သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပညာရေးဥပဒေ ပညာရှင်တွေ ကန့်ကွက်


အဓိပတိလမ်းမနဲ့ ဘွဲ့နှင်းသဘင်
အဓိပတိလမ်းမနဲ့ ဘွဲ့နှင်းသဘင်

အမျိုးသားပညာရေးဥပဒေဟာ ဒီမိုကရေစီ နည်းလမ်းမကျ၊ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို အာမခံမပေးသလို လူ့အခွင့်အရေးတွေကိုလည်း လေးစားလိုက်နာမှု မရှိဘူးဆိုပြီး မြန်မာ့ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသူတွေက ပြောဆိုလိုက်ကြပါတယ်။ လွှတ်တော်က အတည်ပြုထားပြီး သမ္မတ လက်မှတ်ရေးထိုး အတည်ပြုပြီးရင် ဥပဒေအဖြစ် အသက်ဝင်လာတော့မယ့် အခု အမျိုးသား ပညာရေးဥပဒေကိုသာ ကျင့်သုံးမယ်ဆိုရင်တော့ မြန်မာ့ပညာရေးဟာ အောင်မြင်မှုရှိမှာမဟုတ်ဘူးဆိုပြီးလည်း ပြောဆိုကြပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြပေးထားပါတယ်။

အမျိုးသားပညာရေးဥပဒေမှာ ဗဟိုဦးစီးချုပ်ကိုင်မှုစနစ်ကို ဆက်လက် ကျင့်သုံးထားပြီး ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ဆန့်ကျင်နေတာမို့ ဒီဥပဒေကိုသာ ကျင့်သုံးရင် မြန်မာ့ပညာရေး အောင်မြင်မှုရမှာ မဟုတ်ဘူးလို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ဒေါက်တာသိန်းလွင်က ပြောပါတယ်။

“ပညာရေးလွတ်လပ်ခွင့်မရှိတဲ့အတွက် အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေ သူတို့ ဘာသာရပ်ဆိုင်ရာ ရွေးချယ်ခွင့်၊ သူတို့ရဲ့ဒီမိုကရေစီအခွင့်အရေးတွေ၊ ကျောင်းသားတွေ လွတ်လပ်စွာ အသင်းဖွဲ့စည်းပိုင်ခွင့်၊ ကျောင်းသားတွေ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ ကျောင်းသားတွေ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပိုင်ခွင့် အဲဒီအခွင့်အလမ်းတွေ ဆုံးရှုံးနေတဲ့အတွက် ကျောင်းသားတွေ ပျော်ရွှင်မှု ရှိမှာ မဟုတ်ဘူး။ ပျော်ရွှင်မှု မရှိတဲ့အတွက် ကျောင်းသားတွေရဲ့ ပညာရေးတိုးတက်မှုမှာ အဟန့်အတား ဖြစ်နိုင်တယ်။ နောက် ဆရာတွေရဲ့ လွတ်လပ်ခွင့်ပေါ့။ ဆရာတွေဟာ သူတို့ရဲ့ သင်ကြားပိုင်ခွင့်တွေ လွတ်လွတ်လပ်လပ် ရှိဖို့၊ ပညာရေးအဆုံးအဖြတ်တွေမှာ ဆရာတွေပါ ကိုယ်တိုင်ပါဝင်နိုင်မှု- အဲဒီအဟန့်အတားတွေ ရှိတဲ့အတွက် ဆရာတွေလည်း ပျော်ရွှင်မှာ မဟုတ်ဘူး၊ နောက် အထူးသဖြင့် တိုင်းရင်းသား ကလေးငယ်တွေဟာ တောင်ပေါ်ဒေသတွေမှာ ဗမာစာနဲ့သင်ရတဲ့အတွက် သူတို့ မပျော်ရွှင်ကြဘူး။ ဗမာလို နားမလည်တဲ့အတွက် ကျောင်းမှာ မပျော်ဘူး။ အဲဒါကြောင့် ကလေးတွေနားလည်တဲ့ မိခင်ဘာသာစကားနဲ့အခြေခံတဲ့ ပညာရေးမျိုး လုပ်ပါလို့ ကျနော်တို့ တိုက်တွန်းတယ်။ ဒါပေမယ့် အစိုးရဘက်က မလိုက်နာခဲ့ဘူး။

