သုံးရလွယ်ကူစေသည့် Link များ

အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်လို့ ၄ ပွင့်ဆိုင် ဆွေးနွေးမှုတွေကို ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ နောက်ပိုင်းမှ တွေ့ဆုံတော့မှာဖြစ်တဲ့အကြောင်း အစိုးရက တဖက်သတ် ရက်ရွှေ့ဆိုင်းလိုက်ပြီးတဲ့နောက်မှာတော့ ရပ်နားထားတဲ့ ကျောင်းသား သပိတ် စစ်ကြောင်းကို ပြန်လည် စတင်တော့မယ်လို့ ကျောင်းသားခေါင်းဆောင်တွေ က ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်နေတဲ့ ကျောင်းသား လှုပ်ရှားမှုတွေဖြစ်အပြီး ၄ ပွင့်ဆိုင် ဆွေးနွေးဖို့အတွက် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ခဲ့တာပါ။ အဲဒီနေ့မှာပဲ ကြိုတင်စည်းကမ်းချက် ၉ ချက်ကို အချေအတင် ဆွေးနွေးခဲ့ရပြီးတဲ့နောက် နေပြည်တော်မှာ ဆက်လုပ်ဖို့အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့ကို အစိုးရဘက်က ပြန်လည် ချိန်းဆိုခဲ့ပါတယ်။

ဒီနေ့မှာတော့ အစိုးရဘက်က အချက် ၃ ချက်ကိုပြောဆိုပြီး ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းလိုက်တဲ့အတွက် တိုင်းနဲ့ပြည်နယ်တချို့မှာ ရပ်နားထားတဲ့ ချီတက်သပိတ်မှောက်မှုတွေကို ပြန်လည် စတင်တော့မှာဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီရဲ့  ခေါင်းဆောင် မဖြိုးဖြိုးအောင်က ဆိုပါတယ်။

“သပိတ်စစ်ကြောင်းတွေကို ကျမတို့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားမပြုဘူးဆိုတာနဲ့ ပတ်သက်ပြီးတော့ ကျမတို့အနေနဲ့ တကယ် ကိုယ်စားပြု - မပြု၊ ကိုယ်စားပြုမှု ရှိ - မရှိကို ကျမတို့ သပိတ်စစ်ကြောင်းတွေ ပြန်လည် စတင်ခြင်း ပုံစံမျိုးနဲ့ ကျမတို့ဘက်က သက်သေပြမှာဖြစ်ပါတယ်။ ကျမတို့ဒေသအသီးသီးမှာရှိတဲ့ သပိတ်စစ်ကြောင်းတွေက ပြန်လည်ပြီးတော့ တစ်လအတွင်း လှုပ်ရှားပြီးတော့ ချီတက်သပိတ်ကို ဆင်နွှဲပြီးတော့ ရန်ကုန်မြို့မှာ အားလုံး ပြန်လည် စုစည်းခြင်းအားဖြင့် ကျမတို့ရဲ့ ကိုယ်စားပြုမှုကို ထုတ်ဖော်မှာဖြစ်ပါတယ်ရှင့်။”

ဒီလိုရွှေ့ဆိုင်းမှုနဲ့ပတ်သက်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ရာမှာတော့ ဆွေးနွေးတဲ့အဖွဲ့အစည်းတွေကြားမှာ ကြိုတင်ညှိနှိုင်းတဲ့ သဘောတူညီချက်ရမှသာ အောင်မြင်တဲ့ ဆွေးနွေးပွဲတွေ ကျင်းပနိုင်မှာဖြစ်လို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့နောက်ပိုင်းကို ရွှေ့ဆိုင်းထားတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ သမ္မတရုံးက တာဝန်ရှိသူတဦးကို မေးတဲ့အခါ တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ အစိုးရဘက်က အချက် ၃ ချက်ဆွေးနွေးပြီး ရက်ရွှေ့ဆိုင်းမှုလုပ်ခဲ့ကြောင်း မဖြိုးဖြိုးအောင် က ဆက်ပြောသွားပါတယ်။

“ဆရာ ဒေါက်တာသိန်းလွင်နဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လိုက်တဲ့ NLD ရဲ့ ကြေညာချက်တခုရှိတယ်။ အဲ့ဒီကြေညာချက်အပေါ်မှာ ဦးအောင်မင်းပြောတာကတော့ ဒီကြေညာချက်ကြောင့်ပေါ့နော် NNER မှာ ဆရာရဲ့ခေါင်းဆောင်မှုက တကယ် ခေါင်းဆောင်မှုရော ရှိရဲ့လားပေါ့။ NNER မှာ တကယ်ခေါင်းဆောင်မှုက ဘယ်သူရှိမလဲပေါ့။ သူတို့ကို တိကျတဲ့ အနေအထား၊ တိကျတဲ့အဖြေမျိုး ပေးဖို့ ပြောတယ်။ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် စစ်ကြောင်းတွေကို လက်ရှိ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ကိုယ်စားပြုမှု မရှိဘူးလို့ သတင်းတွေက ထွက်နေတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီဟာကို တကယ်ကိုယ်စားပြုမှု ရှိရဲ့လားဆိုတဲ့ အနေအထားမျိုး အစိုးရဘက်က မေးခွန်းထုတ်လာတယ်။ ဒီရက်ပိုင်းမှာပေါ့နော် သူတို့ အင်မတန်မှ အလုပ်များနေတဲ့အတွက်ကြောင့်မို့ ၁၂ ရက်နေ့ နောက်ပိုင်းမှသာလျှင် ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ သူတို့ဘက်က တဖက်သတ် ရက်ရွှေ့ဆိုင်းခဲ့တယ်။ ဒီကိစ္စ ၃ ခုစလုံးကလည်း သမ္မတဆီက တိုက်ရိုက်လာတယ်လို့ ကျမတို့ သိရတယ်။”

