သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်သမ္မတသစ် စစ်ခေါင်းဆောင်နှစ်ဦးကို ဖယ်ရှား


အီဂျစ် သမ္မတသစ် Mohamed Morsi ဟာ အီဂျစ်နိုင်ငံရဲ့ ထိပ်ဆုံး စစ်ခေါင်းဆောင်နှစ်ဦးကို ရာထူးကနေ ဖယ်ရှားလိုက်ပါပြီ။ ကာကွယ်ရေးဝန်ကြီး Mohammed Hussein Tantawi နဲ့ အီဂျစ်စစ်တပ်ဦးစီးချုပ် Sami Annan တို့ကို ရာထူးကနေ အငြိမ်းစားပေးလိုက်ပြီဆိုပြီး ကြေညာသွားတာပါ။

စစ်သွေးကြွတွေကနေ အီဂျစ်စစ်သား ၁၇ ဦးကို မကြာခင်က သတ်ဖြတ်မှုဖြစ်ပြီးနောက်၊ မြောက်ပိုင်း Sinai နယ်မြေ စစ်ဆင်ရေးတွေအပေါ် တင်းမာမှုဖြစ်နေချိန်မှာ စစ်တပ်အတွင်း အခုလို အပြောင်းအလဲတွေ ရှိလာတာဖြစ်တယ်လို့ ဗွီအိုအေ သတင်းထောက် Edward Yeranian က ကိုင်ရိုမြို့ကနေ သတင်းရေးသားပေးပို့ပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ဆက်ပေးပါမယ်။

အခုလို ကာကွယ်ရေးဝန်ကြီး Tantawi နဲ့ စစ်ဦးစီးချုပ် Annan တို့ကို သမ္မတ မော်စီက ရာထူးကဖယ်ရှားလိုက်တဲ့ သတင်းဟာအီဂျစ်လူမျိုး အများစု ရာမဒန်ဥပုသ်လ သီလစောင့်နေကြတဲ့ ငြိမ်သက် အေးချမ်းနေတဲ့ နွေရာသီကာလကို လှုပ်ခတ်သွားစေတယ်လို့ ဆိုရမှာပါ။

ဒီ စစ်ဖက် ထိပ်တန်းခေါင်းဆောင်နှစ်ဦးကို အစားထိုးလိုက်တဲ့ သတင်းကိုတော့ သမ္မတ ပြောခွင့်ရသူ Yasser Ali က နိုင်ငံတော် ရုပ်သံကနေ ကြေညာသွားတာပါ။ ဒါ့အပြင် စစ်တပ်မှုးတွေကို လုပ်ပိုင်ခွင့်အာဏာပေးထားတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ချက်တွေကိုလည်း သမ္မတ မော်စီက ပယ်ဖျက်လိုက်တယ်လို့ ကြေညာသွားပါတယ်။

ဒု သမ္မတအဖြစ်နဲ့ Mohmoud Mekki ကို သမ္မတက အမည်စာရင်း တင်သွင်းလိုက်ပြီးတော့၊ ကာကွယ်ရေးဝန်ကြီး Mohammed Hussein Tantawi ၊ စစ်ဦးစီးချုပ် Sami Annan တို့ ရာထူးကနေ အနားယူဖို့ သမတက အမိန့်ပေးလိုက်ပြီလို့ သမတမော်စီ ပြောခွင့်ရသူက အာရပ်ဘာသာစကားနဲ့ ပြောသွားတာပါ။

ပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးသစ်ဖြစ်လာတဲ့ Abdel Fattah al Sissi ကျမ်းသစ္စာဆိုပွဲမှာ သမ္မတ မော်စီလည်း တတ်ရောက်နေတာကို အစိုးရပိုင် ရုပ်မြင်သံကြားမှာ ဖော်ပြသွားပါတယ်။
တိုင်းပြည်နဲ့ သမ္မတ စံနစ်ကို ကာကွယ်သွားမယ်၊ ဖွဲ့စည်းပုံနဲ့ ဥပဒေတွေ လေးစားလိုက်နာပါ့မယ်၊ ပြည်သူအကျိုးစီးပွားနဲ့ တိုင်းပြည်နယ်စပ်မျဉ်းတွေကို ကာကွယ်စောင့်ရှောက်သွားပါ့မယ်ဆိုပြီး ကာကွယ်ရေးဝန်ကြီးသစ်က ကျမ်းကျိန် သစ္စာဆိုသွားပါတယ်။

