတူခဲ့ကြောင်း ကျောင်းသား ကိုယ်စားလှယ်ဖြစ်တဲ့ မဖြိုးဖြိုးအောင်က ဆိုပါတယ်။

“နောက်ပိုင်းကျတော့NNER ဘက်က ပြင်ဆင်ချက်ကိုပဲ အစိုးရက သူတို့ယူမယ်ပေါ့နော်။ တစုံတရာ ဆွေးနွေးခြင်းမရှိဘဲ NNER ဘက်က ပြင်ဆင်ချက်ကို အစိုးရက လက်ခံလိုက်တာ။ ပညာရေးဝန်ကြီးဌာနက NNER ပြင်ဆင်ချက်ကို လုံးဝမဆွေးနွေးဘူး၊ အဲဒါကိုပဲ တင်မယ်လို့ပြောတယ်။”

နေ့လည်ပိုင်းမှာတော့ မနေ့ကထုတ်ပြန်ခဲ့တဲ့ ကျောင်းသားသပိတ်တွေနဲ့ပတ်သက်တဲ့ အစိုးရရဲ့သတင်းထုတ်ပြန်ချက်တွေအပေါ်မှာ ကျောင်းသားတွေနဲ့ အစိုးရကိုယ်စားလှယ်တွေကြား အပြန်အလှန် ဆွေးနွေးကြပေမယ့် သဘောတူညီမှုရတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

“ညနေပိုင်းအခြေအတင်ဆွေးနွေးတာကတော့ မနေ့ကတုန်းက အစိုးရဘက်က ထုတ်လိုက်တဲ့ ကြေညာချက်နဲ့ပတ်သက်ပြီးတော့ပေါ့နော် - ကျမတို့ အမြဲတမ်း ကြုံနေရတဲ့ ကျောင်းသားတွေက တစုံတရာ သဘောတူညီထားတာမျိုးမရှိဘဲနဲ့ သဘောတူညီထားသယောင်ယောင် ကြေညာချက်တွေ ထုတ်ပြန်နေတာက ကျမတို့အတွက် အင်မတန်မှ မသင့်တော်ဘူးပေါ့နော်၊ ကျမတို့အတွက်လည်းမကောင်းဘူး၊ ပြီးတော့လည်း ဒီ အစိုးရရဲ့ကြေညာချက်တွေက ကြိုတင်…သဘောတူညီထားတဲ့အချက်တွေပေါ့နော်၊ ကြိုတင်သဘောတူညီထားတဲ့အချက်တွေကို ချိုးဖောက်နေတဲ့ပုံစံမျိုး အမြဲတွေ့ရလေ့ရှိတယ်။ အဲဒါတွေလည်း ကျမတို့ ဆွေးနွေးခဲ့ပါတယ်။ နောက် အစိုးရဘက်ကလည်း မနေ့က သူတို့ကြေညာချက်အတိုင်း ရန်ကုန်ကို မဝင်စေချင်ဘူး၊ ကျမတို့ကလည်း ရန်ကုန်ကို မဝင်လို့မဖြစ်ဘူး၊ ကျမတို့သပိတ်ကရပ်လို့မရဘူး၊ အဲဒီလို အနေအထားမှာတော့ အပြန်အလှန် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားတဲ့သဘောတူညီချက်မျိုးတော့ မရခဲ့ပါဘူးရှင်။”

ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ လေးပွင့်ဆိုင်ဆွေးနွေးရေးကို ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြင်ဆင်တဲ့ဥပဒေကြမ်းပုံစံတော့မပေါက်ဘူးရှင့်။ ဥပဒေကြောင်းအရဆိုရင်တော့- အဲဒါကြောင့်မို့လို့ ပြင်ဆင်တဲ့ဥပဒေကြောင်းပုံစံပေါက်အောင် မနက်ဖြန်ကျမှ ပညာရေးဝန်ကြီးဌာနက ဥပဒေပညာရှင်တွေရယ်၊ NNER ရယ်၊ ကျမတို့ ကျောင်းသားကိုယ်စားလှယ်တဦးရယ် သွားပြီးတော့ ဒီဟာကို အသေးစိတ်ရေးဆွဲမှာဖြစ်ပါတယ်ရှင့်။ အဓိက-ကတော့ စာသားတွေရှိတယ်၊ ပုဒ်မတွေကို ဘယ်လိုအစားသွင်းမလဲပေါ့နော်၊ နောက်တခုက ဘယ်လိုပြင်ဆင်မလဲ၊ အဲဒီဟာကို အစားသွင်းတဲ့၊ ပြင်ဆင်တဲ့ဥပဒေကြမ်းဖြစ်တဲ့အတွက် ပုဒ်မ ဘယ်လောက်ကိုတော့ ဘယ်လိုပြင်ဆင်ပါတယ်ဆိုတာမျိုး၊ ဒီလို ထပ်ရေးပေးတာတွေရှိပါတယ်။ အဲဒီတော့ နားလည်တဲ့သူတွေနဲ့ ကျမတို့ဒါကို အသေးစိတ်ထပ်ပြီးတော့ ရေးဆွဲဖို့ရှိပါတယ်ရှင်။”

အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်နေတ့ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းတွေထဲက ပဲခူးမြို့ကိုရောက်နေတဲ့ တနင်္သာရီ၊ မွန်၊ မြေလတ် ကျောင်းသားတွေရဲ့စစ်ကြောင်းဟာ ပဲခူးမြို့က ဘုန်းကြီးကျောင်းတခုမှာ တည်းခိုနေချိန် ဖိအားပေးခံနေရကြောင်း ထားဝယ်သပိတ်ခေါင်းဆောင် ကိုဇင်မောင်ဖြိုးက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပါချုပ်နဲ့လာတွေ့ပြီးတော့ ကျနော်တို့ကို ရန်ကုန်ကိုဆက်မဝင်နဲ့လို့ ပြောပါတယ်။ ပဲခူးက။ နောက်ပြီးတော့ ကျနော်တို့တည်းတဲ့ ဘုန်းကြီးကျောင်းတွေထဲမှာ စွမ်းအားရှင်တွေနဲ့ ရဲတွေနဲ့ လုံခြုံရေးအထပ်ထပ်ချထားတယ်။”

အစိုးရအနေနဲ့ ရန်ကုန်ကို ကျောင်းသားတွေမဝင်ရောက်နိုင်ရေး ရန်ကုန်နဲ့ ပဲခူးတိုင်းကြားတွေမှာ အတားအဆီးတွေရှိနေကြောင်း သာယာဝတီခရိုင် ဒေသခံတဦးကလည်း ပြောပါတယ်။

“သာယာဝတီဘက် အခြမ်းတခြမ်းချတယ်။ ပဲခူးတိုင်းနယ်စပ်မှာချတယ်။ ရန်ကုန်တိုင်းနယ်စပ် တိုက်ကြီးမြို့နယ်၊ ဥက္ကံမှာချတယ်။ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းက ချောင်းလေးပဲခြားတာကိုး။ သာယာဝတီနဲ့တိုက်ကြီးက- အဲဒီနေရာမှာ နှစ်ခုကို ဟိုဘက် ဒီဘက် မျှချထားတာလေ။ ဟိုဘက်မှာ ကားဆယ်စီးရပ်ထားတယ်။ လမ်းမပေါ်မှာ။ လူအင်အား ၂၀၀ ကျော်၊ ၃၀၀ လောက်ရှိတယ်။ သာယာဝတီဘက်မှာ ကား ၁၂ စီးရှိတယ်။ လူအင်အား ၁၆၀ ပထမရက်ကရှိတယ်ပေါ့။ ထပ်တိုးလာတယ်လို့ ပြောတယ်။ အဲဒါတော့ ကျနော် စာရင်းအသေအချာမသိဘူး။ ရေ ဘောက်ဆာကားနှစ်စီးရှိတယ်။ မီးသတ်ကားအသေးလေးက လေးစီးရှိတယ်။ ကျန်တဲ့ကားတွေနဲ့ အားလုံး ၁၂ စီးရှိတယ်။”

မန္တလေးကနေ ခရီးရှည်ချီတက်လာတဲ့ ဗကသများအဖွဲ့ချုပ်ဦးဆောင်တဲ့ ပင်မသပိတ်စစ်ကြောင်းကတော့ ပေါင်းတည်ကနေ နတ္တလင်းမှာရောက်နေပြီး ဧရာဝတီစစ်ကြောင်းကတော့ ကျိုက်လတ်ကနေ ဖျာပုံကိုရောက်နေပါပြီ။ တချိန်တည်းမှာပဲ အစိုးရနဲ့ ကျောင်းသားတွေရဲ့လေးပွင့်ဆိုင်ဆွေးနွေးပွဲကိုလည်း ကျင်းပနေပါတယ်။ ဒီဆွေးနွေးပွဲမစခင် ကျောင်းသား ၁၅ ဦးထဲက တကသနဲ့ မြေလတ်ကျောင်းသားတွေကို သမ္မတရုံးဝန်ကြီးက ရန်ကုန်ကို ချီတက်တာတွေရပ်တန့်ဖို့ မေတ္တာရပ်ခံခဲ့တယ်လို့ ဆိုပါတယ်။

