သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ပြည်နယ်သုံးခုမှာ အရေးပေါ်အခြေအနေကြေညာ


အီဂျစ်ဆန္ဒပြသူတွေနဲ့ အဓိကရုန်းရဲတွေကြား ထိပ်တိုက်ရင်ဆိုင် တွေ့နေစဉ်။ (ဇန်နဝါရီလ ၂၆၊ ၂၀၁၃)။
အီဂျစ်ဆန္ဒပြသူတွေနဲ့ အဓိကရုန်းရဲတွေကြား ထိပ်တိုက်ရင်ဆိုင် တွေ့နေစဉ်။ (ဇန်နဝါရီလ ၂၆၊ ၂၀၁၃)။
အီဂျစ်နိုင်ငံသမ္မတ မိုဟာမက်မော်စီဟာ အစိုးရဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်နေတဲ့ ပြည်နယ် သုံးခုကို ရက် ၃၀ ကြာ အရေးပေါ် အခြေအနေ ကြေညာလိုက်ပါတယ်။ အဲဒီဒေသမှာ အဓိကရုန်းတွေကြောင့် ပြီးခဲ့တဲ့ရက်တွေအတွင်း လူ ၅၀ လောက် သေဆုံးခဲ့ရပါတယ်။ တနင်္ဂနွေနေ့နှောင်းပိုင်း သမ္မတမော်စီရဲ့ ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာတော့ အာဏာပိုင်တွေအနေနဲ့ အရေးပေါ်ဆောင်ရွက်စရာတွေကို စတင် ဆောင်ရွက်သွားမှာဖြစ်ပြီး Port Sai၊ Ismailia နဲ့ Suez မြို့တွေမှာ တနင်္ဂနွေနေ့ကစလို ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပြီလို့ ပြောပါတယ်။ ပြဿနာတွေ ကို ဖြေရှင်းဖို့ အမျိုးသားဆွေးနွေး ညှိနှိုင်းမှုတရပ်လုပ်ဖို့ ပြောပြီး၊ ဒီအတွက် တနင်္ဂလာနေ့ ဆွေးနွေးပွဲမှာ အတိုက်အခံအုပ်စုတွေ နိုင်ငံရေးသမားတွေကိုပါ သမ္မတမော်စီက ဖိတ်ခေါ်ပါတယ်။

အီဂျစ်နိုင်ငံ မြောက်ပိုင်း Port Said မြို့မှာ ဒုတိယနေ့ဆက်ပြီး အဓိကရုန်းတွေ ဖြစ်တာကြောင့် လူ သုံးဦးသေဆုံးပြီး အနည်းဆုံး ၄၀၀ ကျော် ထိခိုက်ဒဏ်ရာ ရမှုရှိခဲ့တယ်လို့ အီဂျစ် အရေးပေါ်ဆေးကုသရေး အဖွဲ့က ပြောပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား လမ်းပေါ် အထိကရုန်းတွေကြောင့် တမြန်နေ့တုန်းက လူပေါင်း အနည်းဆုံး ၃၃ ဦး သေဆုံးခဲ့ပြီး၊ အဲဒီ သေဆုံးသူတွေကို ဈာပနပွဲကို မနေ့က မြို့ခံ ထောင်နဲ့ချီ တက်ရောက်ပါတယ်။ အဲဒီ ဈာပနကနေပဲ တနင်္ဂနွေနေ့ မငြိမ်သက်မှုတွေ ဆက်ဖြစ်ခဲ့တာပါ။ ဈာပနပွဲတခုမှာ လူအုပ်ကြားထဲက သေနတ်သံတွေ ထွက်လာပြီး လူတွေ ကြောက်လန့်တကြား ထွက်ပြေးရာကနေ မငြိမ်သက်မှုတွေဖြစ်ခဲ့တာပါ။ အဲဒီမှာ ရဲက မျက်ရည်ယိုဗုံးသုံးပြီး လူစုခွဲရပါတယ်။

တလောက ဘောလုံးပွဲအဓိကရုန်းမှာ ပတ်သက်တဲ့ လူ ၂၁ ဦးကို သေဒဏ်အမိန့် ကိုင်ရိုတရားရုံးက ချမှတ်လိုက်တဲ့အပေါ် Port Said မြို့ခံတွေ မကျေမနပ် ဖြစ်ရာကနေ အခုလို အဓိကရုန်းတွေ ဖြစ်ခဲ့တာပါ။ ၂၀၁၂ ခုနှစ် ဖေဖဝါရီလတုန်းက Port Said က ဘောလုံးပွဲတခုမှာ အဓိကရုန်းဖြစ်ပြီး အဲဒီမှာ လူပေါင်း ၇၄ သေဆုံးသွားတာနဲ့ ဆက်နွယ်ပြီး၊ ပြစ်ဒဏ်ချမှတ်တဲ့ အမှု ဖြစ်ပါတယ်။ အများစုဟာ အဲဒီပွဲမှာ အိမ်ရှင် Port Said မြို့အသင်းကို ထောက်ခံသူတွေ ဖြစ်ကြ ပါတယ်။ သေဆုံးခဲ့သူ အတော်များများကတော့ တဘက်အသင်းဖြစ်တဲ့ ကိုင်ရိုမြို့ အသင်း ဖြစ်ပါတယ်။

စနေနေ့တုန်းက အဓိကရုန်းမှာတော့ ဆန္ဒပြသူတွေဟာ ရဲစခန်းအတော်များများကို ဝင်ရောက် စီးနင်းခဲ့သလို၊ သေဒဏ်ချမှတ်ခံရတဲ့ တရားခံ ၂၁ ဦး ဖမ်းဆီးထားရာ ထောင်ကို ဖောက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အီဂျစ်စစ်တပ်က တပ်ဖွဲ့တွေဟာ အစိုးရ အဆောက်အဦးတွေကို လုံခြုံရေးယူပြီး တည်ငြိမ်မှုရလာအောင် ကြိုးပမ်းခဲ့ကြပါတယ်။
XS
SM
MD
LG