အခုလို သမ္မတ ဆုံးဖြတ်ချက်ကြောင့် ဖွဲ့စည်းပုံဆိုင်ရာ အကြပ်အတည် ဖြစ်နိုင်ချေရှိ မရှိဆိုတာတော့ အခုအချိန်အထိ မရှင်းသေးပါဘူး။ အခု သမတ ရွေးကောက်ပွဲမလုပ်ခင်ကပဲ၊ ဗိုလ်ချုပ်မှုးကြီး Tantawi နဲ့ ဗဟိုစစ်ကောင်စီက ထိပ်တန်းဗိုလ်ချုပ်တွေဟာ ဖွဲ့စည်းပုံထဲမှာ သူတို့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ကို ချဲယူထားခဲ့တာပါ။ အချို့ကတော့ ဒါဟာ စစ်တပ်နဲ့ အစိုးရအကြား အာဏာချိန်ခွင်မျှဖြစ်တယ်ဆိုပြီး သုံးသပ်သူတွေလည်း ရှိပါတယ်။

သမ္မတသစ် မော်စီနဲ့ အီဂျစ်စစ်ကောင်စီက ထိပ်တန်းဗိုလ်ချုပ်တွေအကြား တင်းမာမှုတွေရှိနေချိန်မှာ သမ္မတ က အခု လုပ်ရပ်မျိုး လုပ်မယ်လို့ အများက မထင်မှတ်ထားပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တင်းမာမှုဖြစ်နေတဲ့ Sinai ဒေသကို သမတသစ်နဲ့ ကာကွယ်ရေးဝန်ကြီး Tantawi တို့ သွားရောက်စဉ်၊ မှတ်တမ်းသတင်း ဓါတ်ပုံတွေမှာ နှစ်ဦးစလုံး မပြုံးမရွှင်ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီ ဒေသမှာတော့ အစ္စလာမ် စစ်သွေးကြွတွေကို အစိုးရစစ်တပ်က စစ်ဆင်ရေးလုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။

သမ္မတ မော်စီရဲ့ လွတ်မြောက်ရေးနဲ့ တရားမျှတမှုပါတီ အကြီးအကဲ Essam Elarian ကတော့ အီဂျစ်ပြည်သူတွေဟာ နှစ်ပေါင်း ၆၀ကျော်ကြာအောင် မျှတတဲ့ ဒီမိုကရေစီစနစ်ကို အိပ်မက် မက်ခဲ့ရတာပါလို့ပြောပါတယ်။ အီဂျစ်နိုင်ငံမှာ ၁၉၅၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်၊ အီဂျစ်ခေါင်းဆောင်တိုင်းဟာ စစ်တပ်အနွယ်တွေဖြစ်ခဲ့တာပါ။ အခု သမ္မတမော်စီလက်ထက်ကျမှ လွတ်ကင်းလာတယ်လို့ ပြောနိုင်ပါတယ်။

သမ္မတဟောင်း ဟောစနီ မူဘာရက်ဟာ သူ သမတဖြစ်စဉ် ၁၉၉၁ ခုနှစ်မှာ Tantawi ကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။ Tantawi ကို မူဘာရက်ရဲ့ လက်သပ်မွေးထားသူဖြစ်တယ်ဆိုပြီး အရင်ပေါက်ကြားခဲ့တဲ့ Wikileaks မှတ်တမ်းတွေမှာ အရင် အီဂျစ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးတဦးက မှတ်ချက်ပေး ဖော်ပြခဲ့ဖူးပါတယ်။

အခုလို ထိပ်တန်းစစ်ခေါင်းဆောင်နှစ်ဦးကို ရာထူးက အနားပေးလိုက်တဲ့ သမ္မတသစ် ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ အီဂျစ်စစ်တပ်က ဘယ်လို တုန့်ပြန်လိမ့်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပါ။ ဒါမှမဟုတ် အီဂျစ်ရဲ့ အမြင့်ဆုံး တရားရေးပိုင်းကရော သမတရဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်လည် ပြင်ဆင်ဖို့ ကြိုးပမ်းဦးမလားဆိုတာလည်း စောင့်ကြည့်ရမှာဖြစ်ပါတယ်။
XS
SM
MD
LG