“ဗမာစာသည်သာ သင်ကြားရေးမဏ္ဍိုင်လို့ သုံးတဲ့အတွက် တိုင်းရင်းသားကလေးတွေအတွက် အစိုးရကျောင်းတွေမှာ ပညာသင်ကြားနိုင်ဖို့ အခက်အခဲ ကြုံတွေ့နိုင်တယ်။

“နောက်တဆင့်က မသန်စွမ်းတဲ့ကလေးတွေပေါ့။ အမြင်အာရုံအားနည်းတဲ့ကလေးတွေ၊ အကြားအာရုံ အားနည်းတဲ့ကလေးတွေ၊ ခန္ဓာကိုယ်အားဖြင့် အားနည်းတဲ့ကလေးတွေဟာ တခြားကလေးများနဲ့ အတူတကွ သင်ကြားပိုင်ခွင့်ပေါ့။ Inclusive Education ခေါ်တဲ့ နိုင်ငံတကာမှာ ပြောင်းလဲကျင့်သုံးလာတဲ့ အားနည်းတဲ့ကလေးတွေဟာ တခြားကလေးများနဲ့အတူတူ သင်ကြားပိုင်ခွင့်ကို ကျနော်တို့ တင်ပြခဲ့တယ်။ အစိုးရဘက်က လက်မခံခဲ့ဘူး။ ဒါကြောင့် ပညာရေးက လူ့အခွင့်အရေးလည်း ဆုံးရှုံးတယ်။ လူ့ဂုဏ်သိက္ခာအရလည်း ဆုံးရှုံးမှု ရှိနေတယ်။ ဒီမိုကရေစီ အခွင့်အလမ်းတွေလည်း ဆုံးရှုံးနေတယ်။ ပညာရေးလွတ်လပ်ခွင့်မှာလည်း ထိခိုက်နေတဲ့အတွက် လက်ရှိဥပဒေအတိုင်းသာ အကောင်အထည်ဖော်မယ်ဆိုရင် ဒီပညာရေးမှာပါဝင်တဲ့ ကျောင်းသားလည်း မပျော်ဘူး၊ ဆရာလည်း မပျော်ဘူး။ တိုင်းရင်းသားတွေလည်း မပျော်ရွှင်တဲ့အတွက် ဒီပညာရေးက အောင်မြင်မှာ မဟုတ်ဘူးလို့ ကျနော်က မြင်ပါတယ်။”

အရှေ့တောင်အာရှမှာ အကောင်းဆုံး တက္ကသိုလ်အဖြစ် ရန်ကုန်တက္ကသိုလ်ကို သတ်မှတ်ခဲ့ကြရတဲ့အထိ မြန်မာ့ပညာရေးစနစ် အဆင့်မီခဲ့တဲ့ အနေအထားကနေ ၁၉၆၂ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းယူပြီးချိန်ကစလို့ ဒီကနေ့ ဒီအချိန်အထိ မြန်မာ့ပညာရေး အတော်လေး နိမ့်ကျလာတဲ့တဲ့ အခြေအနေကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ထောက်ပြပါတယ်။ ဒါကြောင့် ဆိုးဆိုးဝါးဝါး နိမ့်ကျနေတဲ့ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲဖို့ အစိုးရရဲ့ စိတ်ပါဝင်စားမှုက အားရစရာမရှိဘူးဆိုပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဆရာ ဦးသုတက ပြောပါတယ်။

“ဆိုးဆိုးဝါးဝါး သက်ရောက်သွားနိုင်တယ်။ ဥပမာ- ကျောင်းသား သမဂ္ဂတွေမဖွဲ့နိုင်ဘူး၊ ဆရာများသမဂ္ဂတွေလည်း မဖွဲ့နိုင်တော့ဘူး။ အဲဒီတော့ အခု ကျနော်တို့ ဆရာများသမဂ္ဂကလည်း ပညာရေး ဥပဒေအရ လုပ်ထားတာမဟုတ်ဘူး။ အလုပ်သမားဥပဒေအရ ဖွဲ့ထားတဲ့ အခြေအနေပဲဗျ။ အဲဒီတော့ အခုချိန်ထိက ဆိုးဆိုးဝါးဝါး သက်ရောက်တာကတော့ အများကြီးပဲလေ။ မပြောင်းလဲဘူး။ ဥပမာ သမ္မတက ပြောတယ်ဗျာ၊-First wave, 2nd and

