အီဂျစ်စစ်တပ်က လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေ လေးစားရေးကို ခေတ္တ ရပ်ဆိုင်းထားလိုက်ပါတယ်။ ဒီ ၂ ချက်ဟာ ၁၈ ရက်ကြာ ဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေ တောင်းဆိုကြတဲ့ အချက် ၂ ချက် ဖြစ်ပါတယ်။
သမ္မတ မူဘာရက်ခ် (Hosni Mubarak) သောကြာနေ့က အာဏာလွှဲလိုက်တဲ့ စစ်တပ်ဟာ စက်တင်ဘာလ ရွေးကောက်ပွဲတွေ ကျင်းပပြီးတဲ့တိုင်အောင် အုပ်ချုပ်မှာ ဖြစ်တယ်လို့ စစ်ခေါင်းဆောင်တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အစိုးရရဲ့ ထိပ်တန်းဦးစားပေး လုပ်ငန်းဟာ လုံခြုံရေးနဲ့ ပုံမှန်ပြန်ဖြစ်ရေး ဖြစ်တယ်လို့ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ် အာမက် ရှဖစ်ခ် (Ahmed Shafiq) က ပြောကြားခဲ့ပြီးနောက် မကြာမီမှာပဲ စစ်တပ်က ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
သောကြာနေ့က မစ္စတာ မူဘာရက်ခ် ထွက်ပေးလိုက်ကတည်းက ဆိုရင် ပထမဆုံးလုပ်တဲ့ တနင်္ဂနွေနေ့က သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ရှဖစ်ခ်က အခုလို ပြောခဲ့တာပါ။
မစ္စတာ မူဘာရက်ခ်ကပဲ မစ္စတာ ရှာဖစ်ခ်ကို ၀န်ကြီးချုပ်အဖြစ် ဆန္ဒပြပွဲတွေဖြစ်တာ ၄ ရက်အကြာ ဇန်န၀ါရီလ ၂၉ ရက်နေ့က ခန့်ခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ရဲ့ အုပ်ချုပ်သူ အသစ်တွေဟာ ကိုင်ရိုမြို့ ပုံမှန်အခြေအနေ ပြန်ရောက်အောင် တနင်္ဂနွေနေ့က ကြိုးစားခဲ့ကြပါတယ်။ တဟီရာ ရင်ပြင်က သပိတ်စခန်းရှိရာကို တပ်တွေ စေလွှတ်ပြီး တဲတွေကို ရှင်း၊ ကားတွေ သွားလာနိုင်အောင် လမ်းတွေကို ပြန်ဖွင့်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။