“ပြည်ထောင်စုဝန်ကြီး၊ သမ္မတရုံးကဝန်ကြီး ဦးလှထွန်းကတော့ အဲလိုမျိုး လာပြောပါတယ်။ ဒါပေမယ့်သူက မျက်နှာငယ်လေးနဲ့ပေါ့၊ အဲလိုမျိုး ‘ကျောင်းသားတွေ ရန်ကုန်မြို့ကိုတော့ လုံးဝမဝင်ကြပါနဲ့’-အဲလိုမျိုး၊ နောက်ပြီးတော့ သူက မေတ္တာရပ်ခံပါတယ်လို့- တောင်းပန်တာပေါ့နော်။ အထွေထွေသပိတ်ဖြစ်နိုင်တဲ့အခြေအနေတွေရှိတယ်ပေါ့နော်၊ ရန်ကုန်မှာက အလုပ်သမားတို့၊ လယ်သမားတို့က အများကြီးရှိတယ်။ ဦးတို့အစိုးရကို အဆင်မပြေမှုတွေများနေလို့ လယ်သမားတွေက မကျေနပ်တာတွေ အများကြီးရှိပါတယ်-သားတို့ရယ်၊ အဲလိုမျိုး မဝင်ကြပါနဲ့- လို့တော့ အဲဒီမှာ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကတော့ အစည်းအဝေးမတိုင်ခင် လာတောင်းပန်တယ်လို့ပြောတယ်။”

အစိုးရအနေနဲ့ ရန်ကုန်ကို ကျောင်းသားသပိတ်စစ်ကြောင်းတွေ ဝင်ရင် တည်ဆဲဥပဒေအရ အရေးယူမယ်လို့ပြောခဲ့ပြီးတဲ့နောက် ပဲခူးတိုင်းအတွင်းက နယ်မြို့တွေမှာတော့ ကော်မတီတွေဖွဲ့ပြီး ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းတွေကို တားဆီးနိုင်ရေးဆွေးနွေးနေကြတယ်လို့ ဒေသခံက ဆက်ပြောပြပါတယ်။

“ကြေညာချက်က ‘မူအားဖြင့် လိုက်လျော’ ..ပါမယ်လို့ ပြောတဲ့ဟာကို သူတို့က ‘ကျနော်တို့အားလုံးလိုက်လျောနေရဲ့သားနဲ့ ကျောင်းသားတွေက ဆက်တိုးလာတာပါ။ ကျောင်းသားတွေအလွန်ပါ’-ဆိုတာမျိုး သူတို့က တွင်တွင်သုံးနေတာ။ အခု မြို့မိမြို့ဖတွေ တောက်လျှောက်ပြောနေတယ်၊ ပြောနေတယ်၊ မြို့တိုင်းမှာ အဲဒါမျိုးတွေပဲ လိုက်ပြီး ရှင်းလင်းပွဲတွေ လုပ်နေတယ်။ ကျနော်တို့မြိ့နယ်တွေရှိနေတဲ့ မြိုတွေမှာ သူတို့လိုက်ပြီး ရှင်းလင်းပွဲတွေ လုပ်တယ်။ မြို့မိမြို့ဖအဖွဲ့တွေ ဖွဲ့တယ်။ အခုဆိုလို့ရှိရင် မြို့တိုင်းကိုဖွဲ့တယ်၊ အခု သာယာဝတီခရိုင်ထဲမှာ။ စီမံချက်အနေနဲ့ အရင်ဆုံး မြို့မိမြို့ဖလိုမျိုး ကျောင်းဆရာ ဆရာမတွေက သူတို့ကို ဆွေးနွေးပြီး ညှိနှိုင်းပြီးတားမယ်၊ တားလို့မရဘူးဆိုလို့ရှိရင် သူတို့ ‘ပြည်သူလူထု’ လို့ အမည်ခံထားတဲ့ ဘယ်ကပေါ်လာမှန်းမသိတဲ့ လူ ၁၀၀ ခန့်ကနေ လက်ချင်းချိတ်ပြီးတော့ တားမယ်၊ မရဘူးဆိုလို့ရှိရင် ရဲကနေတားမယ်။ ပြည်သူတွေနဲ့ စကားပြောကြည့်လိုက်တဲ့အချိန်မှာ ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့မှ သွေးမြေအကျမခံဘူး-ဆိုတဲ့စိတ်ကတော့ ပြည်သူတော်တော်များများမှာ တွေ့နေရတယ်ဗျ။”

ကျောင်းသားနဲ့အစိုးရကြားမှာ တဘက်နဲ့တဘက် သတင်းထုတ်ပြန်ချက်တွေရှိနေပြီး အစိုးရဘက်က ရန်ကုန်ကို ဆက်လက်ချီတက်မယ်ဆိုရင် သပိတ်မှောက်ကျောင်းသားတွေကို ‘တည်ဆဲဥပဒေ’ အရ အရေးယူမယ်လို့ ကြေညာထားသလို ပင်မကျောင်းသားသပိတ်ကလည်း ရန်ကုန်ကို ဆက်ချီတက်မယ့်အကြောင်း ကြေညာချက်ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG