အမေရိကန်ပြည်ထောင်စုမှာ ကြက်ဥဈေး စံချိန်တင်မြင့်တက်နေတဲ့အတွက် စားသုံးသူအခွင့်အရေး ကာကွယ်သူတွေ၊ ဒီမိုကရက်လွှတ်တော်မတ်တွေနဲ့ ပြည်ထောင်စု ကုန်သွယ်ရေးကော်မရှင်အဖွဲဝင်တွေက စုံစမ်းဖြေရှင်းဖို့ အစိုးရကို တိုက်တွန်းနေကြပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါကြောင့်လို့ ကြက်ဥလုပ်ငန်းလုပ်ကိုင်သူတွေက ပြောဆိုပေမယ့်လည်း၊ သုံးသပ်သူတွေကတော့ ကုမ္ပဏီကြီးတွေက အခွင့်ကောင်းယူ အမြတ်ထုတ်နေကြတယ်လို့ ယုံကြည်ပါတယ်။ ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလအတွင်း ကြက်ဥဈေး တဒါဇင်ကို ပျမ်းမျှ ၄.၉၅ ဒေါ်လာ၊ ၅ ဒေါ်လာနီးပါးအထိ ဈေးတက်နေပါတယ်။
သမ္မတဒေါ်နယ်ထရန့်အစိုးရကတော့ ဒီရက်သတ္တပတ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါကို နှိမ်နင်းဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ကြက်ဥဈေး ဘယ်လောက်အထိကျအောင် လုပ်နိုင်မလဲဆိုတာ မသိနိုင်သေးပါဘူး။ အခု ၂၀၂၅ နှစ်အတွင်း ကြက်ဥဈေး ၄၀% အထိ တက်နိုင်တယ် အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ သမ္မတဒေါ်နယ်ထရန့်အနေနဲ့ သူသမ္မတဖြစ်ဖြစ်ခြင်း ကုန်ဈေးနှုန်းတွေကျအောင် အရင်ဆုံးလုပ်မယ်လို့ ကတိပေးထား ပေမယ့်လည်း အခုအခါ ကြက်ဥဈေးတွေ ထိန်းမနိုင်သိမ်းမရ တက်နေပြီလို့ ဒီမိုကရက် အထက်လွှတ်တော်အမတ် Elizabeth Warren က သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။ ဒါ့အပြင် ကြက်ငှက်တုပ်ကွေရောဂါထိန်းချုပ်ရေးကို ဆောင်ရွက်နေတဲ့ဝန်ထမ်းတွေကိုလည်း အလုပ်ဖြုတ်ပစ်တယ်လို့ သူကဝေဖန်ထားပါတယ်။
ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ဥစားကြက်အကောင်ရေ သန်း ၃၀ ကို သုတ်သင်ခဲ့ရပြီး စုစုပေါင်း ကြက်အကောင်ရေ ၁၆၆ သန်းကို သုတ်သင်ခဲ့ရတယ်ပါတယ်၊ ဒါကြောင့် ကြက်ဥထုတ်လုပ်မှု ကျဆင်းခဲ့ရတယ်လို့ ကြက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ လက်ရှိမူဝါဒအရလည်း ကြက်ခြံတခြံမှာ ကြက်ငှက်တုပ်ကွေးရောဂါတွေ့ရှိရင်၊ အနီးအနားက ကြက်ခြံတွေကိုပါ သုတ်သင်ရတာဖြစ်တဲ့အတွက် ကြက်ကောင်ရေတွေ လျော့ကျပြီး ကြက်ဥရောင်းလိုအား ကျဆင်းရတာလို့ ပြောဆိုထားပါတယ်။
Forum