သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးအဆို လွှတ်တော်မှာ ပယ်ချခံရ


ပညာရေးအဆို လွှတ်တော်မှာ ပယ်ချခံရ
ပညာရေးအဆို လွှတ်တော်မှာ ပယ်ချခံရ

ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပညာရေးနဲ့ပတ်သက်တဲ့ အဆိုတခုကို မဲခွဲဆုံးဖြတ်တဲ့ အဆင့်ထိရောက်ခဲ့ပြီး မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်မှာတော့ ခုချိန်ထိ အဆိုတခုခုကို မဲခွဲ ဆုံးဖြတ်တဲ့အဆင့်ထိ မရောက်သေးဘဲ အားလုံးသဘောတူပြီး အတည်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လည်း အဆိုတင်သူက ပြန်ရုပ်သိမ်းတာနဲ့ ပြီးသွားတာမျိုးပဲရှိပါသေးတယ်။ ဒီကနေ့ လွှတ်တော်အစည်းအဝေးတွေရဲ့ အခြေအနေကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ တင်သွင်းထားတဲ့အဆိုကတော့ လက်ရှိ ပညာရေးစနစ်ကို ကျွမ်းကျင်သူ ပညာရှင်အဖွဲ့တွေ၊ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဘုတ်အဖွဲ့တခုဖွဲ့စည်းပြီး ပြန်လည် သုံးသပ်ဖို့ဆိုတဲ့ အဆိုဖြစ်ပါတယ်။ ဒီအဆိုကို တင်သွင်းခဲ့သူက ချင်းပြည်နယ် အမှတ် (၄) မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစတီဗင်သာဘိတ်ဖြစ်ပြီး ထောက်ခံဆွေးနွေးသူတွေထဲမှာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်လည်း အပါအဝင်ပါ။ ပညာရေးဝန်ကြီး ဒေါက်တာချမ်းငြိမ်း က ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အဆိုကို ပြန်ရုပ်သိမ်းဖို့ပြောခဲ့ပေမဲ့ အဆိုတင်သွင်းသူက မရုပ်သိမ်းတဲ့အတွက် မဲခွဲ ဆုံးဖြတ်ခဲ့ကြတာမှာတော့ မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်သွားခဲ့တယ်လို့ ဦးဘုန်းမြင့်အောင်က ပြောပါတယ်။

“အဲဒီအဆိုကို ကျနော်တို့ ထောက်ခံဆွေးနွေးကြတယ်ဗျာ။ ပြီးတော့ ဒေါက်တာချမ်းငြိမ်းကပြန်ပြီးတော့ ဆွေးနွေးတယ်။ သူဆွေးနွေးတာက အဓိကကတော့ ပညာရေးနဲ့ပတ်သက်လို့ သူတို့ အကောင်းဆုံးနဲ့ အပြည့်စုံဆုံး လုပ်နေတဲ့အကြောင်းပေါ့လေ။ အဲဒါတွေကို ရှင်းပြပါတယ်။ ရှင်းပြပြီးတော့ ဒါ့ကြောင့် ဘုတ်အဖွဲ့ ဖွဲ့စည်းဖို့မလိုပါဘူး။ ဒီဘုတ်အဖွဲ့ ဖွဲ့စည်းဖို့ကိစ္စကို ပြန်လည်ရုပ်သိမ်းပေးပါဆိုပြီး သူကပြောပါတယ်။ ကျနော်တို့ ဒီဘက်က အဆိုတင်တဲ့သူက မရုပ်သိမ်းချင်ပါဘူးဆိုတဲ့အတွက် ကျနော်တို့ မဲခွဲရတဲ့အဆင့်ထိ ရောက်သွားတာပေါ့။ မဲခွဲတော့လည်း ကျနော်တို့ ဒီဘက်က မဲက ၂၀ လောက်ပဲရပါတယ်။ ကျန်တဲ့ ၁၉၀ လောက်ကတော့ ဒေါက်တာချမ်းငြိမ်းဘက်က ရတယ်။ အဲဒီတော့ ကျနော်တို့ ပညာရေးနဲ့ပတ်သက်လို့ ဒီဘုတ်ဖွဲ့ပြီးတော့ ဖွဲ့စည်းဖို့ိကိစ္စကတော့ ကျနော်တို့ကိစ္စ ပျက်သွားတာပေါ့ဗျာ။”