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက် NNER က ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါက်တာသိန်းလွင်ကတော့ မြန်မာပြည်ရဲ့  ပညာရေး ပြုပြင်ပြောင်းလဲမှုကိစ္စဖြစ်လို့ ကျောင်းသားလှုပ်ရှားမှုကို ဆက်လက်အားပေးပြီး စုပေါင်းခေါင်းဆောင်မှုအဖြစ် NNER ရဲ့ ကိုယ်စားလှယ်အဖြစ် ဆက်လုပ်သွားမှာဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး ပညာရေးဝန်ကြီးဌာနရှေ့မှာပဲ ကျောင်းသားတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ မန္တလေးမြို့ကနေ ခရီးရှည်ချီတက်မှု စတင်ခဲ့တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းကတော့ မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ တောင်သာ၊ ချောက်၊ ရေနံချောင်းကနေ မကွေးမြို့ကို ရောက်ရှိနေပြီး လူထုတွေရဲ့ အကာကွယ်ပေးမှု ထောက်ခံမှုတွေ ရရှိနေတယ်လို့ ဗကသ ဥက္ကဌ ကိုကျော်ကိုကို က ပြောပါတယ်။

“တောင်သာလို အခက်အခဲကြုံရတဲ့ နေရာမှာတောင် ပြည်သူတွေ ကယ်တင်ခဲ့တာဗျ ကျနော်တို့ကို။ အဲတော့ ဒီမှာရောက်လာတော့ မကွေးမြို့ထဲဝင်လာတဲ့အခါမှာလည်း ကျောင်းပေါင်းစုံက ကျောင်းသားတွေ အကုန်ထွက်လာတယ်။ ဆေးတက္ကသိုလ်တို့ အစရှိသဖြင့် ကျောင်းသားတွေ ၀င်ရောက် ပူးပေါင်းလာတယ်။ ဒါအောင်မြင်တဲ့ အခြေအနေတခု ဖြစ်တယ်။ မြို့ခံတွေရဲ့ အားပေးမှုကလည်း ကောင်းလာတယ်။ ပြီးတော့ မြို့ခံတွေရဲ့ သဘောက ကျောင်းသားတွေဘက်က အသေခံပြီး ကာကွယ်ပေးမယ်ဆိုတဲ့ ကတိစကားတွေလည်း ကြားရတယ်။”

နေပြည်တော်မှာ ဆွေးနွေးပွဲတက်ဖို့လာတဲ့ ကျောင်းသားတွေနဲ့ NNER ကိုယ်စားလှယ်အဖွဲ့တွေ တည်းခိုမယ့်နေရာတွေ အားလုံးကို မငှားရမ်းဖို့ အာဏာပိုင်တွေက ဖိအားပေးထားတဲ့အတွက် လမ်းပေါ်မှာပဲ ညအိပ်ခဲ့ရကြောင်း ကျောင်းသားတွေက ဆိုပါတယ်။ ဒီနေ့နေ့လည် ဆွေးနွေးပွဲ ရပ်နားလိုက်တဲ့အတွက် ထမင်းဝင်စားမယ့် ဘုန်းကြီးကျောင်းကိုလည်း ရဲကားတွေက စောင့်ပြီးပိတ်ဆို့ထားကြောင်း ဒီအတွက် ဗုပ္ဗသီရိမြို့နယ်က NLD တွေ စီစဉ်ပေးတဲ့ အိမ်မှာပဲ ထမင်းစားခဲ့ရကြောင်း အဲဒီအိမ်ကိုလည်း ရဲတွေ လာဝိုင်းခဲ့ကြောင်း ဒီနောက် အပြန်လမ်းမှာတော့ NNER အဖွဲ့က ကားနဲ့ မကွေးမှာရောက်နေတဲ့ ပင်မ သပိတ်စစ်ကြောင်းဆီကိုသွားမယ့် ကားတွေရဲ့နောက်ကိုလည်း ရဲကား ၃ စီးက လိုက်နေကြောင်း ကျောင်းသားတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်းတွေမှာတော့ ရပ်နားထားတဲ့ ကျောင်းသားသပိတ်အားလုံး ရန်ကုန်ကို ဆက်လက်ချီတက်မယ်လို့ ကျောင်းသားခေါင်းဆောင်တွေကဆိုခဲ့ပြီး ဒီနေ့မှာတော့ ဧရာဝတီတိုင်းဘက်က သပိတ်စစ်ကြောင်းဟာ ရန်ကုန်မြို့ကို စတင်ချီတက်လာနေပြီ ဖြစ်ပါတယ်။

XS
SM
MD
LG