အီဂျစ်အစိုးရက အပြောင်းအလဲတချို့လုပ်ပြီး လိုက်လျောပေးနေတဲ့ကြားကပဲ ထောင်ပေါင်းများစွာသော ဆန္ဒပြ ပြည်သူတွေဟာ ကိုင်ရိုမြို့တော်က တဟီရာ ရင်ပြင်မှာစုဝေးပြီး စစ်ကောင်စီအစိုးရ နုတ်ထွက်ပေးဖို့ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။
ခမဲလ်ဂန်ဇူရီ (Kamal Ganzouri) ကို ၀န်ကြီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း စစ်ကောင်စီက ကြေညာပြီး နာရီပိုင်းအကြာမှာပဲ ဆန္ဒပြသူတွေဟာ နဖူးစည်းစာတမ်းတွေ ကိုင်ဆောင်ပြီး လွတ်မြောက်ရေး ဆိုတဲ့ ကြွေးကြော်သံတွေကို ဒီကနေ့ အော်ဟစ်ခဲ့ကြတာပါ။ မစ္စတာ ဂန်ဇူရီဟာ ဖေဖော်ဝါရီလမှာ ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက် (Hosni Mubarak) လက်ထက်မှာ ၀န်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်ဖူးသူလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန် တန်တာဝီ (Hussein Tantawi) နဲ့ တွေ့ဆုံပြီးနောက်ပိုင်း မစ္စတာ ဂန်ဇူရီက အမျိုးသား ကြားဖြတ်အစိုးရကို ဦးဆောင်သွားဖို့ သဘောတူခဲ့တယ် လို့ အစောပိုင်းက အစိုးရပိုင် Al Ahram သတင်းစာမှာ ဖော်ပြထားပါတယ်။
အခုလို ပြောင်းလဲမှုတွေ လုပ်ဆောင်လိုက်တာက ဆန္ဒပြနေသူတွေအပေါ် တစုံတရာ အကျိုးသက်ရောက်မှု မဖြစ်စေခဲ့ပါဘူး။
စစ်ကောင်စီအနေနဲ့ အရပ်သားအစိုးရကို အာဏာလွှဲပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့ လူသန်းနဲ့ချီပြီး ချီတက် ဆန္ဒပြကြဖို့ လှုံ့ဆော်ထားသူတွေက စစ်ကောင်စီအနေနဲ့ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ပြီး ရာထူးက ဆင်းပေးကြဖို့ ဒါဟာ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ ပြောပါတယ်။
အီဂျစ်နိုင်ငံမှာ အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေကြောင့် အနည်းဆုံး လူ ၄၁ ယောက်လောက် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဆန္ဒပြသူတွေအပေါ် အာဏာပိုင်တွေဘက်က အကြမ်းဖက် နှိပ်ကွပ်နေတဲ့အပေါ် ဥရောပသမဂ္ဂက ပြစ်တင် ရှုတ်ချလိုက်ပြီး အရပ်သားအစိုးရကို အာဏာ အမြန်လွှဲပေးဖို့ တောင်းဆို လိုက်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။