Third waveထဲမှာ ပညာရေးနဲ့ ပတ်သက်ပြီး အပြောင်းအလဲ လုံးဝ မပါဘူး၊ ပါလာတဲ့အချိန်ကျတော့လည်း အခု အမျိုးသား ပညာရေးဥပဒေကျတော့လည်း ဆိုးဆိုးဝါးဝါး အင်မတန် ပညာရေးစနစ်ကို ဆိုးဝါးစေနိုင်တဲ့ အခြေအနေထိကို ရောက်သွားတာ ခင်ဗျ။”

ကျောင်းသားလူငယ်တွေ အဆင့်မီပညာရေး သင်ကြားနိုင်ခွင့်အပါအဝင် အစိုးရက ပညာရေးအသုံးစရိတ်ကို မဖြစ်စလောက်ပဲပေးတဲ့ အခြေအနေအဆုံး ဝေဖန်မှုတွေက ကျယ်ကျယ် ပြန့်ပြန့် ရှိနေတာပါ။ အခု လွှတ်တော်က အတည်ပြုထားတဲ့ ပညာရေးဥပဒေမှာဆိုရင်လည်း ဒီအချက်တွေကို ထည့်သွင်းထားတာမရှိဘဲ အရင် စစ်အစိုးရ လက်ထက်တုန်းက ကျင့်သုံးတဲ့တဲ့ ပညာရေးဥပဒေအတိုင်း ဖြစ်နေတယ်လို့လည်း NNER က ဒေါက်တာ သိန်းလွင်က ထောက်ပြပါတယ်။

“စကားလုံးတချို့ပဲ ဒီမိုကရေစီတို့ ဘာတို့ စကားလုံးတချို့ ပါလာပေမယ့် တကယ့်အနှစ်သာရ ပညာရေး စီမံခန့်ခွဲမှုစနစ်အရကော ပညာရေးလွတ်လပ်ခွင့် အရကော- ပညာရေး တန်းတူညီမျှမှုပေါ့၊ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေး - အဲဒါတွေအရရော နဂိုရ် စစ်အစိုးရရဲ့ အလားသဏ္ဍန်နဲ့ တူတယ်။ ဥပမာ ထင်ထင် ရှားရှား ထောက်ပြရရင် စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ခင်ညွန့်က ပညာရေးကော်မတီဆိုပြီးတော့ ပညာရှင်တွေရဲ့ အထက်ကလေ။ ပါမောက္ခတွေ၊ ဆရာတွေရဲ့အထက်က နေခဲ့တယ်။ အမိန့်နဲ့ ခိုင်းစေခဲ့တယ်။ အဲဒီ ပုံစံအတိုင်းပဲ အခု အမျိုးသား ပညာရေး ကော်မရှင်ဆိုပြီး ဖွဲ့ဖို့ ဥပဒေမှာ ပါလာတယ်။ အဲဒါက ဗဟိုချုပ်ကိုင်တဲ့ အဖွဲ့ ဖြစ်နေတယ်။ အဲဒါကြောင့် နဂိုရ် စစ်အစိုးရရဲ့ ဥပဒေနဲ့ အလားသဏ္ဍန်တူတယ်လို့ ကျနော်က မြင်ပါတယ်။”

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို အာမခံပေးနိုင်မယ့် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးဝန်ကြီးဌာနနဲ့ အတူ ပညာရေးဆိုင်ရာ ကျွမ်းကျင်သူတွေ စည်းဝေးရေးဆွဲဖို့ တိုက်တွန်း တောင်းဆိုတဲ့ကြပေမယ့်လည်း လက်ခံဆွေးနွေးတဲ့ခြင်းမရှိဘဲ အခု အမျိုးသား ပညာရေး ဥပဒေကို အစိုးရက စိတ်ကြိုက် ရေးဆွဲတဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG