သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဥပဒေပြုပြင်မှုမူကြမ်း ပြည်သူ့လွှတ်တော်အတည်ပြု


အမျိုးသားလွှတ်တော်က အတည်ပြုထားတဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်လို့ ဥပဒေမူကြမ်းကို NLD လွှတ်တော်ကိုယ်စားလှယ်တဦးက ဦးဆောင်ပြီး “သမဂ္ဂ” ဆိုတဲ့ စကားလုံးများကို ဖြုတ်ကာ ပြင်ဆင်အဆိုပြုချက် တင်သွင်းရာ ပြည်သူ့လွှတ်တော်မှာ ကန့်ကွက်သူအနည်းငယ်သာရှိခဲ့ပြီး ဧပြီလ ရ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ကျောင်းသားတွေ သပိတ်မှောက်ဆန္ဒပြခဲ့ပြီးတဲ့နောက် ၄ ပွင့်ဆိုင် ဆွေးနွေးရေးကနေ ရေးဆွဲထားတဲ့ ဥပဒေကြမ်းကို လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ပြင်ဆင်ပြီးတဲ့နောက် ပြီးခဲ့တဲ့လက အမျိုးသားလွှတ်တော်ကနေ အတည်ပြုခဲ့ပါတယ်။ ဒီနောက် ပြည်သူ့လွှတ်တော်မှာလည်း ပြင်ဆင်ချက်တွေလုပ်ခဲ့ပြီးတဲ့နောက် ဧပြီလ ရ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ကျောင်းသားတွေဘက်က တင်ပြထားတဲ့ “သမဂ္ဂ” ဆိုတဲ့ စကားလုံးတွေကို ဖြုတ်ပြီး အဆိုတင်သွင်းခဲ့တာကြောင့် ကန့်ကွက်ခဲ့ရကြောင်း အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် က ဆိုပါတယ်။

“ပြင်ဆင်တဲ့အဆိုပြုချက်ထဲမှာ ကျောင်းသားသမဂ္ဂ၊ ဆရာများသမဂ္ဂ ဆိုတဲ့ စကားလုံးတွေကို ဖြုတ်ထားတာ တွေ့ပါတယ်။ လွှတ်တော်က ဖြိုးဇေယျာသော်ရဲ့ဟာကို ကန့်ကွက်သူရှိပါသလား မေးတယ်။ အဲ့ဒီမှာ ကန့်ကွက်သူရှိပါတယ်ဆိုပြီးတော့ ထခိုင်းတဲ့အခါမှာ ဦးသိန်းညွန့်ရယ်၊ ကျနော်ရယ်၊ ဒေါ်မြင့်မြင့်သန်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်ပါတီက ဖြစ်ပါတယ်၊ ဒေါ်တင်နွယ်ဦးရယ် ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ နောက်တယောက် ကိုစိန်ထွန်း ထန်းတပင်တယောက်လည်း ပါတာ တွေ့ပါတယ်။”

ဒီအဆိုကိုတင်သွင်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ကျောင်းသားတွေ တောင်းဆိုချက် အချက်တွေထဲက အတော်များများကို လိုက်လျောမှုမရှိဘဲ ပြင်ဆင်ထားတဲ့ ဥပဒေကြောင့် အကျိုးဆက်တွေ ဘာဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်ပေမဲ့ ကျောင်းသားတောင်းဆိုချက်ကို လိုက်လျောခြင်းဟာ တိုင်းပြည်အတွက် ကြီးမားတဲ့ နစ်နာမှုတွေ မဖြစ်နိုင်ပါဘူးဆိုပြီး ဦးခိုင်မောင်ရည် က ဆိုပါတယ်။

“ကျောင်းသားတွေဘက်မှာ ထိလွယ်ရှလွယ် အခြေအနေမျိုးတရပ်ကို ရောက်နေပါလျက်နဲ့ ဒီဘက်က ကျောင်းသားတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောမှုမရှိဘဲနဲ့ ကိုယ့်လုပ်ပိုင်ခွင့်နဲ့ကိုယ် ဆိုတဲ့ ပုံစံမျိုးတွေနဲ့ ဆောင်ရွက်လိုက်ကြတာ ကျနော်တို့ အမြင်ပဲ။ ပြောရရင်တော့ စိန်ခေါ်မှုတရပ်ကို ချလိုက်တာလားလို့ ပြောစရာဖြစ်ပါတယ်။ အမြင်တွေကတော့ တယောက်နဲ့တယောက် မတူကွဲပြားပါတယ်။ ကျနော်တို့အမြင်က လက်နက်ကိုင်ဆန့်ကျင်သူတွေကိုတောင်မှ တိုက်ပွဲဝင်နေတဲ့သူတွေကိုတောင် ငြိမ်းချမ်းရေးလုပ်နေရင် ပြည်တွင်းမှာရှိတဲ့ ကိုယ့်ရဲ့သားငယ်၊ သမီးငယ် နောက် မြေးမြစ်အရွယ်လောက် ကလေးလေးတွေ တောင်းဆိုနေကြတာတွေ ဆန္ဒပြနေကြတာ၊ သပိတ်မှောက်နေကြတာ ဒါတွေဟာ အကြောင်းမဲ့မဟုတ်ဘူး။ ဒါဟာ အချည်းနှီးကိစ္စ မဟုတ်ဘူးလို့ လက်ခံလိုက်မယ်ဆိုရင် ဒီဥပဒေလေးကို ဒီလိုလေး ပြင်ပေးလိုက်ခြင်းကြောင့် တိုင်းပြည်ဟာ ကြီးကြီးကျယ်ကျယ် နစ်နာသွားစရာ အကြောင်းလည်း မရှိပါဘူး။”

လွှတ်တော်တွင်းမှာ အများစုရှိတဲ့သူတွေရဲ့ ဆုံးဖြတ်ချက်ကိုသာ လိုက်နာခဲ့ရတာမို့ အနည်းစုတွေဘက်က တင်ပြချက်တွေဟာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေအနေတွေမှာ သက်ရောက်မှုမရှိတာကို တေ့ွရတယ်လို့ ဦးခိုင်မောင်ရည် က ဆိုပါတယ်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ကော်မတီဝင်တွေ ပါဝင်တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲကနေ ရလာတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြီးခဲ့တဲ့လတုန်းက အမျိုးသားလွှတ်တော်မှာ အတည်ပြုခဲ့ရာမှာလည်း ပညာရေးအသုံးစရိတ်ကို ၂၀ ရာခိုင်နှုံးအထိ တိုးမြှင့်ပေးဖို့ အပါအဝင် တချို့အချက်အလက်တွေကို လက်မခံဘဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG