တနင်္ဂနွေနေ့တုန်းက ကိုင်ရိုမြို့မှာ အီဂျစ်လုံခြုံရေး တပ်ဖွဲ့တွေနဲ့ လမ်းပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး သေဆုံးသွားသူ ခရစ်ယာန်ဘာသာဝင် ဆန္ဒပြသူတွေရဲ့ ဈာပန ကျင်းပရာကို ထောင်နဲ့ချီတဲ့ အီဂျစ် Coptic ခရစ်ယာန် ဘာသာဝင်တွေ တတ်ရောက်ခဲ့ကြပါတယ်။
သေဆုံးကြသူတွေအတွက် ဝမ်းနည်း ဆုတောင်းမှုကို တနင်္လာနေ့မှာ ကိုင်ရိုမြို့က Abbasiya ခရစ်ယာန် ဘုရားကျောင်းမှာ ပြုလုပ်ပါတယ်။ ဦးဆောင်ကျင်းပသူ Orthodox Coptic ရဟန်းမင်းကြီး Shenouda က ငြိမ်းငြိမ်းချမ်းချမ်း အခြေအနေတွေ ပြန်ရောက်လာဖို့အတွက် သုံးရက်ကြာ ဥပုသ်သီလ စောင့်တည်ကြဖို့ ခရစ်ယာန်ဘာသာဝင်တွေကို တိုက်တွန်းသွားပါတယ်။
Coptic ဘုရားကျောင်းရဲ့ ထုတ်ပြန်ချက်မှာတော့ သူတို့လူနည်းစု အသိုင်းအဝိုင်းဟာ မကြာမကြာဆိုသလိုပဲ အခုလို ပြဿနာမျိုးတွေ ရင်ဆိုင်ခံစားရပြီး နောက်ပိုင်းမှာလည်း ဒီလို ကျူးလွန်သူတွေဟာ အပြစ်ပေးမခံရဘဲ ပြဿနာ အဆုံးသတ်သွားလေ့ရှိကြောင်း ဖော်ပြပါတယ်။
တနင်္ဂနွေနေ့မှာဖြစ်ခဲ့တဲ့ အရေးအခင်းအတွင်း အနည်းဆုံး လူ ၂၅ ဦး သေဆုံးပြီး အများစုက Coptic ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။ အီဂျစ်အစိုးရပိုင် ရုပ်မြင်သံကြားဌာနကို ခရစ်ယာန် တစ်ထောင်ကျော် ချီတက် ဆန္ဒပြရာကနေ အခုလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ အီဂျစ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့ အစ္စလာမ် အစွန်းရောက်တွေက ခရစ်ယာန်ဘုရားကျောင်း တစ်ကျောင်းကို ဝင်ရောက် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ခရစ်ယာန်တွေက ဆန္ဒပြကြတာပါ။
အဲဒီ ရုပ်သံအဆောက်အဦးကို လုံခြုံရေးယူထားတဲ့ ရဲတွေ၊ စစ်သားတွေနဲ့ ဆန္ဒပြသူတွေကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ သံချပ်ကာ ကားတွေနဲ့ ဆန္ဒပြသူတွေကို အတင်းဝင်ရောက် တိုက်တာကြောင့် သေဆုံးမှုတွေ ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ ဆန္ဒပြသူအချို့က အဲဒီ လုံခြုံရေး တပ်ဖွဲ့တွေကို ခဲတွေ၊ ဂတ်စ်ဗုံးတွေနဲ့ ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။
သေဆုံးသူ အများစုကတော့ သေနက်ဒဏ်ရာတွေနဲ့ဖြစ်ကြပါတယ်။ အနည်းဆုံး စစ်သား သုံးဦးလည်း သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူတွေကတော့ ရာနဲ့ချီ ရှိပါတယ်။ အီဂျစ်နိုင်ငံ စစ်ကောင်စီကတော့ ဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆိုထားပါတယ်။