အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော် တဟီရီရင်ပြင်မှာ ထောင်နဲ့ချီတဲ့အီဂျစ်ဆန္ဒပြသူတွေက ပြုပြင်ပြောင်းလဲရေး အမြန်လုပ်ဆောင်ပေးဖို့ တောင်းဆိုနေကြစဉ်မှာ အစ္စလာမ်ဝါဒီတွေက အီဂျစ်နိုင်ငံမှာ ရှာရီယားဥပဒေ ထွန်းကားရေး စည်းရုံးလှုံ့ဆော်နေကြပါတယ်။ အစိုးရသစ်ဖွဲ့တဲ့နေရာမှာ သူတို့အသံတွေကြားနိုင်အောင်လို့ အစ္စလာမ်နိုင်ငံရေးအုပ်စုတွေက သူတို့လူတွေကို သယ်ယူပို့ဆောင်ရေးတွေ အကူအညီတွေပေးဖို့ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
အဲဒီအုပ်စုတွေဟာ အီဂျစ်တော်လှန်ရေးအတွင်း အဓိကကျတဲ့ကဏ္ဍက မပါဝင်ခဲ့ကြပါဘူး။ အစ္စလာမ်အုပ်စု ခေါင်းဆောင်ဖြစ်တဲ့ အစ္စလာမ်ညီနောင်များအုပ်စုကတော့ မဟာမိတ်ပါတီတွေနဲ့ ပူးပေါင်းပြီးတော့ မဲအများစုရယူမယ်လို့ ပြောပါတယ်။
ဘာသာရေးအဖွဲ့မဟုတ်တဲ့ နိုင်ငံရေးပါတီတွေကလည်း အချင်းချင်း ညွှန်ပေါင်းဖွဲ့ပြီး အစ္စလာမ်အုပ်စုများနဲ့ ယှဉ်ပြိုင်ကြမယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအမြင်မတူကြတာကို အပထားပြီးတော့ သောကြာနေ့လှုပ်ရှားမှုကို ညီညွတ်ရေးအဖြစ် ပြသကြဖို့ စည်းရုံးသူတွေလည်း ရှိပါတယ်။
အုပ်စုတချို့ကတော့ အားလုံး သဘောတူထားကြတဲ့ စစ်တပ်က အရပ်သားတွေကို အရေးယူနေမှုတွေ ရပ်ဆိုင်းပြီး သမ္မတဟောင်း ဟိုစနီမူဘာရက်ရဲ့ အရာရှိတွေကို အပြစ်ပေးရေးကိစ္စတွေကို ဆက်လက် လုပ်ဆောင်ဖို့ တောင်းဆိုနေကြပါတယ်။ သမ္မတ မူဘာရက်ကို အကျင့်ပျက်မှုများနဲ့ အစိုးရဆန့်ကျင်သူတွေကို ပစ်သတ်ဖို့ ရဲတွေကို အမိန့်ပေးခဲ့မှုတွေအတွက် တရားရုံးမှာ စစ်ဆေးတော့မယ်လို့ အီဂျစ်အာဏာပိုင်ရဲ့ ကြေညာအပြီး နောက်တရက်မှာ အခုလို ဆန္ဒပြပွဲကြီးတရပ် ဖြစ်ပေါ်လာပြန်တာ ဖြစ်ပါတယ်။