အီဂျစ်နိုင်ငံမှာ ရဲတပ်ဖွဲ့နဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေအကြား သုံးရက်ဆက်တိုက် ရုန်းရင်းဆန်ခတ် ဖြစ်တာတွေကြောင့် တနိုင်ငံလုံးမှာ သေဆုံးရသူ ၂၂ ယောက်ထက်မနည်း ရှိသွားပြီလို့ အီဂျစ် ရင်ခွဲရုံ တာဝန်ရှိသူတွေကပြောပါတယ်။ အစောပိုင်းတုန်းကတော့ လူ ၃၃ ယောက်ထက်မနည်း သေဆုံးရပြီးပြီလို့ တာဝန်ရှိသူတစ်ဦးက ပြောခဲ့တာပါ။ ဒါပေမဲ့လည်း သေဆုံးသူ ၁၁ ယောက်ဟာ နိုင်ငံရေးအကြမ်းဖက်မှုတွေနဲ့ မပတ်သက်ဘူးဆိုတာ သိရပြီးတဲ့နောက် ၂၂ ယောက်ထက်မနည်း သေဆုံးရပြီးပြီ ဆိုပြီး ပြန်ပြင်ပြောခဲ့တာပါ။
တနိုင်ငံလုံးအနှံ့ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အင်အားသုံးပြီး နှိမ်နင်းဖြိုခွဲနေတာပါ။ ဆန္ဒပြသူတွေဟာ မြို့တော်ရဲ့ဗဟိုချက်နေရာက တဟီရာ (Tahrir) ရင်ပြင်ကို ဆက်ပြီး ထိန်းချုပ်ထားဆဲရှိတယ်လို့ ကိုင်ရိုမြို့တော်မှာရှိတဲ့ ဗွီအိုအေသတင်းထောက်က ဒီကနေ့ တနင်္လာနေ့မှာ ပြောပါတယ်။ အဲဒီမှာ ကျောက်ခဲတွေ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်တိုက်ခိုက်နေတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။
အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနရုံးမှာလည်း ရုန်းရင်းဆန်ခတ်တွေဖြစ်ခဲ့ပါသေးတယ်။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ရန်ကနေ အကာအကွယ်ပေးဖို့ ဝန်ကြီးဌာနက တောင်းခံခဲ့တယ်လို့ စစ်တပ်အရာရှိတစ်ယောက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ရေးပါတယ်။ အရပ်သားအစိုးရလက်ထဲကို အမြန်ဆုံး အာဏာလွှဲပေးဖို့ လက်ရှိအုပ်ချုပ်နေတဲ့ စစ်ဘက်အကြီးအကဲကို ဆန္ဒပြသူတွေက တောင်းဆိုနေကြတာပါ။