ပညာရေးဆိုင်ရာကျွမ်းကျင်သူတဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ကတော့ မြန်မာနိုင်ငံပညာရေးစနစ်ဟာ ပြုပြင်ပြောင်းလဲဖို့ လိုနေပြီး အဲဒီလိုပြုပြင်ပြောင်းလဲနိုင်ရေးအတွက် သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူ ပညာရှင်တွေပါဝင်တဲ့အဖွဲ့နဲ့ စနစ်တကျ လေ့လာဖို့ လိုအပ်တယ်ဆိုတာကို သဘောတူပါတယ်။

“ကျနော့်အမြင်တော့ ဒီမြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲဖို့အတွက် လွတ်လပ်တဲ့ပညာရှင်အဖွဲ့တွေက လေ့လာပြီးတော့ တင်ပြချက်တွေ လိုအပ်တယ်။ ဒီလိုတင်ပြချက်တွေအပေါ်မှာ လွှတ်တော်ကစဉ်းစာပြီးတော့မှ ဆောင်ရွက်ဖို့ပေါ့။ အဲဒီလို သုတေသနအဖွဲ့တွေ၊ လွတ်လပ်တဲ့ပညာရှင်အဖွဲ့တွေကို ဖွဲ့စည်းပြီးတော့ လေ့လာဖို့လိုတယ်။ တင်ပြဖို့လိုတယ်။ ဒါမှသာ ဒီပညာရေးကို ကျယ်ကျုယ်ပြန့်ပြန့် ပြန်လည် သုံးသပ်နိုင်မယ်လေ။ ကျနော်တို့ ပညာရေးက အများကြီး အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါကျတော့ ပြန်လည်ပြင်ဆင်ဖို့လိုတယ်။ အဲဒီအတွက် ကျနော်တို့က ဘယ်လိုအပိုင်းတွေမှာ အခက်အခဲ ကြုံနေရလဲ၊ ဘယ်လိုဟာတွေ ပြင်ဆင်ရမလဲ၊ ဘယ်လိုပြင်ဆင်မလဲ ဆိုတဲ့တင်ပြချက်တွေ လိုတယ်။ အဲဒီအတွက် လွတ်လပ်တဲ့ပညာရှင်တွေကနေ လေ့လာတင်ပြဖို့လိုအပ်ပါတယ်။”

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးတွေမှာ တင်သွင်း ဆွေးနွေးကြတဲ့အဆိုတွေထဲ အခု ပညာရေးနဲ့ဆိုင်တဲ့ အဆိုဟာ ပထမဆုံးအကြိမ် မဲခွဲဆုံးဖြတ်ခဲ့ရတဲ့အဆို၊ ပထမဆုံးအကြိမ် အရေးနိမ့်သွားတဲ့ အဆိုပဲဖြစ်ပါတယ်။ အဆိုတခု အရေးနိမ့်သွားပြီးရင် အဲဒီလိုအဆိုမျိုးကို နောက်ထပ် ပြန်တင်သွင်းခွင့် ရ-မရဆိုတာကလည်း ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ပြည်သူ့လွှတ်တော်ဘက်မှာဆိုရင် အဆိုတွေတင်သွင်းကြ၊ ထောက်ခံဆွေးနွေးကြပြီးတဲ့နောက် လွှတ်တော်က သဘောတူပြီး ဆက်လက် ဆွေးနွေးကြတာတွေရှိသလို သက်ဆိုင်ရာဝန်ကြီးတွေက လာပြီး ဖြေရှင်းတဲ့အခါကျတော့ အဆိုတင်သွင်းသူက သူ့ရဲ့အဆိုကို ပြန်ရုပ်သိမ်းသွားတာမျိုးနဲ့ အဆုံးသတ်သွားတာတွေလည်း ရှိပါတယ်။

တကယ်ကတော့ သက်ဆိုင်ရာဝန်ကြီးတွေ လာပြီး ရှင်းလင်းတယ်ဆိုတာကလည်း တိတိကျကျ ရေရေရာရာမဟုတ်ဘဲ မြန်မာ စစ်အစိုးရ ဝါဒဖြန့်ချိရေးလို၊ သူတို့ဝန်ကြီးဌာနတွေက လုပ်နေတာတွေဟာ အားလုံးကောင်း၊ လိုအပ်ချက်မရှိ ဆိုတာမျိုးတွေနဲ့ပဲ ပြန်ရှင်းတာကြောင့် အဲဒီရှင်းလင်းချက်တွေဟာ လူထုကြုံတွေ့နေရတဲ့ လက်တွေ့ ပကတိအခြေအနေတွေနဲ့ ကင်းကွာနေတယ် ဆိုတဲ့ ဝေဖန်သံတွေကလည်း ကြားနေရပါတယ်။

အဲဒီလိုမျိုး ကိုယ်တင်သွင်းတဲ့အဆိုတွေကို အလွယ်တကူ ပြန်ရုပ်သိမ်းတဲ့အပေါ်နဲ့ ဝန်ကြီးတွေရဲ့ ရှင်းလင်းချက်တွေအပေါ် ဝေဖန် သံတွေနဲ့ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အခုလို မှတ်ချက်ပေးပါတယ်။

“ကျနော် မြင်တာကတော့ ကိုယ်တင်ပြီးတယ်ဆိုရင် ကိုယ့်အဆိုက ဥပဒေမူကြမ်းတရပ်ဖြစ်လာအောင်၊ သို့မဟုတ် ဒီအဆိုဟာ ခုနကပြောသလို လွှတ်တော်တရပ်လုံးရဲ့အသံအဖြစ် သဘောထားအဖြစ် လွှတ်တော်မှတ်တမ်းမှာကျန်ခဲ့အောင် အဲဒါကတော့ ကြိုးစားကြဖို့လိုတာပေါ့။ သက်ဆိုင်ရာဝန်ကြီးတွေက အခုလို သူတို့ရှင်းလင်းဖြေကြားဖို့ပေါ့ဗျာ၊ ဒီလိုအခြေအနေမျိုး ဖြစ်ပေါ်လာအောင် ဖန်တီးပေးတဲ့ပေါ့ဗျာ၊ ဒီလိုအခြေအနေရအောင် ရှင်းပြခွင့်ရအောင်ဖန်တီးပေးတဲ့ အဆိုတင်ပြသူတွေကို ကျေးဇူးတင်ပါတယ် ဆိုတာကတော့ ထည့်ထည့်ပြောနေတာ ကျနော်ကြားနေရတယ်။”

လွှတ်တော်ကိုယ်စားလှယ်တွေမှာ သူတို့ကို အထောက်အပံ့ပြုမယ့် အကြံပေးပုဂ္ဂိုလ်၊ ဝန်ထမ်း၊ ရုံး စတာတွေ မရှိကြတဲ့အတွက် သူတို့ လုပ်ဆောင်ရတာတွေမှာ အခက်အခဲတွေ တွေ့နေကြရတယ်လို့ ပြောဆိုတာတွေ လည်းရှိလာပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေမှာ ဥပဒေရေးရာ အကူအညီတွေ၊ အချက်အလက်ပိုင်း ဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့အတွက် အဲဒီကိစ္စတွေကို ဆောင်ရွက်နိုင်ရေး ရုံးအဖွဲ့ ဖွဲ့စည်းဖို့ လိုနေတာကြောင့် အဲဒီအတွက် အကူအညီပေးမယ်လို့ ကမ်းလှမ်းတာ၊ တတ်နိုင်သူတွေက ထောက်ပံ့လှူဒါန်းကြဖို့ နှိုးဆော်တာတွေလည်း ရှိလာပါတယ်။

လွှတ်တော်အစည်းအဝေးတွေကို စနေ၊ တနင်္ဂနွေနေ့တွေမှာ ရပ်နားပြီး မတ်လ ၁၄ ရက်၊ တနင်္လာနေ့ကျရင် ပြန်စမှာဖြစ်ပါတယ်။

XS
SM
MD
LG